တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - ဟင်းလျာများထဲမှ တရုတ်နိုင်ငံအကြောင်း လေ့လာခြင်း (အပိုင်း - ၃)
ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်ဟင်းလျာများသည် ကမ္ဘာနှင့်အဝှမ်း ကျော်ကြားပြီး ကမ္ဘာ့ဟင်းလျာတွဲ သုံးတွဲအနက်မှ တစ်တွဲ ဖြစ်ပါသည်။ ဟင်းအမယ်များပြား၍ အရသာ အမျိုးမျိုးရှိကာ ရာသီနှင့်အလိုက် ကိုက်ညီရပြီး အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံပန်းသဏ္ဌာန်တို့နှင့် ပြည့်စုံရပါသည်။ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ စိစစ်မှုရှိခြင်း၊ ဓားကိုင်ပုံ အနုစိတ်ခြင်း၊ မီးအချိန်အဆ တိကျမှုရှိခြင်း စသဖြင့် တရုတ်ဟင်းလျာများ၏ အဆင့်မြင့်မှုနှင့် တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆများကို မဖော်ပြထားသည့် နေရာဟူ၍ မရှိပေ။
ဤအစီအစဉ်သည် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ၊ သုံးမျှင်ဟင်းလျာ၊ တရုတ်မုန်ညင်းဖြူစွပ်ပြုတ်၊ ဆိတ်သားဟော့ပေါ့၊ ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ အစရှိသည့် ဒေသအထင်ကရ တရုတ်ရိုးရာဟင်းလျာများကို ရွေးချယ်တင်ဆက်ထားပါသည်။ တရုတ်ဟင်းလျာများထဲတွင် ပါဝင်သည့် အစားအသောက်ယဉ်ကျေးမှု၊ အချက်အပြုတ်လက်ရာ၊ အမြင်အာရုံခံစားမှု အနုပညာနှင့် ရှည်ကြာသော သမိုင်းကြောင်းများကို တသီတတန်း အသွယ်သွယ် ဖော်ပြနေပြီး အစားအသောက်နောက်ကွယ်မှ သမိုင်းကြောင်းပုံပြင်များ၊ ဒေသအသွင်အပြင်နှင့် တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုထုံးစံများ၊ စားသောက်ပုံအလေ့အထနှင့် အစားအသောက် လက်ဆင့်ကမ်း အမွေဆက်ခံမှု စသဖြင့်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။
သုံးမျှင်ဟင်းလျာ
သုံးမျှင်ဟင်းလျာသည် အလွန်ပင် လက်ဝင်လှသည့် ဟင်းလျာတစ်မျိုး ဖြစ်သည်။ ၎င်းဟင်းလျာကို ချက်ပြုတ်ပြီးစီးရန် အချိန် (၅)နာရီ လိုအပ်ပါသည်။ ဝက်ပေါင်ခြောက်၊ ကြက်ရင်အုံသား၊ ဆောင်းမျှစ် စသည့် လတ်လတ်ဆတ်ဆတ် ကုန်ကြမ်းပစ္စည်း (၃)မျိုးတို့ကို ဦးစွာ အချပ်လိုက် ပါးပါးလှီးပြီးနောက်တွင် အချင်း (၀.၅) မီလီမီတာပင် မပြည့်သည့် အမျှင်လွှာလေးများဖြစ်အောင် လှီးဖြတ်ပါသည်။ ထို့နောက် ပါဝင်ပစ္စည်းများကို အရင်ဆုံး ကျက်အောင် ပြုတ်ထားရပါသည်။ အမျှင်များဖြစ်အောင် လှီးဖြတ်ရခြင်းသည် ပါဝင်ပစ္စည်းများနှင့် ဟင်းရည်တို့၏ ထိတွေ့စပ်ဟပ်မှု မျက်နှာပြင်ဧရိယာကို ကျယ်ပြန့်အောင် ချဲ့ထွင်ရန်အတွက် ဖြစ်သည်။ ချက်ပြုတ်စဉ်တွင် အရသာသုံးမျိုးသည် တစ်ပြိုင်တည်း ပေါ်ထွက်လာပြီး အချင်းချင်း ပေါင်းစပ်သွားပါသည်။ အနုစိတ်လှသည့် ဓားချက်သည် ပါဝင်ပစ္စည်းများအား ပို၍ ထူးခြားလှပသွားစေပါသည်။ အရသာနှင့် အဆင်းသဏ္ဌာန် နှစ်မျိုးလုံးကို အလေးပေးထားသဖြင့် ဤသည်မှာ တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆပင် ဖြစ်ပေသည်။