ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “အတာသင်္ကြန် ရေသဘင်ပွဲတော်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:20:16

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ စတင်၍ “ ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင်” အစီအစဉ်ကို စတင်ခဲ့ရာ ယခုအပတ်သည် ဒုတိယမြောက်အကြိမ် ဖြစ်ပါသည်။ ပွဲတော်ရက် ကျရောက်ချိန်များတွင် ပွဲတော်ရက်နှင့် သက်ဆိုင်သော လေ့လာမှတ်သားဖွယ် အကြောင်းအရာများကို ဆက်လက်တင်ဆက် ဖော်ပြသွားမှာ ဖြစ်သောကြောင့် အားလုံး အတူတကွ လေ့လာကြရအောင်လားရှင်.....


图片


ယခုအပတ် မိတ်ဆက်ပေးမှာကတော့ မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲတော်အကြောင်းပဲ ဖြစ်ပါတယ်။


သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီများအနက် ပထမဦးဆုံး လရာသီဖြစ်သော တန်ခူးလတွင် ကျင်းပသည့် မြန်မာ့နှစ်သစ်ကူး ပွဲတော်ဖြစ်ပြီး ပုံမှန်အားဖြင့် ဧပြီလ လလယ်တွင် ကျရောက်လေ့ရှိပါသည်။ ဧပြီလသည် မြန်မာနိုင်ငံ၏ အပူပြင်းဆုံးသော အချိန်လည်း ဖြစ်ပါသည်။ 


ယခုနှစ် မဟာသင်္ကြန် ပွဲတော်ကာလမှာ ဧပြီလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့ အထိဖြစ်ပြီး (၁၇)ရက်နေ့မှာ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါသည်။ 


“သင်္ကြန်”ဟူသော ဝေါဟာရသည် “သင်္ကန္တ” ဟူသော ပါဠိဘာသာနှင့် “သင်္ကြန္တ” ဟူသော သက္ကတဘာသာမှ ဆင်းသက်လာခြင်း ဖြစ်ပြီး “ကူးပြောင်းခြင်း” ဟူသော အနက်အဓိပ္ပါယ် ရပါသည်။ 


သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များအနက်မှ အကြီးကျယ်အခမ်းနားဆုံးနှင့် အစည်ကားဆုံးသော ပွဲတော်တစ်ခု ဖြစ်ပါသည်။ 


သင်္ကြန်ပွဲတော်ကို တကောင်းခေတ်မှ စတင်ကျင်းပခဲ့ပြီး ပုဂံခေတ် (အေဒီ ၈၄၉-၁၂၉၇)တွင် ပိုမိုထင်ရှားလာခဲ့ပါသည်။ 


ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ


ရေပက်ဖျန်းကစားခြင်း


图片


ရေသည် သန့်ရှင်းစင်ကြယ်ခြင်း၊ အေးချမ်းခြင်းတို့ကို ကိုယ်စားပြုသောကြောင့် နှစ်သစ်ကူးကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ပက်ဖျန်းဆေးကြောသန့်စင်၍ စိတ်သစ်ကိုယ်သစ်ဖြင့် နှစ်သစ်ကို ကြိုဆိုသည့်သဘောဖြင့် တစ်ဦးနှင့်တစ်ဦး အတာရေများ ပက်ဖျန်းလေ့ရှိကြပါသည်။  နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန်ပွဲတော် ကျရောက်ခါနီး အချိန်တွင် မြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသအသီးသီး၌ အကြီး၊ အလတ်၊ အသေး စသဖြင့် အရွယ်အစားမျိုးစုံသော ရေကစားမဏ္ဍပ်များ၊ အုန်းလက်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲများနှင့် သင်္ကြန်ရေပက်ခံကားများကို စတင် ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။ ငွေဖလားထဲတွင် အမွှေးနံ့သာရေများထည့်ကာ သပြေခက်ကလေးများဖြင့် ပက်ဖျန်းကြသလို ရေသေနတ်၊ ရေခွက်၊ ရေပိုက်များ၊ မီးသတ်ပိုက်များဖြင့်လည်း ရေပက်ဖျန်းလေ့ ရှိကြပါသည်။ မြို့ကြီးပြကြီးများသာမက ကျေးလက်တောရွာများ၊ လမ်းမကြီးများ၊ လမ်းကြိုလမ်းကြားများ၊ စင်ပေါ်စင်အောက်၊ ကားများနှင့် လမ်းသွားလမ်းလာများထိမကျန် အဆင့်အတန်း မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ကျားမ မရွေး လူတိုင်းလူတိုင်း မည်သူမဆို အတာသင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲကာ အပြန်အလှန် နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်းများ တောင်းပေးသည့် သဘောဖြင့် အချင်းချင်း အတာရေစင် ပက်ဖျန်းကြပါသည်။


