ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “သီးနှံတိုး မိုးရာသီ (Gu Yu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:19:19

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ စတင်၍ “ ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင်” အစီအစဉ်ကို စတင် တင်ဆက်ခဲ့ပါသည်။ ပွဲတော်ရက်နှင့် ရာသီချိန် ကျရောက်ချိန်များတွင် ထိုပွဲတော်ရက်၊ ရာသီချိန်နှင့် သက်ဆိုင်သော လေ့လာမှတ်သားဖွယ် အကြောင်းအရာများကို ဆက်လက် တင်ဆက် ဖော်ပြသွားမှာ ဖြစ်သောကြောင့် အားလုံး အတူတကွ လေ့လာကြရအောင်လားရှင်.....


ယနေ့ မိတ်ဆက်ပေးမှာကတော့ နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ အနက်မှ တစ်ခု ဖြစ်သည့် “သီးနှံတိုး မိုးရာသီ” ဟု အဓိပ္ပါယ်ရသော “ကူယွီ”  (Gu Yu) ရာသီ အကြောင်းပဲ ဖြစ်ပါတယ်။


图片


သူရိန်နေဝန်းကြီးမှ လောင်ဂျီကျု ၃၀° သို့ လည်ပတ် ကျရောက်ချိန်ကို “သီးနှံတိုး မိုးရာသီ” ကူယွီ (Gu Yu) ရာသီဟု သတ်မှတ်ကာ နှစ်ဆယ့် လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ အနက်မှ ဆဋ္ဌမမြောက် ရာသီ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဧပြီလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့ အကြားတွင် ကျရောက်လေ့ ရှိပါသည်။


图片


“ချင်းမင် ရာသီတွင် နှင်းကျခြင်း ပြီးဆုံး၍ ကူယွီ ရာသီတွင် မြူနှင်းမှုန်များ ကွယ်ပျောက်လေ၏”ဟူသော တရုတ် ဆိုရိုးစကား ရှိပါသည်။ ကူယွီရာသီသည်လည်း နွေဦးရာသီ၏ နောက်ဆုံး ရာသီကာလ တစ်ခု ဖြစ်ပါသည်။ သို့ပါ၍ နွေဦးကာလ ကုန်ဆုံးချိန် နီးသထက် နီးလာကာ နွေရာသီ၏ အငွေ့အသက်များဆီသို့ တဖြည်းဖြည်း ဦးတည်စပြုနေပြီ ဖြစ်သောကြောင့် ချမ်းအေးသော ရာသီ ကုန်ဆုံးသလောက် ရှိ၍ အပူချိန်သည် အရှိန်အဟုန်တိုး မြှင့်တက်လာနေပြီ ဖြစ်ပါသည်။


图片

ကူယွီရာသီ၏ ထူးခြားချက်မှာ မိုးရွာသွန်းမှု များပြားခြင်းပင် ဖြစ်သည်။ “ကူယွီ” ဟူသော ဝေါဟာရမှာ “မိုးရေချိန် များခြင်းကြောင့် ကောက်ပဲသီးနှံ မျိုးစုံ ဖြစ်ထွန်း အောင်မြင်သည်” ဟူသော အနက်အဓိပ္ပါယ် ရှိပါသည်။ ထိုရွာသွန်းသော မိုးရေများသည် နှံစားသီးပင် မျိုးစုံအား ရှင်သန်ကြီးထွား ဖွံ့ဖြိုးစေပြီး  မိုးရေ အလုံအလောက် ရရှိမှုနှင့် ရာသီဥတု သင့်တင့် မျှတမှုများက လယ်ယာသီးနှံ အထွက်နှုန်း တိုးစေရန်အတွက် အလွန် အရေးပါ ပါသည်။ ဆောင်းသီးနှံများ ပြန်လည်စိမ်းစို၍ ပင်စည် ရှင်သန် ကြီးမြင့်ရန်အတွက် မိုးရေ လိုအပ်ပြီး နွေဦးရာသီတွင် မျိုးစေ့ချ စိုက်ပျိုးရသည့် သီးနှံပင်များမှာလည်း မိုးရေ ရရှိမှသာလျှင် အညှောက်ပေါက် ရှင်သန်နိုင်မည် ဖြစ်သည်။ ကူယွီရာသီသည် မျိုးစေ့ချခြင်း၊ ပျိုးပင် ရွှေ့ပြောင်း စိုက်ပျိုးခြင်း၊ တွင်းငယ်တူးကာ ဗူးစေ့၊ ဖရုံစေ့၊ ပဲစေ့များ ကြဲ၍ စိုက်ပျိုးခြင်းများ အတွက် အကောင်းဆုံး ရာသီ ဖြစ်ပေသည်။


