ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း” မှ တရုတ်စာလုံးအလှတရားများ
တရုတ်စာလက်ရေးလှအတတ်ပညာသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ အဖိုးတန်ရတနာများထဲမှ တစ်ခုဖြစ်သည်။ တရုတ်စာလက်ရေးလှယဉ်ကျေးမှုကို မိတ်ဆက်မြှင့်တင်ရန်အတွက် ယခုနှစ် နွေရာသီအားလပ်ရက်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ တရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့တို့ ပူးပေါင်းကာ “၂၀၂၃ ခုနှစ် နွေရာသီ တရုတ်စာလက်ရေးလှသင်တန်း” ကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို မတ်လ ၂၈ ရက်နေ့မှစတင်၍ မေလ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းချိန်စုစုပေါင်း (၈)ချိန် သင်ကြားသွားမည်ဖြစ်ကာ ဒေသခံပြည်သူများမှ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ယခုသင်တန်းသည် အခြေခံလက်ရေးလှနည်းစနစ်များနှင့် ဗဟုသုတများကို သင်ကြားပေးခြင်းဖြင့် မြန်မာလူမျိုးများ တရုတ်စာလက်ရေးလှအနုပညာအား ပိုမိုနားလည်သဘောပေါက်လာနိုင်စေရန် ရည်ရွယ်ပါသည်။
ယခုတစ်ခေါက် တရုတ်စာလက်ရေးလှရေးသင်တန်းကို မြန်မာနိုင်ငံ တရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးမော်လီရွှေမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်သင်ကြားပေးထားခြင်း ဖြစ်ပါသည်။ ဥက္ကဋ္ဌ ဦးမော်လီရွှေမှ “ယခုနွေရာသီ တရုတ်စာလက်ရေးလှသင်တန်းကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ပူးပေါင်းကျင်းပခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ သင်တန်းသူသင်တန်းသားများကလည်း သင်ခန်းစာတွေကို ဂရုတစိုက် နားထောင်ပြီး ကြိုးကြိုးစားစား သင်ယူကြပါတယ်။ ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် တရုတ်စာလက်ရေးလှ အခြေခံစုတ်ချက်များနဲ့ စုတ်ချက်အစီအစဥ်တွေကို သဘောပေါက်နားလည်ပြီး စာရေးတဲ့ကိုယ်ဟန်အနေအထားနဲ့ စုတ်တံ (သို့မဟုတ်) ဖောင်တိန်ကိုင်ပုံကိုင်နည်းတို့လည်း စနစ်ကျမှန်ကန်လာမှာဖြစ်တယ်။ တရုတ်စာလက်ရေးလှကို စတင်လေ့လာနေသူများအနေနဲ့ တရုတ်စာလုံးတွေရဲ့ အခြေခံစုတ်ချက်တွေကို ဦးစွာသိရှိပြီး တရုတ်စာလုံးတွေရဲ့ စာလုံးအစိတ်အပိုင်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို နားလည်သဘောပေါက်မှသာ လက်ရေးလှစွမ်းရည်တွေ ပိုမိုတိုးတက်လာနိုင်မယ်” ဟု အကြံပြုပြောကြားပေးခဲ့ပါသည်။
သင်တန်းသူ မမေမြတ်နိုးဝင်းမှ “ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ မီဒီယာပလက်ဖောင်းတွေကို သူငယ်ချင်းက မိတ်ဆက်ပေးလို့ သိခဲ့ရပါတယ်။ စင်တာက တရုတ်စာလက်ရေးလှအတန်းအတွက် သင်တန်းသားခေါ်ယူတဲ့ ကြော်ငြာကို တွေ့လိုက်ရတော့ တရုတ်စာလက်ရေးလှအပေါ် ပိုပြီးစိတ်ဝင်စားလာတယ်။ တရုတ်စာကို စသင်တုန်းက လက်ရေးကသိပ်မလှဘူး၊ ပိုလေ့ကျင့်ဖို့လိုအပ်တယ်လို့ ထင်မိတာကြောင့် စင်တာက သင်တန်းအပ်လက်ခံတဲ့အချိန်မှာပဲ အမြန်ဆုံး လာရောက်စာရင်းပေးသွင်းခဲ့တာပါ။ အတန်းထဲမှာ ဆရာက သင်တန်းသားတစ်ဦးချင်းစီတိုင်းရဲ့ ရေးပြီးတဲ့ လက်ရေးလှသင်ခန်းစာတွေကို စစ်ဆေးကြည့်ရှုပေးတယ်။ အမှားတွေကိုလည်း ထောက်ပြပေးပြီး လက်ရေးလက်သား ပိုကောင်းလာအောင် အကြံပေးတဲ့အတွက် တရုတ်စာလက်ရေးလှနဲ့ စတင်ထိတွေ့တဲ့ သင်တန်းသားတွေအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ တရုတ်စာလက်ရေးလှသင်တန်း စမတက်ခင်အချိန်က ဖောင်တိန်လက်ရေးလှအကြောင်း ကောင်းကောင်းနားမလည်ခဲ့ပေမယ့် အခုဆိုရင် ရေးပုံရေးနည်းအမှန်နဲ့ ဖောင်တိန်ကိုင်နည်းတွေကို နားလည်လာတော့ လက်ရေးလှလေ့ကျင့်ရတာကို ပိုပြီးကြိုက်နှစ်သက်လာပါတယ်။ ဒီတစ်ခေါက် တရုတ်စာလက်ရေးလှသင်တန်း တက်ပြီးနောက်ပိုင်းမှာ စာရေးတာ ပိုမြန်လာပြီး စာလုံးတွေ ပိုလှလာမယ့်အပြင် တရုတ်ရိုးရာယဉ်ကျေးမှုကိုလည်း ပိုပြီးနက်နက်ရှိုင်းရှိုင်း သဘောပေါက် နားလည်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့သည်။