သင်္ကြန်သီချင်းနှင့် သင်္ကြန်ရိုးရာယိမ်းအကအလှများ


图片


သင်္ကြန်သီချင်းများနှင့် သင်္ကြန်ယိမ်းအက အလှများမှာလည်း မြန်မာ့အတာသင်္ကြန်ပွဲတော်၏ ထူးခြားချက်ပင် ဖြစ်သည်။ သင်္ကြန်သီချင်းများသည် သင်္ကြန်ကာလ၏ တမူထူးခြားချက်များကို ရေးဖွဲ့ကာ စပ်ဆိုထားခြင်း ဖြစ်သည်။ တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာတစ်လ၊ တစ်လမှာမှ  သင်္ကြန်ကာလအတွင်းသာ ဖူးပွင့်သည့် သစ္စာရှိသော ပန်းပိတောက်များအကြောင်း၊ ချိုမြိန်သော သင်္ကြန်အချစ်ပုံပြင်များအကြောင်း၊ ချစ်သူခင်သူ အပေါင်းအသင်း မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး ရေကစားကြသော သင်္ကြန် အမှတ်တရများအကြောင်း၊ အတာရေသဘင်ပွဲတော်ကို ဆင်နွှဲကြသော သင်္ကြန်ပျိုမေများ၏ အလှတရားများအကြောင်း အစရှိသော အကြောင်းအရာများကို ရွှင်လန်းမြူးကြွသော ဂီတသံစဉ်များနှင့် ပေါင်းဖွဲ့စပ်ဆိုလိုက်သောအခါတွင် ပွဲတော်ရက် အငွေ့အသက် ပို၍ပင် တိုးပွားလို့ လာပေသည်။ ထို့အပြင် သင်္ကြန်ယိမ်းအဖွဲ့၏ ရှုမငြီးဖွယ်ရာ အကအလှများဖြင့် ထပ်လောင်းပေါင်းစပ်လိုက်သောအခါဝယ် နေရာတိုင်း၌ စည်ကားသိုက်မြိုက်သော ပွဲတော် အငွေ့အသက်များဖြင့် ပြည့်နှက်၍ နေလေတော့သည်။


အတာသင်္ကြန် ရိုးရာအစားအစာများ


图片


မုန့်လုံးရေပေါ်သည် အတာသင်္ကြန်၏ အထင်ရှားဆုံးသော ရိုးရာအစားအစာ ဖြစ်သည်။ မုန့်လုံးရေပေါ်ထဲတွင် ထန်းလျက်ခဲ ထည့်လုံးကာ အုန်းသီးဖြူး၍ သုံးဆောင်ခြင်းသည် ချိုမြိန်သော နှစ်သစ် တစ်နှစ် ဖြစ်စေရန် ဆန္ဒမွန်ပြုခြင်း ဖြစ်ပေသည်။ ရံဖန်ရံခါတွင် သူငယ်ချင်းများကလည်း အပျော်သဘောဖြင့် ငရုတ်သီးတောင့်များ ထည့်ကာ မုန့်လုံးလေ့ရှိသည်။ ၎င်းအပြင် နေရာဒေသအလိုက် ရွှေရင်အေး၊ သင်္ကြန်ထမင်း စသည့် အစားအစာများ စားသုံးသော ဓလေ့ကွဲပြားမှုများလည်း ရှိပေသည်။ သင်္ကြန်ပွဲတော်သည်လည်း မိသားစုများ စုံစုံလင်လင် စုဝေးကြသော ပွဲတော်ဖြစ်သည်။ စားကောင်းသောက်ဖွယ်များကို မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများနှင့် အတူတကွ ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ပြုလုပ် စားသောက်ကြသလို စေတနာ သဒ္ဓါတရား ထက်သန်သော မြန်မာလူမျိုးများသည် အိမ်နီးချင်းများအား မျှဝေပေးတတ် ကြသည့်အပြင် စတုဒီသာ အလှူအနေဖြင့်လည်း ကျွေးမွေးလှူဒါန်း ကြပေသည်။


