ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ချင်းမင်ပွဲတော် (Qing Ming)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:23:56

တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးတွင် ကာလရှည်ကြာ၍ ထွန်းလင်းထည်ဝါသော ရှေးယဉ်ကျေးမှုများနှင့် အရောင်အသွေးစုံလင်၍ ထူးခြားများပြားလှသော တိုင်းရင်းသားယဉ်ကျေးမှုများ ရှိကြပါသည်။ နှစ်နိုင်ငံ၏ ရိုးရာပွဲတော်ရက်များ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများမှာလည်း တစ်မျိုးတစ်ဖုံဖြင့် ဆန်းကြယ်စုံလင်လှပေသည်။  ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှစတင်၍ “ ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင်” အစီအစဉ်ကို ပွဲတော်ရက် ကျရောက်ချိန်တွင် လေ့လာမှတ်သားဖွယ် အကြောင်းအရာများကို တင်ဆက်ဖော်ပြသွားမှာဖြစ်သောကြောင့် အွန်လိုင်းပေါ်မှ မိတ်ဆွေများအားလုံး အတူတကွ ပါဝင်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။


图片


ယခုအပတ် မိတ်ဆက်ပေးမှာကတော့ တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ချင်းမင်ပွဲတော်အကြောင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုက တရုတ်သင်္ချိုင်းကန်တော့ပွဲဆိုပြီး သိရှိထားကြတဲ့ ပွဲတော်ရက်ပင် ဖြစ်ပါတယ်။


图片


သူရိန်နေဝန်းကြီးမှ လောင်ဂျီကျု ၁၅°သို့ လည်ပတ်ကျရောက်ချိန်ကို ချင်းမင် (Qing Ming) ရာသီဟု သတ်မှတ်ကာ ပုံမှန်အားဖြင့် ဧပြီလ (၄) ရက်နေ့ သို့မဟုတ် (၅)ရက်နေ့တွင် ကျရောက်လေ့ရှိသည်။

ချင်းမင် (Qing Ming) ရာသီသည် နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များအနက်မှ တစ်ခု အပါအဝင်ဖြစ်သည်။

ချင်းမင် (Qing Ming) ဆိုသည်မှာ အရာခပ်သိမ်း ရှင်သန်လန်းဆန်း၍ ရှိရှိသမျှသော အရာအားလုံး အေးချမ်းစင်ကြယ်နေသည်ဟူသော အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ပါသည်။

ချင်းမင်ပွဲတော်(တရုတ်သင်္ချိုင်းကန်တော့ပွဲ)သည် ကျိုး(Zhou)ခေတ်လောက်က စတင်လာခဲ့ပြီး ယခုလက်ရှိအချိန်တွင် နှစ်ပေါင်း (၂၅၀၀)ကျော်သမိုင်း ရှိနေပြီဖြစ်သည်။




ရိုးရာဓလေ့ထုံးတမ်းများ


ခါနွေဦးတွင်

မြို့ပြင်သို့ အလည်အပတ်ထွက်ခြင်း


ချင်းမင်(Qing Ming)ရာသီတွင် ရာသီဥတု နွေးထွေးစပြုလာပြီဖြစ်ကာ နေရာအနှံ့ရှိ အရာများအားလုံးသည်လည်း စိမ်းစိုလန်းဆန်းနေပါသည်။ ဤခါနွေဦးအချိန်ကာလတွင် မြို့ပြင်သို့ အလည်အပတ်ထွက်ခြင်း၊ နွေဦးသစ်စ ရာသီ၏ အငွေ့အသက်များကို ရှာဖွေခံစားခြင်းများဖြင့် သဘာဝတရားကြီး၏ ဝေဆာသစ်လွင်မှုများဆီသို့ ချဉ်းကပ်လေ့ရှိကြပါသည်။  


图片


သစ်ပင်စိုက်ခြင်း၊ မိုးမခခက်စိုက်ထိုးခြင်း


ချင်းမင်(Qing Ming)ပွဲတော်တွင် သစ်ပင်စိုက်ခြင်း၊ မိုးမခခက်စိုက်ထိုးခြင်း အလေ့အထများရှိပါသည်။ ဤသည်မှာ ချင်းမင်(Qing Ming)ရာသီသည် သစ်ပင်များစိုက်ပျိုးရန် အချိန်အခါကောင်းဖြစ်ပြီး မိုးမခခက် စိုက်ထိုးခြင်းဖြင့် မကောင်းဆိုးဝါးများရန်မှ ရှောင်တိမ်းလွတ်မြောက်နိုင်ကာ ကံကောင်းခြင်းများကို ဆောင်ယူလာပေးနိုင်မည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။                           


图片


ဘိုးဘေးဘီဘင်များအား အောက်မေ့ကန်တော့ခြင်း


ချင်းမင်ပွဲတော် (တရုတ်သင်္ချိုင်းကန်တော့ပွဲ) သည် တရုတ်လူမျိုးများအဖို့ အရေးကြီးသော ပူဇော်ကန်တော့ပွဲများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး ဘိုးဘေးဘီဘင်များအား ပူဇော်ကန်တော့၍ အုတ်ဂူရှင်း ကုသိုလ်ပြုသည့် ပွဲတော်ရက် ဖြစ်ပေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဘိုးဘေးများအား လွမ်းဆွတ်အောက်မေ့ပြီး နောင်လာနောက်သားများအား တန်ဖိုးရှိသော လူသားများဖြစ်စေရန် လမ်းညွှန်ပြသခြင်းသဘော သက်ရောက်ပါသည်။ ထို့အပြင် တရုတ်လူမျိုးများ၏ ဘိုးဘေးဘီဘင်၊ ဆွေမျိုးသားချင်းအချင်းချင်း အသိအမှတ်ပြုခြင်း သဘောကိုဆောင်သော သိတတ်သမှုကိုပြသသည့် နှောင်ကြိုးသဖွယ် အဓိပ္ပါယ်လည်းသက်ရောက်၏။


图片


လေတံခွန်လွှင့်ခြင်း


လေတံခွန်ကို အမြင့်ထက်သို့လွှင့်တင်ပြီးနောက်တွင် လေတံခွန်ကြိုးစလေးကို ဖြတ်တောက်လိုက်ကာ လေညင်းနှင့်အတူ လွင့်မျောပျံသန်းစေခြင်းဖြင့် ရောဂါဆိုးနှင့်ကပ်ဘေးများအား ဖယ်ရှားရှင်းလင်းနိုင်ပြီး ကံကောင်းခြင်းများ ဆောင်ကျဉ်းသယ်ဆောင်ပေးလာနိုင်မည် ဟူသော အယူအဆရှိသည်။


图片


ရိုးရာအစားအစာများ


တရုတ်နိုင်ငံ နေရာဒေသအသီးသီးတွင်  မုန့်စိမ်းလုံး၊ ချင်းမင်ဖက်ထုပ်စိမ်း၊ ချင်းမင်ခရု စသည်တို့ကို စားသုံးသော ရိုးရာများလည်းရှိပေသည်။


图片