ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “နွေရာသီ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း” အား အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Wang Florist တို့ ပူးပေါင်းစီစဉ်သော “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း”ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ယင်းသင်တန်းကို မတ်လ (၂၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဧပြီလ (၂၆) ရက်နေ့တွင် သင်တန်းပြီးစီးသွားပြီဖြစ်ပါသည်။ သင်တန်းချိန် စုစုပေါင်း (၄) ချိန် စီစဉ်ထားရှိပြီး သင်တန်းကာလ (၁) လ ကြာမြင့်ခဲ့ပါသည်။ ယင်းသင်တန်းနှင့် ပတ်သက်ပြီး ဘယ်လိုစကားသံတွေရှိလဲဆိုတာ အားလုံးနဲ့အတူ ကြည့်လိုက်ကြရအောင်လားရှင့်။
ဤသင်တန်း၏ သင်တန်းပြဆရာမအဖြစ် Wang Florist ၏ ဒါရိုက်တာဖြစ်သူ ဒေါ်နွယ်နီမှ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်ကြားရေးပိုင်းသာမက လက်တွေ့ပန်းအလှဆင်မှုပိုင်းများတွင်လည်း အတွေ့အကြုံရင့်ကျက်သော ဝါရင့်ဆရာမတစ်ဦး ဖြစ်ပါသည်။ ဆရာမက “ဒီတစ်ခေါက်သင်တန်းမှာ သင်တန်းပို့ချမှုပုံစံနဲ့ ပတ်သက်ပြီး သဘောတရားအယူအဆကို ရှင်းလင်းပြောဆိုခြင်းနဲ့ လက်တွေ့အလှဆင်လုပ်ဆောင်ခြင်း (၂) မျိုးလုံးကို ပေါင်းစပ်သင်ကြားပါတယ်။ သင်တန်းသားတွေအားလုံးကို ကိုယ်တိုင်လက်တွေ့အလှဆင်ခိုင်းတယ်။ ဒါမှ အလှဆင်နည်းနဲ့ ပုံဖော်ဖန်တီးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်းလုပ်နိုင်မှာကိုး။ သင်တန်းသားအများစုကလည်း အိမ်ထောင်ရှင်မတွေဆိုတော့ အိမ်မှာပဲ လွယ်လွယ်ကူကူရနိုင်တဲ့ ပန်းတွေ၊ ပန်းအလှဆင်ပစ္စည်းတွေနဲ့ ပုံဖော်ဖန်တီးနိုင်ပါတယ်။ ဒီအရာလေးတွေနဲ့ အိမ်ပတ်ဝန်းကျင်လှပအောင် အလှဆင်နိုင်တယ်။ သင်တန်းပြီးသွားတဲ့အခါ သင်တန်းသားတွေအားလုံးလဲ ကိုယ်လိုချင်တဲ့ သင်တန်းရလဒ်ကို ရရှိခံစားနိုင်ပြီး ဒီသင်တန်းမှာ လေ့လာသင်ယူခဲ့ရတဲ့ အလှတရားတွေ၊ ပျော်ရွှင်ချမ်းမြေ့မှုတွေကို အခြားသူတွေနဲ့အတူ မျှဝေခံစားတတ်စေဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
သင်တန်းသူ ဒေါ်လှလှဝင်းက “အရင်ကတည်းက ကိုယ်က ပန်းတွေအပေါ် မြတ်နိုးတတ်သူ၊ ဝါသနာထုံသူဖြစ်တယ်။ အိမ်ဧည့်ခင်းထဲ ဝင်လိုက်တာပဲဖြစ်ဖြစ်၊ ဘုရားစင်ပေါ်မှာ ပန်းထိုးထားတာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ကြည်လင်စေတယ်လို့ ခံစားရတယ်။ ပန်းအလှတွေကို စိတ်ဝင်စားတော့ အရင်က ကိုယ့်ဘာသာအွန်လိုင်းကနေကြည့်ပြီး သင်တယ်။ အခုလို ဆရာမနဲ့ လက်တွေ့အပြင်မှာ သေသေချာချာသင်ယူရတာနဲ့ ကိုယ့်ဘာသာကြည့်ပြီး လုပ်တာကတော့ ကွာခြားတယ်။ သင်တန်းတက်လိုက်တော့ ကိုယ်လုပ်တာလေးတွေက ပိုအဆင်ပြေ ပိုလှသွားတယ်။ ပန်းရွေးချယ်ပုံ၊ ကိုင်တွယ်ပုံနည်းလမ်း၊ ပုံဖော်ဖန်တီးနည်းတွေကိုလည်း သိလိုက်ရတယ်။ ဆရာမက အရမ်းသဘောကောင်းတယ်။ သေချာလည်းသင်ပေးတယ်။ တစ်ယောက်ချင်းစီကို လိုတာလေးတွေ အကုန်လိုက်ဖြည့်ပေးတယ်။ ဒီလို ဆရာမက တစ်ယောက်ချင်းစီအပေါ် စိတ်ရှည်လက်ရှည်နဲ့ အနီးကပ်သင်ပေးတော့ သင်တန်းရက်တွေတိုင်းမှာ ပညာတွေအများကြီးရခဲ့တယ်။ သင်တန်းပြီးသွားပြီဆိုလည်း ပန်းလေးတွေ ရှာဝယ်လာပြီး အိမ်မှာ ကိုယ့်ဘာသာ ပန်းထိုးကြည့်တယ်။ ပြီးရင် ဆိုင်ထဲမှာ အလှဆင်ထားတယ်။ အမြဲတစေ လေ့ကျင့်နေပါတယ်။ တကယ်လည်း ပြန်အသုံးချဖြစ်တယ်။ ဒီပန်းသင်တန်းက ကျွန်မအတွက် ပညာဗဟုသုတတွေတိုးပွားစေရုံသာမကပဲ စိတ်ကိုလည်း ချမ်းမြေ့စေတယ်။ ကျွန်မအတွက် အကြိုက်ဆုံးနဲ့ အမှတ်တရအဖြစ်စေဆုံးကတော့ သင်တန်းဒုတိယရက်က သင်ပေးလိုက်တဲ့ ဝါးဆစ်တောက်နဲ့လုပ်ရတဲ့ ပန်းအလှဆင်မှုပါပဲ။ တကယ်ကို အရမ်းထူးခြားပြီး တင့်တယ်တယ်။ ပန်းထိုးပညာကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်းပညာတစ်ရပ်အနေနဲ့ သင်ယူတာပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ ပန်းထိုးနည်းအတတ်ကို သင်ယူသင့်ပါတယ်” ဟု မိမိ၏ ခံစားချက်များကို မျှဝေပြောကြားခဲ့ပါသည်။
သင်တန်းသူ ဒေါက်တာတင်မာလာသိန်းက “ကိုယ်က အရင်ကတည်းက တရုတ်စာကို စိတ်ဝင်စားသူတစ်ဦးဖြစ်တော့ စင်တာရဲ့ ဖေ့ဘုတ်ကို အမြဲဝင်လေ့လာဖြစ်တယ်။ စင်တာတင်သမျှ post တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ စင်တာရဲ့ facilities နဲ့ environment ကလည်း ကောင်းတယ်။ စင်တာထဲကို ဝင်လိုက်တာနဲ့ တရုတ်ယဉ်ကျေးမှုအငွေ့အသက်တွေကို ခံစားရစေတယ်။ ဒီသင်တန်းလေးက ကိုယ်မျှော်လင့်ထားတာထက်ကို အများကြီးကောင်းမွန်အဆင်ပြေတယ်။ ယဉ်ကျေးမှုစင်တာနဲ့ သင်တန်းပြဆရာမတွေအားလုံး ဒီသင်တန်းအတွက် သေချာလေး ပြင်ဆင်ပေးထားတယ်လို့ ခံစားရတယ်။ သင်ထောက်ကူပစ္စည်းတွေကိုလည်း သေချာလုပ်ပေးထားတယ်။ ကျွန်မ အနှစ်သက်ဆုံးကို ပြောရရင်တော့ တတိယရက်က သင်ပေးလိုက်တဲ့ ပန်းခြင်းလေးပေါ့။ ဒီပန်းခြင်းလေးက ဘယ်လိုအခမ်းအနားမျိုးမှာပဲဖြစ်ဖြစ် သင့်တော်တယ်။ မွေးနေ့အတွက်ဖြစ်ဖြစ်၊ အိမ်သစ်တက်ပွဲအတွက်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပေးပေး၊ ဘယ်နေရာမှာပဲပေးပေး၊ နောက်ဆုံး လူနာသတင်းသွားမေးရင်လဲ ဒီပန်းခြင်းလေးနဲ့ အဆင်ပြေတယ်။ ဒါ့အပြင် ပန်းအလှဆင်မှုကို အတတ်ပညာ၊ အနုပညာတစ်မျိုးအနေနဲ့သာမက စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ပါ ရပ်တည်အသုံးချသွားနိုင်တယ်” ဟု မိမိ၏ ထင်မြင်ချက်နှင့် ခံစားချက်များကို ပြောကြားခဲ့ပါသည်။
သင်တန်းများအားလုံးပြီးဆုံးသွားချိန်တွင် သင်တန်းသားများက ပန်းအလှဆင်မှုပညာသည် စိတ်ကို ပျော်ရွှင်ချမ်းမြေ့စေကြောင်း၊ ယဉ်ကျေးမှုစင်တာတွင် ပန်းအလှဆင်သင်တန်းများ ထပ်မံဖွင့်လှစ်စေလိုကြောင်းကို စင်တာဝန်ထမ်းများအား ဤသင်တန်းနှင့် ပတ်သက်၍ မိမိတို့၏ ခံစားချက်နှင့် ပျော်ရွှင်မှုများကို မျှဝေပြောကြားခဲ့ကြပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ဒီတစ်ခေါက်ဖွင့်လှစ်တဲ့ သင်တန်းဟာဆိုရင် တရုတ်ယဉ်ကျေးမှုများကို နောက်ခံအကြောင်းအရာအဖြစ် ထားရှိပြီး ပန်းအလှဆင်အတတ်ပညာကို အဓိကသင်ကြားပေးတဲ့ သင်တန်းပဲ ဖြစ်ပါတယ်။ ဒီသင်တန်းကနေ သင်တန်းသားများက တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင် ဖန်တီးပုံဖော်နည်းအကြောင်း သိရှိနားလည်ပြီး လူမှုဘဝထဲက အလှတရားများကို တွေ့မြင်ခံစားတတ်စေဖို့နဲ့ တရုတ်ယဉ်ကျေးမှုများကို ဖြန့်ဝေမိတ်ဆက်ပေးဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။