လေးစားဖွယ်ရာ လက်မှုပညာရှင် - ယပ်တောင်ဝိုင်းရူးသွပ်သူ၏ ဒိုင်ယာရီ
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
တရုတ်လူမျိုးများသည် အဝိုင်းပုံသဏ္ဌာန်ဖြင့် ပေါင်းစုံစုဝေးဆုံစည်းခြင်း အနက်အဓိပ္ပာယ်ကို သင်္ကေတပြု ဖော်ပြလေ့ရှိပါသည်။ ရှေးလူများသည် အဝိုင်းသဏ္ဌာန်ယပ်တောင်ကို “Tuan Shan (ယပ်တောင်ဝိုင်း)” ဟု ခေါ်ဆိုကြပါသည်။ ဝေ့ကျင့်မင်းဆက်ခေတ်မှစတင်၍ ယပ်တောင်မျက်နှာပြင်ပေါ်တွင် ကဗျာ၊ ပန်းချီများ စပ်ဆိုရေးဆွဲခြင်းသည် တဖြည်းဖြည်း ခေတ်စားနေပြီဖြစ်ပြီး ယပ်တောင်ဝိုင်းတစ်ချောင်းဖြင့်ပင် အရှေ့ပိုင်းယဉ်ကျေးမှု၏ အနှစ်သာရအလှတရားများကို ဤကဲ့သို့ ကုန်စုံအောင် လှစ်ဟဖော်ပြနိုင်ခဲ့ပေသည်။
ယနေ့တင်ဆက်သည့် အစီအစဉ်သည် တရုတ်ရိုးရာယဉ်ကျေးမှုကို ရူးရူးမူးမူး စွဲလမ်းမြတ်နိုးသည့် လူငယ်တစ်ဦးဖြစ်သော လီကျင်း(Li Jing)မှ စူးကျိုး(Suzhou)ရှိ အနည်းငယ်သော လက်မှုအနုပညာရှင်များထံ သွားရောက်တွေ့ဆုံခြင်းအကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုသူများအား ခေါ်ယူ၍ ရှေးဘိုးဘေးများ၏ “လက်မှုပညာ” ကို ပြန်လည်ပုံဖော်ထားခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု၏ “အနုပညာ” ကို လက်ဆင့်ကမ်း အမွေဆက်ခံရင်း နှစ်ထောင်ချီကြာ တိမ်မြုပ်နေခဲ့သော ပုံဖော်ပိုးပိတ်ယပ်တောင်ဝိုင်းကို ရှေးယခင်ခေတ်မှ ယနေ့မျက်မှောက်ခေတ်ဆီသို့ ကျော်လွှားရောက်ရှိစေကာ ယပ်တောင်ဝိုင်း၏ နှစ်ထောင်ချီကြာ တိမ်ကောနေခဲ့သည့် တရုတ်အလှရသအား ဖော်ထုတ်ပြသခဲ့ပါသည်။