ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်လျက်ရှိသော နွေရာသီဝူရှူးသင်တန်းမှ စကားသံများ
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL (Myanmar) Services Limited တို့ ပူးပေါင်းစီစဉ်သော “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း” အစီအစဉ်မှ ဝူရှူး(ထောက်လု)နှင့် ထိုက်ကျီသိုင်းသင်တန်းတို့ကို မတ်လမှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ မနက်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖွင့်လှစ်လျက် ရှိပါသည်။ သင်တန်းများကို အတွေ့အကြုံရင့်ကျက်သော နည်းပြဆရာများဖြစ်ကြသည့် ဆရာသူရစိုးနှင့် ဆရာငြိမ်းချမ်းကိုကိုတို့မှ တာဝန်ယူသင်ကြားပေးလျက်ရှိပြီး မေလ (၃၀)ရက်နေ့တွင် သင်တန်းပြီးဆုံးမည် ဖြစ်ပါသည်။
သင်တန်း၏ နည်းပြဆရာများအဖြစ် တာဝန်ယူထားသော ဆရာသူရစိုးနှင့် ဆရာငြိမ်းချမ်းကိုကိုတို့သည် အောင်မြင်မှုဆုတံဆိပ် အများအပြားကို ဆွတ်ခူးရရှိထားကြသူများ ဖြစ်ပါသည်။ ဝူရှူး(ထောက်လု)သင်တန်း၏ နည်းပြဆရာ သူရစိုးသည် အသက် (၆)နှစ်တွင် ဝူရှူးအားကစားကို စတင်လေ့ကျင့်ပြီး အသက် (၁၀)နှစ်တွင် မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် နိုင်ငံတော်လက်ရွေးစင်အသင်း(ရန်ကုန်)၏ နည်းပြဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုလက်ရှိတွင် FSG (Myanmar) Security Services Co.Ltd မှ လုံခြုံရေးဝန်ထမ်းများ၏ နည်းပြဆရာအဖြစ် လုပ်ကိုင်လျက် ရှိပါသည်။
ထိုက်ကျီသိုင်းသင်တန်း၏ နည်းပြဆရာ ငြိမ်းချမ်းကိုကိုသည် အသက် (၁၄)နှစ်တွင် ဝူရှူးအားကစားကို စတင်လေ့ကျင့်ခဲ့ပြီး (၁၉)နှစ်အရွယ်တွင် မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင် ဖြစ်လာခဲ့သည်။ စင်ကာပူနိုင်ငံတွင် နည်းပြဆရာတစ်ဦးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် နိုင်ငံတော်လက်ရွေးစင်အသင်း(ရန်ကုန်)၏ နည်းပြဆရာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုလက်ရှိတွင် ဝူရှူးအားကစားလှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်လျက် ရှိပါသည်။
ဝူရှူး(ထောက်လု)နည်းပြဆရာ သူရစိုးက “ဒီတစ်ခေါက်သင်တန်းမှာ အတန်းချိန် (၃၄)ချိန် စီစဉ်ထားပါတယ်။ အဓိကအားဖြင့် ဝူရှူး(ထောက်လု)ရဲ့ အခြေခံလှုပ်ရှားမှုအကွက်တွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်းသားတွေက အရမ်းတက်ကြွပြီး သင်ယူလိုစိတ် ပြင်းပြကြတယ်။ သင်ကြားသမျှကိုလည်း လိုက်နိုင်ကြပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဝူရှူး(ထောက်လု)သင်တန်းသူ မပိုးအိဖြူက “ဝူရှူး(ထောက်လု)လေ့ကျင့်တဲ့အချိန်ကစပြီး ပိုပြီး အစာစားနိုင်လာတယ်။ နေမကောင်းလည်း သိပ်မဖြစ်တော့ဘူး။ ဒီသင်တန်းကို ရေရှည်ဆက်ဖွင့်စေချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဝူရှူး(ထောက်လု)သင်တန်းသား မောင်ဇွဲလင်းသန့်က “စင်တာမှာလာပြီး သင်တန်းတက်တော့ သူငယ်ချင်းအသစ်တွေလည်း ရတယ်။ ဒီလိုမျိုး ဝူရှူး(ထောက်လု)လေ့ကျင့်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်တုံ့ပြန်မှု ပိုပြီး မြန်ဆန်လာတယ်လို့ ခံစားရတယ်။ စင်တာမှာ ဒီလိုသင်တန်းမျိုးတွေ ဆက်ဖွင့်ပေးစေချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဝူရှူး(ထောက်လု)သင်တန်းသည် ဆရာသူရစိုး၏ တက်ကြွပြီး ဆန်းသစ်သည့် သင်ကြားမှုပုံစံများကြောင့် သင်တန်းသားများ၏ တစ်ခဲနက် နှစ်ခြိုက်မှုကို ရရှိထားပါသည်။ သင်တန်းသားများက မိမိတို့အနေဖြင့် ဝူရှူး(ထောက်လု)သင်တန်း တက်ပြီးချိန်မှစ၍ နေထိုင်စားသောက်မှု အလေ့အကျင့်ကောင်းများ ရရှိခဲ့ပြီး သူငယ်ချင်းအသစ်များနှင့် သိခွင့်ရခဲ့သည့်အတွက် ယခင်ကထက် ကျန်းမာလန်းဆန်းပြီး သွက်လက်ဖျတ်လတ်လာကြောင်း၊ ယခုသင်တန်းပြီးသွားလျှင် စင်တာမှာ အဆင့်မြင့်ဝူရှူး(ထောက်လု)သင်တန်းကို ဆက်လက် ဖွင့်ပေးစေချင်ကြောင်း အသီးသီး ပြောကြားခဲ့ပါသည်။
ထိုက်ကျီသိုင်းနည်းပြဆရာ ငြိမ်းချမ်းကိုကိုက “ယခုတစ်ခေါက် သင်တန်းမှာ သင်တန်းချိန် စုစုပေါင်း အချိန် (၃၀) သတ်မှတ်ထားပါတယ်။ ဒီထိုက်ကျီသိုင်းသင်တန်းက ကျန်းမာရေးအတွက်ကို အဓိက ရည်ရွယ်ပါတယ်။ သင်တန်းသားများက ကြိုးစားသင်ယူကြသလို တက်မြောက်တာလည်း အရမ်းမြန်ကြပါတယ်။ အခုဆိုရင် သင်တန်းကာလ တစ်ဝက်ပဲရှိသေးတဲ့အချိန်မှာ ထိုက်ကျီ (၂၄)ကွက်ကို သင်ယူတက်မြောက်ပြီးဖြစ်လို့ ထိုက်ကျီ (၃၂)ကွက်ကို ဆက်လက် သင်ကြားပေးနေပါတယ်။ ဒါပြီးသွားရင် ထိုက်ကျီယပ်တောင်သိုင်းကိုလည်း ဆက်လက် သင်ကြားပေးသွားပါမယ်။” ဟု ပြောကြားခဲ့ပါသည်။
ထိုက်ကျီသိုင်းသင်တန်းသူ မယုဝေထွန်းက “ထိုက်ကျီသိုင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်။ နည်းပြဆရာက စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်။ ထိုက်ကျီလေ့ကျင့်ပြီးသွားလို့ ချွေးထွက်သွားတဲ့အခါတိုင်း ခန္ဓာကိုယ် လေးထိုင်းတာတွေ ပေါ့ပါးသွားတယ်။” ဟု ပြောကြားခဲ့ပါသည်။
