လင်းလက်လှပသော အတွင်းမွန်ဂို၏ အံ့ဖွယ်နဒမ်ပွဲတော်
ဤဓာတ်ပုံများကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
နှစ်စဉ်တရုတ်ပြက္ခဒိန်၏ ၆ လပိုင်း ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၏ နဒမ်(Naadam)ပွဲတော်ကို ကျင်းပလေ့ရှိသည်။ မွန်ဂိုစကား “နဒမ်” ဆိုသည်မှာ ဖျော်ဖြေခြင်းနှင့် စုဝေးစုံညီခြင်းဟု အဓိပ္ပာယ်ရသည်။ နဒမ်ပွဲတော်သည် မွန်ဂိုတိုင်းရင်းသားလူမျိုးများ၏ ကောက်ပဲသီးနှံအများအပြား ရိတ်သိမ်းနိုင်မှုကို အောင်ပွဲခံခြင်းနှင့် ကြီးကြယ်ခမ်းနားစွာ စုဝေးတွေ့ဆုံသည့် ပွဲတော်လှုပ်ရှားမှုဖြစ်သည်။ နှစ်စဉ်ကျင်းပချိန်တွင် သောင်းနှင့်ချီသော လယ်သမားများ၊ တိရိစ္ဆာန်ထိန်းကျောင်းသူများနှင့် ခရီးသွားဧည့်သည်များသည် ထိုနေရာတွင် ကြိတ်ကြိတ်တိုးဆုံစည်းကြကာ မြက်ခင်းလွင်ပြင်ပွဲသဘင်ကို အတူတကွကျင်းပဂုဏ်ပြုရင်း သဘာဝရှုခင်းများကို ကြည့်ရှုခံစား၍ တိုင်းရင်းသားရိုးရာဓလေ့ကို တွေ့ကြုံခံစားကြသည်။ ယနေ့ခေတ်နဒမ်ပွဲတော်တွင် မွန်ဂိုတိုင်းရင်းသားရိုးရာ အရည်အချင်းယှဉ်ပြိုင်ပွဲ (၃)မျိုးဖြစ်သော မြင်းပြိုင်ပွဲ၊ နပန်းပွဲ၊ မြားပစ်ပွဲတို့ကို အခြေခံကာ ပူဇော်ကန်တော့ပွဲ၊ လက်ဖက်ရည်မြည်းစမ်းပွဲ၊ မြင်းစီးကျွမ်းကျင်မှုပြိုင်ပွဲ စသည်တို့ အသစ်ထပ်မံထည့်သွင်းထားသည်။ လက်ဖက်ရည်ဖျော်ခြင်း၊ မြင်းနို့အရက်နှပ်ခြင်း စသည်တို့ကို လက်တွေ့သရုပ်ပြခြင်း၊ ဒေသခံတိရိစ္ဆာန်ထိန်းကျောင်းသူများမှ မွန်ဂိုတဲထိုးခြင်းကို သရုပ်ပြခြင်း၊ ဆိတ်သားဟင်းချက်နည်းပြသခြင်း စသည့် ဒေသရိုးရာဓလေ့အစီအစဉ်များလည်း ပါရှိသည်။ တစ်ချိန်တည်းမှာပင် အတွင်းမွန်ဂို၏ ထူးချွန်ပြောင်မြောက်သော အနုပညာအဖွဲ့မှလည်း ရင်သပ်ရှုမောဖွယ်ရာ ရိုးရာအနုပညာဖျော်ဖြေမှုများကို တင်ဆက်ကပြကြသည်။
ပွဲတော်ကာလအတွင်း မြက်ခင်းလွင်ပြင်ဒေသထွက်ကုန်ပြပွဲ၊ အနုပညာပန်းချီပြပွဲ အစရှိသည့် တမူထူးခြားသောပြပွဲများနှင့် မွန်ဂိုလူမျိုးတို့၏ တေးဂီတကပြဖျော်ဖြေပွဲများအပြင် လွင်ပြင်စားသောက်ဖွယ်ရာဘီယာပွဲတော်၊ ဒေသခံတိရိစ္ဆာန်ထိန်းကျောင်းသူများအိမ်သို့ အလည်အပတ်၊ မွန်ဂိုတဲထိုးခြင်း၊ ကိုယ်တိုင်ကားမောင်းလည်ပတ်ခြင်းစသည့် လှုပ်ရှားမှုများလည်း ကျင်းပသေးသည်။ ခရီးသွားဧည့်သည်များအား လွင်ပြင်၏လှပသောရှုခင်းနှင့် ရှည်ကြာလှသော ယဉ်ကျေးမှုတို့ကို လှစ်ဟပြသရင်း အတွင်းမွန်ဂို၏ လူမှုစီးပွားရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကို ဖော်ထုတ်ပြသကာ တိုင်းရင်းသားလူမျိုးအသီးသီးကြားမှ ရင်းနှီးသော စည်းလုံးမှုနှင့် ချစ်ကြည်ရေးကို ဖော်ထုတ်ပြသနေပါတော့သည်။
လင်းလက်လှပသော အတွင်းမွန်ဂို၏ အံ့ဖွယ်နဒမ်ပွဲတော်မှ သင့်ကိုလက်ကမ်းကြိုဆိုလျက်ပါ။