“ယူနန်”အငွေ့အသက်များနှင့် ဘဝနေထိုင်မှုတစ်ခု ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ လတ်တလော ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းမှ သင်တန်းပုံရိပ်များ
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Qin He Lou တရုတ်စားသောက်ဆိုင်တို့ ပူးပေါင်းစီစဉ်သော “၂၀၂၃ ခုနှစ် နွေရာသီ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်း”ကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတွင် ဆက်လက်သင်တန်းပို့ချပေးလျက် ရှိပါသည်။ ယခုတစ်ခေါက် ဖွင့်လှစ်သော ဟင်းချက်သင်တန်းသည် စင်တာ၏ ပထမဦးဆုံး အော့ဖ်လိုင်းအချက်အပြုတ်သင်တန်းဖြစ်ပြီး ထူးခြားဆန်းပြားသော ယူနန်ဟင်းလျာများမှတစ်ဆင့် သင်တန်းသားများအား ယူနန်အရသာစစ်စစ် ဒေသဟင်းလျာ ချက်ပြုတ်နည်းများကို လေ့လာသင်ယူနိုင်ပြီး ယူနန်အစားအသောက်ခရီးစဉ်တစ်ခုအဖြစ် ရရှိခံစားစေနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ “ယူနန်”အငွေ့အသက်များနှင့် ပြည့်နှက်နေသော သင်တန်းခရီးစဉ်လေးတစ်ခု၏ စကားသံများကို အားလုံးနှင့်အတူ မျှဝေကြည့်ရှုလိုက်ကြရအောင်လားရှင့်။
ဤသင်တန်း၏ သင်တန်းဆရာအဖြစ် Qin He Lou တရုတ်စားသောက်ဆိုင်မှ စားဖိုမှူးခေါင်းဆောင် (တရုတ်နိုင်ငံ တတိယအဆင့်စားဖိုမှူးလက်မှတ်ရရှိထားသူ) Mr. Peng Li Hui မှ တာဝန်ယူသင်ကြားပေးထားပြီး ယူနန်ဒေသထူးခြားချက်များ ကြွယ်ဝသော မြေအိုးကြက်ပေါင်း၊ မြီးရှည် (ဂန္ဓမာကော့ချောင်းမြီးရှည်၊ ကြက်သားမျှင်မြီးရှည်သုပ်)၊ ရွှမ်းဝေး(Xuanwei)စတိုင် အသားကြော်၊ ချွီကျင့်(Qujing)စတိုင် ကြက်ဥအသားလိပ်၊ ဝက်ပေါင်ခြောက်နို့မလိုင်ပေါင်း၊ မြေအိုးအသားလုံးပေါင်း၊ ကစော်မုန့်လုံးပြုတ်နှင့် ဆားပန်းပုရုပ်ပန်းကန်အလှဆင်မှုအနုပညာ အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ ဆရာက “ယူနန်အစားအသောက်တွေဟာဆိုရင် အများနဲ့မတူ တစ်မူထူးခြားတဲ့ တိုင်းရင်းသားအစားအစာတစ်မျိုး ဖြစ်တဲ့အပြင် တရုတ်ဟင်းလျာကြီးတွေထဲမှာဆိုရင်လဲ ဒေသခံထူးခြားချက်တွေ တော်တော်လေးပေါ်လွင်တဲ့ ဟင်းလျာအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီလိုသင်တန်းတွေ ကျင်းပရာကနေ ယူနန်ဒေသခံအစားအသောက်တွေကို မြန်မာနိုင်ငံက သင်တန်းသားတွေဆီ ဆောင်ယူလာပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော် ဒီသင်တန်းမှာ သင်ကြားပေးမယ့် သင်တန်းအကြောင်းအရာတွေကို စပြီးစဉ်းစားချိန်ကစလို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပြင်ဆင်ဆောင်ရွက်တဲ့အချိန်မှာပါ ဒီသင်တန်းအတွက် အရမ်းကို ရင်ခုန်မျှော်လင့်ခဲ့ရပါတယ်။ သင်တန်းချိန်အတွင်းမှာ ဘာသာပြန်ဆရာမကိုပါ ထားရှိစီစဉ်ပေးထားတာကလည်း အရမ်းကို အဆင်ပြေလှပါတယ်။ သင်တန်းသားတွေအနေနဲ့လည်း ဒီသင်တန်းအတွက် မိမိပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ အရာတွေကလည်း ကောင်းမွန်တဲ့ရလဒ်တစ်ခုအဖြစ် ရရှိစေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒီသင်တန်းအတွေ့အကြုံက ကျွန်တော့်အတွက်တော့ တကယ်ကို အမှတ်တရပါပဲ။” ဟု သင်တန်းနှင့် ပတ်သတ်၍ မိမိခံစားချက်များကို မျှဝေပြောကြားခဲ့ပါသည်။
