လေ့လာဖွေရှာ ရှေးဓလေ့ရိုးရာ၊ မြင်တွေ့မှတ်သား ဒြပ်မဲ့ယဉ်ကျေးမှုများ “လက်မှုပညာရှင်နှလုံးသား” တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍတွဲ ဗီဒီယိုအတို - စဉ့်စိမ်းတင်ကြွေထည်ဖုတ်လုပ်ခြင်းအတတ်ပညာ
တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖန်တီးမှုလမ်းစဉ်တစ်ခုလုံးသည် ဂုဏ်ရောင်ထွန်းပြောင်သော တရုတ်ရိုးရာယဉ်ကျေးမှုသမိုင်း၏ တိုးတက်မှုလမ်းစဉ်နှင့် ယှဉ်တွဲဆက်စပ်လျက်ရှိပြီး လူ့ယဉ်ကျေးမှုတိုးတက်မှုအခြေအနေ၊ လူသားတို့၏ တွေးခေါ်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအပိုင်းများ၌ ဉာဏ်ပညာထက်မြက်မှုအဆင့်အတန်းတို့ကို ထင်ဟပ်ဖော်ဆောင်နေပါသည်။ တရုတ်ရိုးရာယဉ်ကျေးမှု၏ တိုးတက်မှုလမ်းစဉ်တွင် ၎င်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့အတွက် မှီတင်းနေထိုင်ရာ၊ စိတ်အားထက်သန်မှုဖြစ်တည်ရာ အရိပ်အမြုံကို တည်ဆောက်ဖန်တီးပေးပါသည်။
စဉ့်စိမ်းတင်ကြွေထည်ဖုတ်လုပ်ခြင်းအတတ်ပညာ (ပထမပိုင်း)
လုံချွမ်စဉ့်စိမ်းတင်ကြွေထည် (Longquan celadon)သည် သုံးပြည်ထောင်ခေတ်နှင့် ကျင့်မင်းဆက်ခေတ်တို့တွင် စတင်ပေါ်ပေါက်လာခဲ့ရာမှ စုန့်မင်းဆက်ခေတ်နှင့် ယွမ်မင်းဆက်ခေတ်တို့တွင် တွင်တွင်ကျယ်ကျယ် ထွန်းကားလာခဲ့ပြီး ယနေ့ခေတ်တွင် အသစ်တစ်ဖန် ပြန်လည်ဦးမော့၍ ရေပန်းစားလာသည်။ လုံချွမ်အိုးဖုတ်ဖိုသည် နှစ်ပေါင်း (၁၆၀၀)ကျော်သမိုင်းရှိပြီး အဓိကအားဖြင့် ဖုတ်လုပ်ရရှိလာသော လက်ရာများ၏ စဉ့်ရောင်များကြောင့် လူအများအား ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ စဉ့်ရည်သုတ်လိမ်းခြင်းကို အကြိမ်ကြိမ် ပြုလုပ်လေ့ရှိသဖြင့် စဉ့်သားထူ၍ အရောင်လက်အားကောင်းသည်။ လုံချွမ်အိုးဖုတ်ဖို၏ သရွတ်ဖြူစဉ့်စိမ်းတင်ကြွေထည်သည် လက်ရာအနုစိတ်၍ သေသပ်ပြီး အဖြူရောင်ပေါ်တွင် အစိမ်းရောင်သန်းသည်။ ပြည်တွင်းပြည်ပ၌ ကျော်ကြားသော လုံချွမ်အိုးဖုတ်ဖိုမှ ဖုတ်လုပ်ရရှိသည့် ပန်းနုရောင်သန်းအစိမ်းရောင်စဉ့်နှင့် တရုတ်ဆီးသီးရောင်သန်းအစိမ်းရောင်စဉ့်တို့၏ ကြည်လင်တောက်ပသော စဉ့်အရောင်အသွေးသည် ကျောက်စိမ်းနှင့်ပင် အလှချင်းယှဉ်နိုင်ပြီး တရုတ်ရှေးခေတ်အစိမ်းရောင်၏ အကောင်းဆုံး အနေအထားသို့ ရောက်ရှိခဲ့ပါသည်။
စဉ့်စိမ်းတင်ကြွေထည်ဖုတ်လုပ်ခြင်းအတတ်ပညာ (ဒုတိယပိုင်း)
လုံချွမ်စဉ့်စိမ်းတင်ကြွေထည်ဖုတ်လုပ်မှုသည် အတတ်ပညာတစ်ရပ် ဖြစ်ရုံမက အနုပညာတစ်ရပ်လည်းဖြစ်ပြီး နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရများကို ဖော်ပြနေပါသည်။ ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီမှ လုံချွမ်စဉ့်စိမ်းတင်ကြွေထည် ဖုတ်လုပ်ခြင်းအတတ်ပညာကို ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် လုံချွမ်စဉ့်စိမ်းတင်ကြွေထည်၏ ရိုးရာအိုးဖုတ်သည့် အတတ်ပညာသည် “လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုအမည်စာရင်း”တွင် ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး ထိုအချိန်က ရွေးချယ်ခံရသည့် တစ်မျိုးတည်းသော ကြွေထည်မြေထည် အမျိုးအစားပစ္စည်းဖြစ်သည်။
စဉ့်စိမ်းတင်ကြွေထည်ဖုတ်လုပ်ခြင်းအတတ်ပညာ (တတိယပိုင်း)