图片


ကူယွီရာသီတွင် တရုတ်နိုင်ငံ တောင်ပိုင်း ဒေသ၌ အပူချိန် တဟုန်ထိုး မြှင့်တက်သွားလေ့ ရှိပါသည်။ တရုတ်နိုင်ငံ တောင်ပိုင်း အရပ်၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ အချို့သော ဒေသများမှအပ  အရှေ့ဘက် ဒေသများတွင် အပူချိန် မြင့်မားလေ့ ရှိပါသည်။ ယန်စီမြစ် အလယ်ပိုင်း၊ အောက်ပိုင်းနှင့် ယန်စီမြစ် တောင်ပိုင်း ဒေသ တစ်လျှောက်၏ မိုးရေချိန်မှာ သိသိသာသာ မြင့်မားလာပြီး အချို့ နေရာများတွင် တစ်ခါတစ်ရံ မိုးသက်မုန်တိုင်းများ ကျရောက်တတ်သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင်မူ ချင်းမင်နှင့် ကူယွီရာသီများတွင် မိုးနည်းပါး တတ်ပါသည်။ နေသာသော အချိန်များပြီး လေထု ခြောက်သွေ့သောကြောင့် လေပြင်းနှင့် သဲမုန်တိုင်းများ မကြာခဏ တိုက်ခတ်တတ်ပါသည်။


图片


တရုတ်နိုင်ငံ တောင်ပိုင်း ဒေသတွင် ကူယွီရာသီ ဝန်းကျင်၌ လက်ဖက်ရွက်ခူးသော ဓလေ့ထုံးစံ ရှိပါသည်။ ဤကာလအတွင်းရှိ နွေဦးလက်ဖက်မှာ ဗီတာမင်ဓာတ်နှင့် အေမီနို အက်စစ်များ ကြွယ်ဝသည်ဟု လက်ခံယူဆ ကြပါသည်။ ကူယွီ မနက်ခင်းတွင် ခူးယူထားသော လတ်ဆတ်သည့် လက်ဖက်ရွက်ဖြင့် ပြုလုပ်ထားသည့် လက်ဖက်ခြောက်သည်သာလျှင် ကူယွီလက်ဖက် စစ်စစ် ဖြစ်သည်ဟု သတ်မှတ်ကြသည်။  ထိုနေ့တွင် ခူးယူသော လက်ဖက်ရွက်ဖြင့် ဖျော်စပ်ထားသည့် လက်ဖက်ရည်ကြမ်းကို သောက်သုံးပါက အပူငြိမ်းခြင်း၊ မကောင်းဆိုးဝါး အန္တရာယ်မှ ငြိမ်းလွတ်ခြင်း၊ မျက်စိအား ကောင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်ဟုလည်း ဆိုစမှတ် ပြုကြသည်။


图片


တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွင် သစ်ကတိုးရွက်မွှေး စားသုံးသော ထုံးစံ ရှိပါသည်။  “ကူယွီ မိုးမကျခင် အချိန်၌ သစ်ကတိုးရွက်မွှေး များသည် ပိုးချည်လေးများကဲ့သို့ နုဖတ် နူးညံ့သည်” ဟူသော တရုတ်အဆို ရှိပေသည်။ ဤရာသီထွက် သစ်ကတိုးရွက်မွှေးသည် အနံ့အရသာ မွှေးကြိုင်လှကာ အာဟာရဓာတ် ပြည့်ဝပြီး ခုခံအားစနစ်ကို မြှင့်တင်ပေး စေနိုင်ပါသည်။ အစာအိမ် အူလမ်းကြောင်းအတွက် ကောင်းမွန်စေပြီး ဝမ်းလျှောခြင်းများ သက်သာစေကာ အသားအရည် စိုစွတ် ချောမွတ်စေခြင်း၊ အရောင်ကျစေခြင်း စသည့် အစွမ်းသတ္တိများ ရှိပေသည်။


