ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံတွင် အခြေစိုက် လာရောက် ဖွင့်လှစ်ထားသော တရားဝင် ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့အကြား “ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထူထောင်မှုဆိုင်ရာ သဘောတူစာချုပ်” ကို ပေကျင်းမြို့တွင် ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ တရုတ်ယဉ်ကျေးမှုများ ကမ္ဘာသို့လျှောက်လှမ်းခြင်းကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်၊ တရုတ်ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်နိုင်ရန်၊ ယဉ်ကျေးမှုအပေါ် ယုံကြည်ချက်များ ပိုမိုမြင့်မားလာစေရန်၊ ပြင်ပနှင့် ယဉ်ကျေးမှုဖလှယ်ရေး လမ်းကြောင်း၊ ပုံစံနှင့် အဆင့်များ ပြည့်စုံကြွယ်ဝလာစေရန်၊ တရုတ်-မြန်မာယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးများ တိုးမြှင့်စေရန်၊ တရုတ်-မြန်မာ ပြည်သူများအကြား အပြန်အလှန် သိရှိနားလည်ခြင်းနှင့် ချစ်ကြည်ရေးများ ပိုမိုတိုးပွားလာစေရန်နှင့် တရုတ်ယဉ်ကျေးမှု၏ မြန်မာအပေါ် ဆွဲဆောင်နိုင်မှုနှင့် သက်ရောက်မှုတို့ကို ပိုမိုမြှင့်တင်စေရန်တို့ ဖြစ်သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ အလုံမြို့နယ် အချက်အချာကျနေရာတွင် တည်ရှိပြီး ဧရိယာ အကျယ်အဝန်းမှာ ၁၃၄၂ စတုရန်းမီတာခန့်ရှိကာ ပြခန်း၊ multimedia ခန်းမ၊ စာကြည့်တိုက်၊ သင်တန်းများပို့ချရာ စာသင်ခန်း အစရှိသည်တို့ ပါဝင်သည်။ အသေးစားဖျော်ဖြေတင်ဆက်မှု၊ သရုပ်ပြပွဲ၊ သင်တန်းပို့ချခြင်း၊ ဟောပြောပွဲနှင့် နှီးနှောဖလှယ်ပွဲ၊ သတင်းအချက်အလက် ဝန်ဆောင်မှု အစရှိသည့် လှုပ်ရှားမှုများကို ကျင်းပဆောင်ရွက်နိုင်ပြီး တရုတ်ယဉ်ကျေးမှုကို တိုးပွားမြှင့်တင်နိုင်ရန်၊ တရုတ်နှင့်မြန်မာ လူမှုယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်နိုင်ရန်၊ တရုတ်နိုင်ငံ၏ ပုံရိပ်သဏ္ဌာန်ကို ပြသနိုင်ရန်အတွက် ပလက်ဖောင်းအသစ်ဖြစ်ပေသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယဉ်ကျေးမှုပွဲများကို ပုံမှန်ကျင်းပလျက်ရှိကာ တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ဝူရှူး၊ တိုင်းရင်းဆေးပညာ၊ အစားအသောက်သင်တန်းများ အစရှိသည့် သင်တန်းများကို အများပြည်သူတို့အတွက် သင်တန်းပို့ချပေးလျက်ရှိပါသည်။ စင်တာရှိ စာကြည့်တိုက်ကို အများပြည်သူအတွက် ဖွင့်လှစ်ပေးထားပြီး အမျိုးအစားအမျိုးမျိုးသော ပြပွဲများကိုလည်း ပြခန်းတွင် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည်။ Multimedia ခန်းမတွင် တရုတ်ရုပ်ရှင်များကို သတ်မှတ်ချိန်များအတိုင်း ပြသပေးလျက်ရှိပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲများကိုလည်း အချိန်အားလျော်ညီစွာ ကျင်းပလျက်ရှိသည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုများကိုပြသခြင်း၊ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို မိတ်ဆက်ပေးခြင်းတို့မှတစ်ဆင့် မြန်မာပြည်သူများအား တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ နည်းပညာ၊ လူမှုရေးအစရှိသည့် ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ သိရှိလာစေနိုင်သည်။ တစ်ချိန်တည်းမှာပင် တရုတ်ပြည်သူများနှင့် ခရီးသွားဧည့်သည်များအတွက်လည်း မြန်မာနိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုကို သိရှိနားလည်စေနိုင်သော ပလက်ဖောင်းတစ်ခုလည်း ဖြစ်ပေသည်။