ကောင်းမှုကုသိုလ်ပြုခြင်း 


图片


ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ကျင်းပသော မဟာသင်္ကြန်ပွဲတော်၏ အထင်ရှားဆုံးသော ဝိသေသတစ်ခုမှာ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ သင်္ကြန်ကာလအတွင်း ရေကစားသူများ ရှိသကဲ့သို့ ဘုန်းကြီးကျောင်း၊ တရားစခန်းများသွားကာ ဥပုသ်စောင့်၊ တရားအားထုတ်သူများ၊ (၃)ရက်၊ (၅)ရက်၊ (၇)ရက်၊ (၁၀)ရက် စသဖြင့်  ဒုလ္လဘရဟန်းခံသူများ၊ မယ်သီလရှင် ဝတ်သူများလည်း ရှိကြပေသည်။ သင်္ကြန်ကာလ ပြီးဆုံးသွားပြီး နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယနေ့တွင် ဘုရားသွားရောက် ဖူးမြှော်ခြင်း၊ ဥပုသ်သီလစောင့်ခြင်း၊ သတ္တဝါများအား ဘေးမဲ့လွှတ်ခြင်း၊ ငါးစာကျွေးခြင်း၊ သက်ကြီးရွယ်အို၊ ဘိုးဘွားမိဘများနှင့် လူကြီးသူမများအား ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပေးခြင်း၊ လက်သည်းခြေသည်းများ ညှပ်ပေးခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ပစ္စည်းများ လှူဒါန်းခြင်း စသည်တို့ဖြင့် ကုသိုလ်ယူသော အလေ့အထများ ရှိပေသည်။ 


သင်္ကြန်ပွဲတော်ကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အစရှိသည့် နိုင်ငံများတွင်လည်း ကျင်းပကြပြီး ထိုနိုင်ငံများရှိ တိုင်တိုင်းရင်းသား၊ ခမာတိုင်းရင်းသား အစရှိသည့် တိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့်အပြင် အရေးပါသော တိုင်းရင်းသား ရိုးရာပွဲတော်လည်း ဖြစ်ပါသည်။ ရေပက်ဖျန်းကစားခြင်း၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲခြင်း၊ နဂါးခေါင်းလှေလှော်ပြိုင်ပွဲများ ကျင်းပခြင်း၊ ဘုရားရေသပ္ပါယ်ခြင်း၊ တရားစာ ရွတ်ဖတ်ခြင်း၊ အဆိုအက ဖျော်ဖြေခြင်းများ စသဖြင့် ကျင်းပလေ့ ရှိကြပါသည်။ သင်္ကြန်ပွဲတော်သည် ထိုတိုင်းရင်းသား လူမျိုးများ၏ ရေသဘင်ယဉ်ကျေးမှု၊ တေးဂီတနှင့်အကအလှ ယဉ်ကျေးမှု၊ အစားအသောက် ယဉ်ကျေးမှု အစရှိသော ရိုးရာယဉ်ကျေးမှုများ အားလုံးကို စုစည်း ပုံဖော်ထားသည့် ပွဲတော်သဘင်ပင် ဖြစ်သည်။


ယခုနှစ်မှာမူ COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် ကျွန်ုပ်တို့အနေဖြင့် ယခင်နှစ်များနှင့်မတူဘဲ လူစုလူဝေးများ၊ ပွဲလမ်းသဘင်များမရှိသည့် ထူးခြားသော သင်္ကြန်ပွဲတော်မျိုးကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားများ အားလုံးအား  မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အချိန်အခါသမယမှာ ရောဂါဘေးဘယာ ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေဟု ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆန္ဒမွန်ပြုအပ်ပါသည်။


ကိုးကားချက်။  ။မြန်မာစွယ်စုံကျမ်း အတွဲ(၁၃)၊ Myanmar National Portal ဝက်ဘ်ဆိုက်စာမျက်နှာ၊ Baidu Baike