ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ခါနွေပျိုးစရာသီ (Li Xia)”
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ စတင်၍ “ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင်” အစီအစဉ်ကို စတင် တင်ဆက်ခဲ့ပါသည်။ ပွဲတော်ရက်နှင့် ရာသီချိန် ကျရောက်ချိန်များတွင် သက်ဆိုင်ရာ လေ့လာမှတ်သားဖွယ် အကြောင်းအရာများကို ဆက်လက် တင်ဆက် ဖော်ပြသွားမှာ ဖြစ်သောကြောင့် အားလုံး အတူတကွ လေ့လာကြရအောင်လားရှင်.....
ယနေ့ မိတ်ဆက်ပေးမှာကတော့ နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ အနက်မှ “ခါနွေပျိုးစရာသီ” အကြောင်းပဲ ဖြစ်ပါတယ်။
သူရိန်နေဝန်းကြီးမှ လောင်ဂျီကျု ၄၅° သို့ လည်ပတ် ကျရောက်ချိန်ကို “ခါနွေပျိုးစရာသီ”ဟု သတ်မှတ်ကာ နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ အနက်မှ သတ္တမမြောက် ရာသီဖြစ်ပြီး ရာသီဥတု အပြောင်းအလဲကို ထင်ဟပ်ဖော်ပြသော ရာသီချိန်တစ်ခု ဖြစ်ပေသည်။
ခါနွေပျိုးစရာသီ ကျရောက်ချိန်တွင် နွေဦးရာသီ ကုန်ဆုံးသွားပြီး ပူပြင်းသော နွေရာသီသို့ ကူးပြောင်းစ ပြုနေပြီပင် ဖြစ်သည်။ ၎င်းနှစ်၏ နွေရာသီ စတင်သော ပထမဦးဆုံးရက် ဖြစ်ပြီး ပုံမှန်အားဖြင့် မေလ ၅ ရက်နေ့ (သို့) ၆ ရက်နေ့တွင် ကျရောက်လေ့ ရှိပါသည်။
“သစ်မြက်ပေါင်းပင် ပွားများချိန် ခါနွေဝင်စအချိန်၊ စိမ်းစိုဝေဆာသစ်ပင်များ အိမ်ဝန်းတစ်ဝိုက် ရစ်ဝိုင်းထား။” ဟု စာအဆို ရှိသကဲ့သို့ ဤအချိန်တွင် သစ်ပင်၊မြက်ပင်များ မြိုင်ဆိုင်စွာ ရှင်သန်ပေါက်ရောက်လျက် ရှိကြပါသည်။ အကယ်၍ နွေဦးရာသီသည် “ရှင်သန်ပေါက်ဖွားခြင်း”ကို ကိုယ်စားပြုသည့် ရာသီဖြစ်လျှင် နွေရာသီသည် “ကြီးထွားဖွံ့ဖြိုးခြင်း” အဓိပ္ပာယ်ကို ဖော်ဆောင်သည့် ရာသီပင်ဖြစ်သည်။
ခါနွေပျိုးစရာသီချိန် ကျရောက်ချိန်မှ စတင်၍ တရုတ်တစ်နိုင်ငံလုံးတွင် အပူချိန် သိသိသာသာ မြင့်မားလာပြီး မိုးရွာသွန်းမှုသည်လည်း သိသိသာသာ များပြားလာပါသည်။
တရုတ်တိုင်းရင်းဆေးပညာအမြင်အရ နွေဦးနှင့် နွေရာသီ အကူးအပြောင်း ကာလတွင် ရာသီဥတု အပြောင်းအလဲ အလိုက် အစားအသောက်ကို လိုက်လံ ထိန်းညှိပြောင်းလရန်၊ လုံလုံလောက်လောက် အနားယူရန်၊ ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းစေရန် အထူးဂရုပြုရမည် ဖြစ်သည်။
ခါနွေပျိုးစရာသီသည် ဥတုရာသီ တစ်ခု၏ အစ ဖြစ်သည့်အလျောက် ရှေးယခင်ကတည်းကပင် ခမ်းနားကြီးကျယ်သော ပွဲတော်တစ်ခုပင် ဖြစ်သည်။ ရာဇဝင် မှတ်တမ်းများအရ အနောက်ကျိုးခေတ် ကာလကတည်းကပင် ခါနွေပျိုးစရာသီ ကျရောက်ချိန်တွင် ဘုရင်မင်းမှ ဦးဆောင်၍ မှူးကြီးမတ်ရာများနှင့်အတူ မင်းနေပြည်တော် မြို့ပြင်ရှိ တောင်ဘက် မြို့စွန်မြို့ဖျား အရပ်တွင် “ခါနွေဦးရာသီ ကြိုဆိုခြင်း”အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ကြပါသည်။“ခါနွေဦးရာသီ ကြိုဆိုခြင်း” အထိမ်းအမှတ်ပွဲသည် ရှေးယခင်ခေတ်ကတည်းကပင် သီးထွက်ကောင်းစေရန် တောင်းဆုပြုခြင်း၊ လယ်စိုက်ပျိုးရန် တိုက်တွန်းနှိုးဆော်ခြင်းများ ကျင်းပသည့် တိုင်းပြည်ရေးရာ ကိစ္စရပ်ကြီးပင် ဖြစ်ပေသည်။
