ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ကဆုန်ညောင်ရေသွန်းပွဲ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:17:31

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ စတင်၍ “ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင်” အစီအစဉ်ကို စတင် တင်ဆက်ခဲ့ပါသည်။ ပွဲတော်ရက်နှင့် ရာသီချိန် ကျရောက်ချိန်များတွင် သက်ဆိုင်ရာ လေ့လာမှတ်သားဖွယ် အကြောင်းအရာများကို ဆက်လက် တင်ဆက် ဖော်ပြသွားမှာ ဖြစ်သောကြောင့် အားလုံး အတူတကွ လေ့လာကြရအောင်လားရှင်.....


ယနေ့ မိတ်ဆက်ပေးမှာကတော့ မြန်မာ့ရိုးရာ ဆယ့်နှစ်လ ရာသီပွဲတော်များ အနက်မှ “ကဆုန်ညောင်ရေသွန်းပွဲ”  အကြောင်းပဲ ဖြစ်ပါတယ်။


图片


မြန်မာ့ရိုးရာပွဲတော် ညောင်ရေသွန်းပွဲသည် မြန်မာလများအနက် ဒုတိယမြောက်လ ဖြစ်သည့် ကဆုန်လတွင် ကျင်းပသော ပွဲတော် ဖြစ်သောကြောင့် “ကဆုန်ညောင်ရေသွန်းပွဲ” ဟူ၍ သတ်မှတ် ခေါ်ဝေါ်ကြသည်။ ပုံမှန်အားဖြင့် ဧပြီလ လကုန်ပိုင်းနှင့် မေလ လဆန်းပိုင်း အကြားတွင် ကျရောက်လေ့ ရှိသည်။


ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော ဘာသာရေးပွဲတော်ကြီး တစ်ခု ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသော ပွဲတော်တစ်ခု ဖြစ်ပေသည်။


“ကဆုန်”ဟူသောဝေါဟာရတွင် “က”သည် “ရေ”ဟူသော အနက်ရှိပြီး  “ဆုန်”သည် “သွန်းလောင်းခြင်း”ဟူသော အဓိပ္ပာယ်ရလေသည်။ “ကဆုန်လ”ဆိုသည်မှာ “ရေစင်သွန်းလောင်းသောလ” ဟူ၍ အနက်ရှိပေသည်။


ကဆုန်လသည် မြန်မာနိုင်ငံ နွေဥတု၏ နောက်ဆုံးလ ဖြစ်ပြီး အပူရှိန် လွန်ကဲသော လတစ်လလည်း ဖြစ်ပေသည်။


图片


ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရား ရှေးယခင် သုမေဓာ ရဟန်းဘဝတွင် ဒီပင်္ကရာဘုရားရှင်ထံမှ နိယတဗျာဒိတ်တော် ခံယူတော်မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထဂေါတမ ဖွားမြင်တော်မူသောနေ့၊ သစ္စာလေးပါးတရားကို သိမြင်တော်မူ၍ သဗ္ဗညုတရွှေဉာဏ် ဘုရားရှင် အဖြစ်သို့ ရောက်ရှိတော်မူသောနေ့နှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်ပင် ထူးမြတ်ပြီး အလေးထားသော နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်သည့်အပြင် ထိုနေ့ကို “ဗုဒ္ဓနေ့”ဟူ၍လည်း ဆိုစမှတ်ပြုကြသည်။


ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားစေတီပုထိုးများသို့ သွားရောက်၍ ဘုရားဖူးမြှော် ကန်တော့ခြင်းများ အပြင် မဟာဗောဓိ ညောင်ပင်အား ရေစင် သွန်းလောင်းသည့် အလေ့အထလည်း ရှိပါသည်။ မဟာဗောဓိညောင်ပင်အား ရေစင် သွန်းလောင်းရခြင်းမှာ ဗောဓိညောင်ပင်သည် ဂေါတမမြတ်စွာဘုရား နှင့်အတူ တစ်ချိန်တည်း ဖွားမြင် ဖြစ်ပေါ်လာသော “ဖွားဖက်တော် ခုနှစ်ပါး” အနက်မှ တစ်ပါး အပါအဝင် ဖြစ်ကာ မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်အောက်တွင်ပင် တရားကျင့်ကြံ အားထုတ်ပြီး ဘုရားရှင် အဖြစ်သို့ ရောက်ရှိတော်မူခဲ့သောကြောင့် ဖြစ်သည်။ ပူပြင်း ခြောက်သွေ့လှသော နွေရာသီတွင် ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်းဖြင့်  ညောင်ပင်ကြီး ပိုမိုစိမ်းစို ရှင်သန်စေရန်အတွက် ရည်ညွှန်းခြင်းအပြင် ဗုဒ္ဓသာသနာတော် အဓွန့်ရှည် ပြန့်ပွားစေရန် ဆန္ဒမွန်ပြုခြင်း  သဘောလည်း ပါဝင်ပေသည်။


图片

 

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးသည် ကဆုန်ညောင်ရေသွန်းပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသည့် အဓိကကျသော နေရာ တစ်ခုပင် ဖြစ်ပေသည်။ ကဆုန်လပြည့်နေ့ ကျရောက်တိုင်း ပုံမှန်အားဖြင့် မနက် ၅ နာရီ၊ ၆ နာရီဝန်းကျင်တွင် အရပ်လေးမျက်နှာရှိ  နေရာဒေသ အသီးသီးမှ လူများသည် ညောင်ရေအိုးကို လက်တွင် ကိုင်ဆောင်လာ၍ ဖြစ်စေ၊ ခေါင်းပေါ်၌ ရွက်တင်လာ၍ ဖြစ်စေ  ရွှေတိဂုံစေတီဝင်း အတွင်းရှိ ဗောဓိညောင်ပင်အောက်တွင် လာရောက် စုရုံးကြသည်။ ထို့နောက် ညောင်ပင်အား နာရီလက်တံ လည်ပတ်သည့်အတိုင်း လက်ယာရစ် ပတ်ပြီးသည် နှင့်တစ်ပြိုင်နက် သဘာပတိကြီးက အခမ်းအနား စတင်ကြောင်း ကြေညာလေသည်။ ရှေးဦးစွာ နတ်ဗြဟ္မာအပေါင်းအား ပင့်ဖိတ်ပြီး ဆရာတော်များက ကိုးပါးသီလ တရားတော်များ ဟောကြားကာ ပွဲလာပရိသတ်များက တရားတော် နာကြား၍ သီလဆောက်တည်ခြင်းများ ပြုအပြီးတွင်မှ ညောင်ရေ သွန်း‌လောင်းကြပါသည်။ ၎င်းနောက်  အများပြည်သူအပေါင်းက နေဝင်ချိန်ထိတိုင်အောင်ပင် ညောင်ရေသွန်း‌ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ‌လေ့ ရှိကြသည်။


မြန်မာတစ်ပြည်လုံးရှိ မြို့ကြီးမြို့ငယ်နှင့် ကျေးလက်တောရွာများတွင် လူအများက မိမိတို့ နေထိုင်ရာ အနီးအနားရှိ ညောင်ပင် သို့မဟုတ် ညောင်ပင်ရှိရာ ဘုရားစေတီဝင်းများနှင့် လမ်းမများတွင် ရေစင် ထည့်ထားသော ညောင်ရေအိုးများကို သယ်ယူ၍  ‌ညောင်ရေသွန်း‌လောင်းလေ့ ရှိသည်။


အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို အစရှိသော ဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံများတွင်လည်း အလားတူပင်  “Vesak Day” ဟုခေါ်သော ဗုဒ္ဓနေ့ကို ကျင်းပပြုလုပ်လေ့  ရှိကြသည်။


ကိုးကားချက်။ ။ ရွှေစည်တော်စာပေမှ ပုံနှိပ်ထုတ်ဝေသည့် “မြန်မာ့ရိုးရာ ဆယ့်နှစ်လ ရာသီပွဲတော်များအကြောင်း”၊ www.myanmar.gov.mm ဝက်ဘ်ဆိုက်စာမျက်နှာ


ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။