မညိုလဲ့မွန်သည် လက်ရှိတွင် စုတ်တံနှင့်ဖောင်တိန်လက်ရေးလှသင်တန်း နှစ်မျိုးလုံးကို တက်ရောက်နေသည့် သင်တန်းသူတစ်ဦးဖြစ်သည်။ သူမက “ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို သူငယ်ချင်းက မိတ်ဆက်ပေးတာကြောင့် သိခဲ့ရပြီး နောက်ပိုင်းမှာ စင်တာရဲ့ မီဒီယာပလက်ဖောင်းတွေကို အမြဲအစဉ်တစိုက် စောင့်ကြည့်လာခဲ့ပါတယ်။ စင်တာက တရုတ်စာလက်ရေးလှသင်တန်းသားများ လက်ခံနေတဲ့ ကြော်ငြာကို တွေ့လိုက်ရတော့ စုတ်တံနဲ့ ဖောင်တိန်လက်ရေးလှသင်တန်း နှစ်မျိုးလုံးကို သူငယ်ချင်းနဲ့အတူလာပြီး စာရင်းပေးဖြစ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက တရုတ်စာလက်ရေးလှကို စပြီးလေ့ကျင့်လာခဲ့လို့ လက်ရေးလှပညာကို အချိန်ကြာလာတာတဲ့အမျှ ပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီတစ်ခေါက် တရုတ်စာလက်ရေးလှသင်တန်းကို တက်ပြီးသွားရင် လက်ရေးလက်သား ပိုကောင်းလာပြီး တရုတ်စာလုံးတွေကို လှလှပပရေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပိုင်း အခါအခွင့်ကြုံရင်လည်း စင်တာက ဖွင့်လှစ်တဲ့ သင်တန်းတွေကို ဆက်ပြီးတက်ချင်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။
မလင်းလက်ရည်ဖြိုးသည် စင်တာ Facebook ၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။ သူမက “စင်တာကဖွင့်လှစ်တဲ့ တရုတ်စာလက်ရေးလှသင်တန်းကို မီဒီယာပလက်ဖောင်းကနေ သိခဲ့တာဖြစ်ပါတယ်။ အခုအချိန် ရန်ကုန်မြို့မှာ စင်တာလိုမျိုး အခမဲ့သင်ကြားပေးပြီး သင်ထောက်ကူပစ္စည်းတွေ ပြည့်ပြည့်စုံစုံရှိတဲ့ တရုတ်စာလက်ရေးလှသင်တန်းမျိုး ရှာတွေ့ဖို့ အလွန်ခက်ခဲပါတယ်။ အခုတစ်ခေါက်သင်တန်းကို တက်ရောက်ခွင့်ရတဲ့အတွက် ကိုယ့်ကို ကံကောင်းတယ်လို့ ထင်မိတယ်။ စာသင်ခန်းထဲမှာ ဆရာက အခြေခံစုတ်ချက်နဲ့ စာရေးတဲ့ ကိုယ်ဟန်အနေအထားတွေကို အသေးစိတ်သင်ကြားပေးတဲ့အတွက် တရုတ်စာလက်ရေးလှကို အခုမှ စတင်လေ့လာနေသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ နောက်ပိုင်းမှာ စင်တာက အခုလိုသင်တန်းမျိုးတွေ ထပ်ဖွင့်မယ်ဆိုရင် တက်တက်ကြွကြွ ပါဝင်စာရင်းပေးတက်ရောက်ပြီးတော့ သူငယ်ချင်းတွေကိုလည်း တက်ရောက်ဖို့ မိတ်ဆက်ပေးသွားမယ်” ဟု ပြောကြားခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling မှ “တရုတ်စာလက်ရေးလှအတတ်ပညာကို လေ့လာသင်ယူခြင်းဟာ တရုတ်စာလုံးကို လှပအောင် ရေးသားခြင်းတင်မဟုတ်ပဲ တရုတ်ရိုးရာယဉ်ကျေးမှုကို လေ့လာသင်ယူခြင်းလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်သင်တန်းကနေတစ်ဆင့် မြန်မာသင်တန်းသူသင်တန်းသားများအနေဖြင့် တရုတ်စာလုံးများကို ပိုမိုသိရှိလာပြီး မိမိတို့ရဲ့ လက်ရေးလှစွမ်းရည်ကို မြှင့်တင်ကာ တရုတ်ရိုးရာယဉ်ကျေးမှုတို့ကို သိရှိနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တရုတ်စာလက်ရေးလှလေ့ကျင့်ပြီး တရုတ်စာလုံးရဲ့ အလှတရားများနဲ့ တရုတ်ရိုးရာယဉ်ကျေးမှုအနုပညာတို့ကိုလည်း သိရှိခံစားနိုင်စေမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။