ရှေးခေတ်အခါက ခါနွေပျိုးစရာသီတွင် ကိုယ်အလေးချိန်ချိန်ခြင်း ဓလေ့လည်း ရှိပေသည်။ ခါနွေပျိုးစရာသီ ကျရောက်ချိန်တိုင်းတွင် ရွာအဝင်ဝ (သို့) မုခ်ဝတွင် သစ်သား အလေးချိန်ခွင်ကြီးကို ချိတ်ထားပြီး ထိုင်ခုံတစ်လုံးကိုပါ ချိတ်ဆွဲ ထားရှိကာ တစ်ဦးချင်းစီ အလှည့်ကျ ထိုင်ခုံပေါ်တွင် ထိုင်၍ ကိုယ်အလေးချိန် ချိန်ကြပါသည်။ ချိန်ခွင် ကိုင်ထားသူက တစ်ဖက်တွင် အလေးထည့်ချိန်ရင်း တစ်ဖက်တွင်လည်း အလေးချိန်နေသူအား အသက်ရှည် ကျန်းမာပါစေကြောင်းနှင့် အခြား မင်္ဂလာစကားများ ပြောဆိုပြီး လာဘ်ရွှင်ကံပွင့်ကြစေရန်လည်း ဆန္ဒမွန်ပြု ဆုတောင်းပေးလေ့ ရှိပါသည်။
“ခါနွေပျိုးစရာသီတွင် ကြက်ဥပြုတ်ကို ကလေးငယ်၏ ရင်ဘတ်တွင် ချိတ်ဆွဲပေးလျှင် ကလေးသူငယ်များ နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော ရာသီရောဂါများကို ကာကွယ်စေနိုင်သည်”ဟူသော ဆိုရိုးစကား ရှိပါသည်။ လူများသည် ဤခါနွေပျိုးစရာသီ ကျရောက်သည့်နေ့ နေ့လယ်တွင် ကြက်ဥ အပြီးပြုတ်လေ့ ရှိကြသည်။ ကြက်ဥများကို အလုံးလိုက် ထည့်ပြုတ်ကာ ကြက်ဥသည် အပြစ်အနာအဆာ ကင်းစင်၍ စင်းလုံးချော ဖြစ်နေရမည်။ ထို့နောက် ရေအေးဖြင့် မိနစ်အနည်းငယ် စိမ်ထားပြီးနောက်တွင် ကြိုတင်ပြင်ဆင် ရက်လုပ်ထားသည့် ပိုက်ကွန်အိတ်ငယ်လေးထဲသို့ ထည့်ကာ ကလေးငယ်၏ လည်ပင်းတွင် ချိတ်ဆွဲပေးခြင်းဖြင့် ကလေးငယ်အား နွေရာသီတွင် ကျန်းကျန်းမာမာ ကြီးပြင်းလာစေရန် ဆုတောင်းကြပါသည်။
တရုတ်တစ်နိုင်ငံလုံးတွင် နေရာဒေသအလိုက် မတူညီသော ရိုးရာဒေသစာများလည်း ရှိပေသည်။ ခါနွေပျိုးစရာသီ ကျရောက်သည့်နေ့တွင် နေရာအတော်များများ၌ ရာသီစာထမင်း ဖြစ်သော ပဲနီ၊ ပဲပုပ်၊ ပဲနက်၊ ပဲစိမ်း၊ ပဲတီစိမ်းတို့ဖြင့် ချက်လုပ်ထားသော “ငါးရောင်ထမင်း” ကို စားသုံးလေ့ ရှိသည်။ ဟူနန်ပြည်နယ် ချန်ရှား (Changsha) မြို့တွင်မူ မွေးဖြူမြက်နှင့် ကောက်ညှင်းဆန်မှုန့်တို့ကို ရောယှက် ချက်ပြုတ်ထားသည့် “ခါနွေပျိုးစရာသီစွပ်ပြုတ်”ကို စားသုံးလေ့ ရှိသည်။ အိမ်နီးနားချင်းမှ လာရောက်ဝေမျှသည့် ဆန်မျိုးစုံနှင့် ချက်ထားသော “ခုနှစ်အိမ်ထောင်ဆန်ပြုတ်” နှင့် “ခုနှစ်အိမ်ထောင်လက်ဖက်ရည်ကြမ်း” သုံးဆောင်ခြင်းသည်လည်း ဓလေ့ပုံစံ အသစ်တစ်မျိုးပင် ဖြစ်ပေသည်။ တောရွာများတွင်လည်း ကြက်ဥပြုတ်၊ ဝါးမျှစ်၊ အခွံပါ စားတော်ပဲ အစရှိသည့် ဒေသစာများ ခင်းကျင်းစားသုံးသော ဓလေ့လည်း ရှိပေသည်။ ထိုကဲ့သို့သော ခါနွေပျိုးစရာသီချိန်၏ အားဖြည့်စားသုံးခြင်း နည်းလမ်းများသည် နွေရာသီအချိန်တွင် ခန္ဓာကိုယ် ကျန်းကျန်းမာမာ ရှိစေလိုသော ဆန္ဒကို ဖော်ပြခြင်းပင် ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့်“Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”