"လေ့လာမှတ်သားဖွယ်ရာ လက်ဖက်ရည်ကြမ်းအနုပညာ" ယူနန်ပြည်နယ်၏ လက်ဖက်ခြောက်ယဉ်ကျေးမှု (အပိုင်း - ၁)
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်ပင်များကို အစောဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး လက်ဖက်ရွက်ကို ပထမဦးဆုံး စတင်အသုံးပြုသည့် နိုင်ငံဖြစ်သည်။ တရုတ်လက်ဖက်ခြောက်တွင် စုံလင်ကြွယ်ဝသော ယဉ်ကျေးမှုအနှစ်သာရများ ပါရှိနေပြီး တရုတ်လူမျိုးတို့၏ ထူးခြားကောင်းမွန်သော ရိုးရာယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
တရုတ်နိုင်ငံတွင် လက်ဖက်ရွက်အမျိုးအစားပေါင်း များစွာရှိပြီး ယင်းတို့၏ ပြုလုပ်ပုံပြုလုပ်နည်းများ ကွဲပြားကြကာ ပင်ကိုယ်လက္ခဏာများမှာလည်း ထူးခြားချက်ကိုယ်စီ ရှိကြပေသည်။
ဖူအယ်လက်ဖက်ခြောက် (Pu'er) သည် တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော လက်ဖက်ခြောက်(၁၀)မျိုးအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းလက်ဖက်ခြောက်ကို ယူနန်ပြည်နယ်၏ အနောက်တောင်ဘက်တွင် မူလပထမ စတင်ထုတ်လုပ်ခဲ့ပြီး ဖူအယ်ကောင်တီတွင် တင်ပို့ဖြန့်ဖြူးရောင်းချခဲ့သောကြောင့် ဖူအယ်လက်ဖက်ခြောက်ဟု အမည်တွင်ခဲ့သည်။ “ဖူအယ်လက်ဖက်ခြောက်” သည် နှစ်ထောင်ပေါင်းများစွာကြာ ဖြတ်သန်းလာခဲ့ပြီးနောက်တွင် တုနှိုင်းမဲ့ ယဉ်ကျေးမှုရတနာတစ်ပါးအဖြစ် ဖြစ်တည်လာခဲ့ပါသည်။
ဖူအယ်လက်ဖက်ခြောက်၏ ရိတ်သိမ်းခြင်း၊ ပြုလုပ်ခြင်းအတတ်ပညာနှင့် ထုပ်ပိုးမှုပုံစံတို့သည် ရှေးအကျဆုံး လက်ဖက်ခြောက်ထုတ်လုပ်ခြင်း အတတ်ပညာအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ဖူအယ်လက်ဖက်ခြောက် ထုတ်လုပ်မှုအတတ်ပညာသည် လူတို့အား ရိုးရှင်းပြီး သဘာဝဆန်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်မည်ဖြစ်သည်။