图片


ကူယွီရာသီတွင် အပူချိန် မြင့်မားလာခြင်းကြောင့် အရာခပ်သိမ်းတို့ နိုးထ ရှင်သန်လာကြပြီး အန္တရာယ်ရှိသည့် အင်းဆက် ပိုးကောင်များမှာလည်း ပေါက်ဖွား ထကြွစ ပြုလာကာ လူသားများကို အန္တရာယ် ဖြစ်စေတတ်ပါသည်။ သီးနှံများနှင့် လူသားများအား အကျိုးယုတ်စေသည့် ပိုးကောင်များ၏ ရန်ကို လျှော့ချ နှိမ်နင်းရန်အတွက် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများသည် လယ်ကွင်းတွင်း ပိုးသတ်ကြသလို ကူယွီ အန္တရာယ်ကင်း စာသားများကိုလည်း ကပ်ထားကြလေ့ ရှိသည်။ ဤထုံးစံသည် ဆန်းတုံး၊ ဆန်းရှီး၊ ဆန်ရှီး ဒေသတစ်လျှောက်တွင် အလွန် ခေတ်စားပြီး  အန္တရာယ်ပေးတတ်သော အင်းဆက် ပိုးကောင်များကို နှိမ်နင်းပြီး သီးနှံ အထွက်တိုး အောင်မြင် ဖြစ်ထွန်းလိုသော လူသားများ၏ ဆန္ဒများကို ထင်ဟပ်စေပါသည်။


图片

“ပန်းတကာ့ပန်းတို့၏ ဘုရင်” ဟု ဆိုစမှတ် ပြုရသော ပီအိုနီပန်းသည် ကူယွီရာသီ ဝန်းကျင်တွင် ကြော့ကြော့မော့မော့နှင့် ဝင့်ကြွားစွာ ဖူးပွင့် နေလေသောကြောင့် ထိုပန်းကို “ကူယွီပန်း” ဟူ၍လည်း ခေါ်စမှတ် ပြုကြသည်။ ပီအိုနီပန်း ရှုစားခြင်း ဓလေ့သည်လည်း လူများ၏  အပန်းဖြေစရာ တစ်ခု ဖြစ်လာကာ ယခုထက်တိုင်ပင် ဆန်းတုံးပြည်နယ် ဟဲကျယ်၊ ဟဲနန်ပြည်နယ် လော့ရန် အစရှိသော ဒေသများတွင် ကူယွီရာသီ၌ ပီအိုနီ ပန်းပွဲတော်များ ကျင်းပလေ့ ရှိသည်။


图片


တရုတ်နိုင်ငံ မြောက်ပိုင်းအရပ် ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တံငါသည်များသည် ကူယွီရာသီ၌ ပင်လယ်ကို ပူဇော်သော ဓလေ့ ရှိပါသည်။ ကူယွီရာသီ ကျရောက်ချိန်တွင် တံငါသည်များသည် ပင်လယ်နတ်များကို ပူဇော်ကန်တော့ပြီး မိမိတို့ ပင်လယ်ထွက်ချိန်တွင်  အန္တရာယ်ကင်း ဘေးရှင်းပြီး ပင်လယ်ရေထွက် ပစ္စည်းများ  အပြည့်အလျှံ ရရှိစေရန် တောင်းဆုပြုကြသည်။ တရုတ်ရှေးခေတ် တံငါသည်များက နတ်တစ်ပါးနှင့် တစ်ပါးတွင် မတူညီသော ကိုယ်ပိုင် အားသာချက် အစွမ်းပက ရှိသည်ဟု ယူဆသောကြောင့် နတ်မျိုးစုံကို ပူဇော်ပသသော ဓလေ့များ ရှိလာခဲ့ပါသည်။ ယခုအခါတွင်မူ ရိုးရာအခမ်းအနား ကျင်းပခြင်းအပြင် တံငါသည်များ၏ ယဉ်ကျေးမှုကို ပဓာနထားသော ပျော်ပွဲရွှင်ပွဲကြီး အသွင်သို့ ပြောင်းလဲ လာခဲ့ပေသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့်“Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”