ထိုက်ကျီသိုင်းသင်တန်းသား ကိုခင်ဇော်စံက “စင်တာက ကျွန်တော်တို့ သင်တန်းသားတွေအတွက်ကို ထောက်ပံ့ပေးထားတဲ့ပုံစံက သက်သောင့်သက်သာလည်း ရှိတယ်။ ပြီးတော့ စင်တာဝန်ထမ်းတွေအားလုံးရဲ့ ဂရုစိုက်မှု၊ သင်တန်းအပေါ် စေတနာထားမှုတွေကို မြင်ရတော့ သင်တန်းတက်ရတာ အရမ်းအဆင်ပြေတယ်လို့ ခံစားရပါတယ်။ ကိုယ်တိုင်ကလည်း တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားနှစ်သက်သူ ဖြစ်တယ်။ ကျွန်တော်ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေ ကြည့်လာတဲ့အခါကျတော့ ထိုက်ကျီသိုင်းကို အရမ်းစိတ်ဝင်စားတယ်။ ဒါကြောင့် ထိုက်ကျီသိုင်းကို နေ့တိုင်းမပြတ် လေ့ကျင့်ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ ခံစားရတာကတော့ အရင်က ကျွန်တော့်ရဲ့ ဘယ်ဘက်လက် အကြောတင်သလို ဖြစ်နေတာက ထိုက်ကျီကို အမြဲလေ့ကျင့်ဖြစ်လာတဲ့အခါမှာ သက်သာလာပြီး လှုပ်ရှားရတာ ပိုအဆင်ပြေလာပါတယ်။ အခြားပြောချင်တာကတော့ စင်တာမှာ သင်တန်းတွေ များများ ဖွင့်ပေးပါ။ နောက်ပြီး ကျောင်းသားဟောင်းတွေကို ဦးစားပေးစဉ်းစားပေးဖို့လည်း အကြံပြုချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ထိုက်ကျီသိုင်းသင်တန်းသား မောင်မင်းသွင်ခန့်က “သင်တန်းရဲ့ အချိန်၊ နေရာနဲ့ စင်တာက ပံ့ပိုးပေးထားတဲ့ Facilities တွေက တော်တော်လေး အဆင်ပြေပါတယ်။ သင်တန်းသားတွေအနေနဲ့ အခုလို ရာသီဥတုပူပြင်းတဲ့အချိန် စင်တာရဲ့ ဘက်စုံသုံးခန်းမမှာ အပူဒဏ်ကို ရှောင်ပြီး လွတ်လွတ်လပ်လပ် ထိုက်ကျီလေ့ကျင့်နိုင်တဲ့အတွက်ကြောင့် တော်တော်လေး အဆင်ပြေပါတယ်။ နည်းပြဆရာကလည်း ကျွန်တော်တို့ကို စိတ်ရှည်ရှည်နဲ့ သေသေချာချာ လိုက်ပြပေးတယ်။ ကျွန်တော်က ထိုက်ကျီကို အဓိကအားဖြင့် ကိုယ်ခန္ဓာကျန်းမာရေး၊ Mental Wellness နဲ့ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းတဲ့ သဘောအနေနဲ့ လာရောက်လေ့ကျင့်ဖြစ်တာ ဖြစ်ပါတယ်။ ထိုက်ကျီဆော့တာက စိတ်နဲ့ ကိုယ်နဲ့ ပေါင်းစပ်လုပ်ရတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့အတွက် ကျွန်တော် နေ့တိုင်း လေ့ကျင့်ဖြစ်ပါတယ်။ သင်တန်းတက်ပြီးတဲ့အခါမှာ ကိုယ့်ကိုကိုယ် သတိထားမိတာက အကြောပုံမှန်လျှော့ဖြစ်တဲ့အတွက် တောင့်တင်းနေတာတွေ ပျော့ပျောင်းလာပြီး ခန္ဓာကိုယ် ပေါ့ပါးလာတယ်။ နောက်ပြီး သွေးလေလည်ပတ်တော့ လူက နေလို့ကောင်းလာတယ်။” ဟု ပြောကြားခဲ့ပါသည်။
ထိုက်ကျီသိုင်းသင်တန်းသည်လည်း ထိုက်ကျီသိုင်းနည်းပြဆရာ ငြိမ်းချမ်းကိုကို၏ နွေးထွေးဖော်ရွေမှု၊ ခင်မင်တတ်မှုများကြောင့် သင်တန်းသားများ၏ နှစ်သက်ခြင်းကို ရရှိထားပါသည်။ ထိုက်ကျီသိုင်းသင်တန်းတွင် သင်တန်းသားများသည် နည်းပြဆရာ၏ စိတ်ရှည်စွာ သင်ကြားပြသမှုများနှင့်အတူ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အသက်ရှူခြင်းတို့ကို တွဲဖက်၍ ထိုက်ကျီသိုင်းကွက် တစ်ကွက်ချင်းစီအပေါ် သေချာအာရုံစူးစိုက်ပြီး လေ့ကျင့်သင်ယူကြသည့်အတွက် သင်ကြားမှုရလဒ်ကောင်းများ ရရှိထားပါသည်။