ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ၂၀၂၃ ခုနှစ် နွေရာသီသင်တန်းများ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ နွေရာသီ ဝူရှူးနှင့် တရုတ်စာလက်ရေးလှသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် မတ်လ (၇) ရက်နေ့မှ စတင်၍ စင်တာတွင် မြန်မာပရိသတ်များအတွက် ရည်ရွယ်ပြီး ဝူရှူး(ထောက်လု)၊ ထိုက်ကျီသိုင်း၊ တရုတ်စာစုတ်တံလက်ရေးလှ၊ တရုတ်စာဖောင်တိန်လက်ရေးလှ၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်ခြင်းနှင့် ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယခုတွင် သင်တန်း (၆)ခုလုံးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ယခုတစ်ကြိမ် ဖွင့်လှစ်သော နွေရာသီသင်တန်းများသည် သင်တန်းကာလ (၃) လခန့် ကြာမြင့်ပါသည်။ သင်တန်းအပ် စတင်လက်ခံသည့် နေ့တွင်းချင်း အချိန်တိုအတွင်းမှာပင် သတ်မှတ်သင်တန်းသားဦးရေ စာရင်းပြည့်ခဲ့ရသည်အထိ သင်တန်းသားများ၏ တစ်ခဲနက် နှစ်သက်အားပေးမှုကို ရရှိခဲ့ပါသည်။ ဤနွေရာသီသင်တန်းများတွင် သင်တန်းသားဦးရေ (၁၀၀) ခန့် လက်ခံခဲ့ပြီး သင်တန်းသားအများစုမှာ လူငယ်လေးများ ဖြစ်ကြသည်။ သင်တန်းသားများအနက် ကျောင်းသားလူငယ်များသာမက အိမ်ထောင်ရှင်မ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စသဖြင့် နယ်ပယ်အစုံ အလွှာအသီးသီးမှ လူမျိုးပေါင်းစုံ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် China Xinhua News မှ တရုတ်စာလက်ရေးလှသင်တန်းအကြောင်းကိုလည်းကောင်း၊ Sky Net TV Channel မှ ဝူရှူး(ထောက်လု)သင်တန်းအကြောင်းကိုလည်းကောင်း လာရောက်ရိုက်ကူး တင်ဆက်ခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယခင်ကလည်း ထိုကဲ့သို့သော သင်တန်းများ၊ လှုပ်ရှားမှုပွဲများကို ပုံမှန် ကျင်းပပြုလုပ်လေ့ရှိပြီး ယခုတစ်ခေါက် နွေရာသီသင်တန်းသည် ကိုဗစ်ကာလအလွန်တွင် ပြန်လည်ကျင်းပပြုလုပ်သည့် အစီအစဉ်များအနက်မှ တစ်ခုဖြစ်သည်။ ဤကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် စင်တာ၏ တရုတ်ယဉ်ကျေးမှုရပ်ဝန်းဖွဲ့စည်းမှုကို ပိုမိုခိုင်မာစေပြီး စင်တာအား သိရှိသူ ပိုမိုများပြားကာ ပရိသတ်များ တိုးပွားလာစေသဖြင့် မျှော်မှန်းထားသော ရလဒ်ကောင်းများကို ရရှိခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဖျော်ဖြေပေးသွားသော သင်တန်းသားများ၏ သရုပ်ပြတင်ဆက်မှုများမှာ အားရကျေနပ်ဖွယ် ကောင်းလှပါသည်။ အခမ်းအနား၌ အစီအစဉ်တစ်ခုအနေဖြင့် စင်တာမှ ထည့်သွင်းစီစဉ်ထားသော တရုတ်ဗဟုသုတဆိုင်ရာ အမေးအဖြေကဏ္ဍတွင် သင်တန်းသားများက သူ့ထက်ငါအပြိုင် တက်တက်ကြွကြွ ပါဝင်ဖြေဆိုကြသည်မှာလည်း ပွဲအစီအစဉ်တစ်ခုလုံးကို စည်ကားမြိုင်ဆိုင်စေခဲ့ပြီး ယင်းကဏ္ဍမှတစ်ဆင့် သင်တန်းသားများအားလည်း တရုတ်ယဉ်ကျေးမှုများအကြောင်း ပိုမိုနားလည်သိရှိစေခဲ့ပါသည်။ သင်တန်းသားများက ဤကဲ့သို့သော သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားစေလိုကြောင်း၊ နောင်တွင်လည်း စင်တာမှ ကျင်းပမည့် လှုပ်ရှားမှု ပွဲအစီအစဉ်များကို ဆက်လက် စောင့်မျှော်အားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားအချို့ကလည်း နောက်နောင် စင်တာတွင် ဆက်လက်ကျင်းပမည့် ယဉ်ကျေးမှုပွဲအစီအစဉ်များတွင် လိုအပ်ပါက Volunteer လာရောက်လုပ်ဆောင်ပြီး ပါဝင်လိုကြောင်း မျှဝေပြောကြားခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Mr. Xiang Jianbo က ယခုတစ်ခေါက် ဖွင့်လှစ်ခဲ့သော သင်တန်းများသည် အသွင်စုံလင်သည့် တရုတ်ယဉ်ကျေးမှုများအကြောင်းကို မတူညီသော ရှုထောင့်အမျိုးမျိုးမှ တစေ့တစောင်း သိရှိနားလည်စေနိုင်သော ပလက်ဖောင်းငယ်များ ဖြစ်သကဲ့သို့ တရုတ်ယဉ်ကျေးမှုများ ဖြန့်ဝေမိတ်ဆက်ရာတွင် အရေးပါပြီး ထိရောက်သည့် ဆောင်ရွက်ချက်များလည်း ဖြစ်ကြောင်း၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအနေဖြင့်လည်း ဤသင်တန်းအတွေ့အကြုံများကို ပြန်လည် အနှစ်ချုပ်သုံးသပ်ပြီး လက်တွေ့လုပ်ဆောင်ချက်များနှင့်အတူ ပေါင်းစပ်ကာ ယဉ်ကျေးမှုလှုပ်ရှားမှုပွဲများနှင့် သင်တန်းများကို အမြဲမပြတ် ဆက်လက် ကျင်းပဆောင်ရွက်သွားရင်း တရုတ်ယဉ်ကျေးမှုနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးမျိုးစေ့လေးများအား မြန်မာပြည်သူများအကြား၊ အထူးသဖြင့် လူငယ်များအကြား ပျိုးကြဲပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။