သင်တန်းသူ နော်ဆာကပေါ်ရှီးသည် တရုတ်ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများ၏ အစားအသောက်အတွက် တာဝန်ယူချက်ပြုတ်ပေးရသည်။ ဟင်းချက်အတွေ့အကြုံရှိသူဖြစ်ပြီး တရုတ်စကားလည်း အနည်းငယ် နားလည်သည်။ သူမက “အခုလို တရုတ်နိုင်ငံက လာတဲ့ စားဖိုမှူးနဲ့ တရုတ်ဟင်းလျာတွေအကြောင်း ကိုယ်တိုင်အနီးကပ် သင်ယူခွင့်ရတော့ အရမ်းကို ဝမ်းသာရပါတယ်။ တကယ့်ယူနန်အရသာစစ်စစ်ဟင်းလျာတွေနဲ့ ပတ်သတ်ပြီး သင်ယူခွင့်ရရှိခဲ့တာပေါနော်။ သင်တန်းတက်ပြီးတော့ ကျွန်မအရင်က မသိနားမလည်ခဲ့ရတဲ့ ဟင်းချက်တဲ့အခါ ဂရုစိုက်ရမဲ့ အကြောင်းအရာတွေကို သိရှိနားလည်ခဲ့ရတယ်။ သင်တန်းပထမရက်က စသင်ခဲ့ရတဲ့ မြေအိုးကြက်ပေါင်း၊ ဂန္ဓမာကော့ချောင်းမြီးရှည်၊ ကြက်သားမျှင်မြီးရှည်သုပ်က စလို့ တတိယရက် သင်ပေးတဲ့ ရွှမ်းဝေးစတိုင်အသားကြော်အထိ နေ့တိုင်းနေ့တိုင်း သင်ခဲ့ရတာတွေက ကျွန်မအတွက် ပညာရစေပါတယ်။ ဟင်းလျာတွေတိုင်းကလည်း သူ့ဟာနဲ့သူ ထူးခြားမှုတွေရှိတယ်။ ယဥ်ကျေးမှုစင်တာမှာ နောက်ထပ် အချက်အပြုတ်သင်တန်းတွေ အများအပြား ဆက်လက်ဖွင့်လှစ်သွားဖို့ကိုလည်း မျှော်လင့်နေပါတယ်” ဟု မိမိ၏ သင်တန်းအတွေ့အကြုံများကို မျှဝေပြောကြားခဲ့ပါသည်။
သင်တန်းသူ မစုစုအောင်သည် အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး မိမိနှင့် ဤဟင်းချက်သင်တန်း၏ အမှတ်တရများကိုလည်း ယခုကဲ့သို့ မျှဝေပေးခဲ့ပါသည်။ “ကျွန်မ အမှန်က အိမ်က ကလေးအတွက် တရုတ်စာလက်ရေးလှသင်တန်း လာအပ်ပေးတာပါ။ စင်တာလဲရောက်တော့ ဒီဟင်းချက်သင်တန်းရှိတယ်ဆိုတော့ တစ်ခါတည်း ကိုယ့်အတွက်ပါ သင်တန်းလေး အပ်ဖြစ်သွားတာပါ။ ဒီသင်တန်းနဲ့ ပတ်သက်ပြီး အများကြီးမျှော်လင့်ထားပါတယ်။ ဒီလိုသင်တန်းတွေတက်ပြီး ဗဟုသုတအသစ်တွေ ရရှိပြီး ကိုယ့်ဟင်းချက်လက်ရာကိုလည်း တိုးတက်ကောင်းမွန်လာစေဖို့ မျှော်လင့်ပါတယ်။ ဒီရက်ပိုင်း သင်ယူခဲ့ရတဲ့ သင်တန်းအကြောင်းအရာတွေထဲမှာ မြေအိုးကြက်ပေါင်းကတော့ အထူးခြားဆုံးပါပဲ။ ကိုယ့်အိမ်မှာဆိုရင်လဲ ကြက်ပေါင်းဟင်းရည် လုပ်တယ်ပေါ့နော်။ ဒီမြေအိုးကြက်ပေါင်း ချက်ပြုတ်နည်းကတော့ တော်တော်ထူးခြားပါတယ်။ ဒီတစ်ခေါက်ဟင်းချက်သင်တန်းက သင်တန်းအပ်လက်ခံပြီး နာရီပိုင်းအတွင်းမှာပဲ လူပြည့်သွားတယ်လို့ သိရတယ်။ တစ်ချို့ကျတော့ ဟင်းချက်တာကို ဝါသနာတစ်ခုအနေနဲ့တင်မကဘူး။ အတတ်ပညာတစ်ခုအနေနဲ့ပါ သင်ယူလေ့လာချင်ကြတာ။ နောက်ပိုင်း စားသောက်ဆိုင်ဖွင့်တဲ့အထိကို မှန်းထားတာတွေ ရှိပါတယ်။ ဒီလို စိတ်ဝင်စားတဲ့သူတွေကို သင်တန်းတက်ခွင့် ရစေချင်တယ်။ တက်ခွင့်မရလိုက်တဲ့သူတွေအတွက် အရမ်းနှမြောမိတယ်။ နောက်သင်တန်းတွေမှာ စင်တာဘက်က သင်တန်းသားများများ လက်ခံနိုင်အောင် စီစဉ်ပေးစေချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ဒီတစ်ခေါက် ဖွင့်လှစ်တဲ့ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းကို သင်တန်းချိန် (၇)ချိန် စီစဉ်ထားပြီး မေလ (၁၉) ရက်နေ့မှာ သင်တန်းပြီးဆုံးမှာ ဖြစ်ပါတယ်။ ယူနန်က ကဗျာအလား သာယာလှပတဲ့ နေရာလေးတစ်ခု၊ အိပ်မက်ဌာနေမြေလေးတစ်ခုပဲ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဟာ စွဲမက်ဖွယ် ရှုခင်းအလှအပတွေသာမက ခံတွင်းတွေ့ဖွယ် အစားအသောက်မျိုးစုံလည်း ရှိပါတယ်။ ဒီအစားအသောက်ကောင်းတွေဟာ ယူနန်ပြည်နယ်ရဲ့ ဒေသထူးခြားချက်များကိုလည်း ပေါ်လွင်နေစေပါတယ်။ ဒီယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းကနေ မြန်မာနိုင်ငံက သင်တန်းသားတွေအတွက် “ယူနန်”အငွေ့အသက်များနဲ့ ပြည့်နှက်နေတဲ့ ဘဝနေထိုင်မှုတစ်ခုကို ရရှိခံစားစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။