"လေးစားဖွယ်ရာ လက်မှုပညာရှင်" - အကျိုးအပဲ့ကို ပြန်လည်ပြုပြင်သော မျက်လှည့်ပညာ
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ယနေ့တင်ဆက်မည့် အစီအစဉ်တွင် ရွှေကိုအသုံးပြု၍ ကျိုးပဲ့ပျက်စီးနေသည့် မြတ်နိုးတန်ဖိုးထားရသော ပစ္စည်းများကို ပြန်လည်ပြင်ဆင်ပေးသည့် Kintsugi ရွှေဂဟေဆက် လက်မှုပညာရှင် Deng Bin အကြောင်းကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထိုသူသည် မိမိ၏ မျက်လှည့်ဆန်သော Kintsugi ရွှေဂဟေဆက် ကျွမ်းကျင်မှုအတတ်ပညာဖြင့် မပြည့်စုံမှုနှင့် ချို့ယွင်းချက်ရှိနေသော အလှတရားတို့၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို ကောက်ကြောင်းဆွဲ ပုံဖော်ထားခြင်းအကြောင်းကို ကြည့်ရှုသူပရိသတ်တို့အတွက် တင်ဆက်ပေးသွားပါမည်။
Deng Bin ၏ အကျိုးအပဲ့အပိုင်းအစများအား ပြန်လည်တွဲစပ်ပေးထားသော ရွှေကြိုးချောင်းသည် လက်ရေးဆက် စုတ်ချက်ရေးနည်းများ ကဲ့သို့ပင် ပျော့ပျောင်းမှု၊ အနိမ့်အမြင့် အတက်အကျ ပြောင်းလဲမှု၊ အဝင်အထွက်တို့ ရှိပေသည်။ သူ၏ အနုစိတ်သေသပ်ကာ ဟာကွက်မရှိ ပြီးပြည့်စုံသည့် Kintsugi ရွှေဂဟေဆက်မှုအောက်တွင် ကျိုးပဲ့နေသော မြေထည်၊ ကြွေထည်ဟောင်းများသည် ကွဲအက်နေသောနေရာရှိ ရွှေရောင်လိုင်းများ၊ ရွှေကပ်ထားသော မျက်နှာပြင်များနှင့် ရွှေအနားကွပ်များကြောင့် သူမတူသော အလှများဖြင့် လင်းလက်တောက်ပနေသည်။ ဤလက်ရာပစ္စည်း တစ်ခုချင်းစီသည် သာယာကောင်းမွန်သော ဘဝကို မျှော်မှန်းတောင့်တနေသည့် အနုပညာလက်ရာများအတွက် ဆက်လက်ရှင်သန်ခြင်းနှင့် ပြန်လည်မွေးဖွားလာခြင်း အနှစ်သာရ ရရှိမှုတို့ကို ကိုယ်စားပြု ဖော်ဆောင်လျက် ရှိနေတော့သည်။