ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “သီးနှံပြည့်ဖြိုးအောင်မြင်စရာသီချိန် (Xiao Man)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခု အနက်မှ “သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်” ဟု အနက်အဓိပ္ပာယ်ရသော “ရှောင်မန် (Xiao Man)”ရာသီချိန်ပင် ဖြစ်ပါသည်။
“သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်” ဟု အနက်အဓိပ္ပာယ်ရသော “ရှောင်မန် (Xiao Man)” ရာသီချိန်သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခု အနက်မှ တစ်ခုဖြစ်ပြီး နွေဥတု၏ ဒုတိယမြောက် ရာသီချိန် ဖြစ်ပါသည်။ သူရိန်နေဝန်းကြီးမှ လောင်ဂျီကျု ၆၀° သို့ လည်ပတ်ကျရောက်ချိန် ဖြစ်ကာ ပုံမှန်အားဖြင့် မေလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ အကြားတွင် ကျရောက်လေ့ ရှိပါသည်။
“ရှောင်မန် (Xiao Man)” ဆိုသည်မှာ နွေပေါ်သီးနှံ မျိုးစေ့များ ပြည့်ဖြိုးစ ပြုလာပြီး အလုံးစုံ ကြီးထွား အောင်မြင်မှု မရှိသေးခြင်း အနက်ဆောင်သောကြောင့် သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန် “ရှောင်မန် (Xiao Man)” ရာသီချိန်ဟု အမည်တွင်ရခြင်း ဖြစ်ပါသည်။
ဤရာသီချိန်တွင် တရုတ်နိုင်ငံ တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းသော အခြေအနေ ဖြစ်ပေါ်တတ်ပြီး “သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်ခါဝယ် မြစ်ချောင်း အင်းအိုင်များ၌ မိုးကျရေများဖြင့် ပြည့်လျှံလျက် ရှိ၏။” ဟူသော ဆိုရိုးစကား တစ်ရပ်ပင် ရှိလေသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ
ယန်စီမြစ် တောင်ပိုင်းဒေသများတွင် “သီးပြည့်အောင်စ ရာသီအကျ၊ အာရုံမရ အခြားကိစ္စ၊ စက်သုံးစက်ကို လည်ကာပတ်လို့၊ များပြားအလုပ် တို့ကြိုးစားလုပ်။” ဟူသော ဆိုရိုးစကားတစ်ရပ် ရှိပါသည်။ “စက်သုံးစက်” ဆိုသည်မှာ ရေဒလက်စက်၊ ဆီကြိတ်စက်နှင့် ပိုးချည်မျှင်ငင်စက် တို့ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဤရာသီချိန်တွင် လယ်သမားဦးကြီးများသည် ရေဒလက်စက်ဖြင့် ရေငင်ယူ၍ ရေသွင်းစိုက်ပျိုးကြပြီး ရိတ်သိမ်းပြီးသား ဆီထွက်မုန်ညင်းနက်များကိုလည်း ဆီကြိတ်စက်ဖြင့် ကြိတ်နယ်၍ ဆီထုတ်ရပါသည်။ ပိုးမွေးမြူသူများသည်လည်း ပိုးချည်မျှင်ငင်စက်များဖြင့် ပိုးအိမ်မှ ပိုးချည်များ ငင်ရန်အတွက် စတင်လှုပ်ရှား လုပ်ကိုင်လာကြရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤရာသီချိန်တွင် လယ်ယာလုပ်ငန်းများဖြင့် အလုပ် များပြားနေကြသည်ကို သိရှိနိုင်ပါသည်။
“ရှောင်မန် (Xiao Man)”ရာသီချိန်တွင် ဂျုံပင်များကိုလည်း သင့်တင့်လျောက်ပတ်စွာ ရေလောင်းပေးသင့်ပြီး ခြောက်သွေ့ခြင်း၊ လေပူ တိုက်ခတ်ခြင်းများကြောင့် ထိခိုက်မှု မရှိစေရန် ဂရုပြုပေးရပေမည်။ မှန်လုံအိမ် စိုက်ပျိုးပင်များ လေဝင်လေထွက် ရရှိစေရန်၊ မြေပေါ် စိုက်ပျိုးရသော ဟင်းသီးဟင်းရွက်များအား မြေသြဇာ ထည့်ကျွေး အားဖြည့်ပေးရန်နှင့် တစ်ချိန်တည်းမှာပင် အင်းဆက် ပိုးမွှားများရန်မှ ကြိုတင် ကာကွယ်ရန်လည်း ဂရုပြုရမည် ဖြစ်သည်။
ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ
ရှေးခေတ်အခါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ဆည်ရေသွင်းခြင်းသည် အလွန်အရေးပါ အရာရောက်လှပေသည်။ သို့သော် တောင်ကုန်း ဒေသများတွင်မူ မြေမျက်နှာသွင်ပြင် အနေအထား မြင့်မား၍ ဆည်ရေသွင်း စိုက်ပျိုးရန် အဆင်မပြေသောကြောင့် နောက်ပိုင်းတွင် ရေကို မြေနိမ့်ရာမှ မြေမြင့်ရာသို့ ဆွဲတင်နိုင်သော ရေဒလက်စက်ကို တီထွင်ခဲ့ကြသည်။ “သီးနှံ ပြည့်ဖြိုး အောင်မြင်စ ရာသီချိန်” တွင် ရေဒလက်စက် နတ်မင်းကို ပူဇော်ကန်တော့သည့် အလေ့အထရှိပြီး ထိုနှစ်အတွက် မိုးရေများ အပြည့်အလျှံ ရရှိကာ လယ်ယာသီးနှံများ ဖြစ်ထွန်း အောင်မြင်နိုင်စေရန် ရည်ရွယ်မျှော်လင့်ပါသည်။
“ပိုးချည်နတ်” သည် ဤ “သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်” တွင် ဖွားမြင်လာသည် ဟူ၍ ဆိုကြသည်။ အမျိုးသားများ လက်ထွန်ယက်ပြီး အမျိုးသမီးများ ရက်လုပ်ငန်း ရက်လုပ်ကြသည့် တရုတ် ရှေးရိုးရာ လူ့ဘောင်အဖွဲ့အစည်းတွင် ပိုးချည်မျှင်သည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသများ၊ အထူးသဖြင့် ယန်စီမြစ် တောင်ပိုင်းရှိ ကျန်းစူးနှင့် ကျဲ့ကျန်းပြည်နယ်များ၏ ရက်ကန်းလုပ်ငန်းအတွက် အရေးကြီးသော ကုန်ကြမ်းတစ်မျိုး ဖြစ်ပြီး အိမ်တိုင်းနီးပါး ပိုးမွေးမြူရေးကို လုပ်ကိုင်ကြပါသည်။ ပိုးကောင်သည် အလွန် ဂရုစိုက် ထိန်းသိမ်းမွေးမြူရပြီး ရှေးအခါက ပိုးကောင်ကို “သဘာဝက ချီးမြှင့်သော ရတနာ”ဟူ၍ပင် သတ်မှတ်ကြပါသည်။ သို့ဖြစ်၍ သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်ဝန်းကျင်၌ “ပိုးချည်နတ်အား ပူဇော်ကန်တော့ခြင်း” ဓလေ့ရှိပြီး ပိုးမွေးမြူရေးလုပ်ငန်း အဆင်ပြေ အောင်မြင်စေရန် ဆုတောင်းလေ့ ရှိကြသည်။
တရုတ်နိုင်ငံမြောက်ပိုင်း အချို့ဒေသများတွင် ဤရာသီချိန်၌ ဂျုံပင်များ ရင့်မှည့်စ ပြုလာပြီ ဖြစ်ကာ တောင်သူလယ်သမားဦးကြီးများက ယာထဲမှ စိမ်းတစ်ဝက် မှည့်တစ်ဝက် ဂျုံနှံများကို ခူးဆွတ်လာပြီး မီးဖိုပေါ်တွင် ကျက်အောင် ကင်၍ ကလေးများအား ကျွေးမွေးကြပါသည်။ ဂျုံနှံကင်သည် တရုတ်နိုင်ငံ မြောက်ပိုင်းသားများ၏ ငယ်စဉ်အခါ ကလေးဘဝ မမေ့နိုင်ဖွယ် အမှတ်တရများ ဖြစ်လာရခြင်းမှာ ဤအလေ့အထသည် ပျော်ရွှင် စိတ်ဝင်စားဖွယ် ကောင်းရုံသာမက လယ်သမားများ၏ လယ်ယာသီးနှံ အထွက်တိုး အောင်မြင်လိုသည့် ဆန္ဒမွန်ကိုလည်း ထင်ဟပ် ဖော်ပြနေပါသည်။
အလေ့ကျပေါက် ဟင်းရွက်ပင်များ စားသုံးခြင်းသည်လည်း “သီးနှံ ပြည့်ဖြိုးအောင်မြင်စ ရာသီချိန်” ၏ ဓလေ့တစ်မျိုး ဖြစ်ပြီး အခါးဓာတ် အနည်းငယ်ပါသော အစားအစာများကို စားသုံးပေးခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ ဤရာသီချိန်တွင် မုန်ညင်းခါးကို စားသုံးပေးသင့်ပြီး မုန်ညင်းခါးကို ကြော်ချက်၍ သော်လည်းကောင်း၊ ဟင်းရည်ပြုတ်သောက်၍ သော်လည်းကောင်း ပြုလုပ် သုံးဆောင်နိုင်ပါသည်။ မုန်ညင်းခါးရှိ အခါးဓာတ်တွင် အဖန်ဓာတ်လေး ပါဝင်နေပြီး ထိုဖန်သော အရသာထဲတွင် ချိုသောအရသာ ထပ်မံ ပါရှိနေခြင်းကြောင့် လတ်ဆတ်၍ အရသာရှိလှပါသည်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဓာတ်များစွာနှင့် သတ္တုဓာတ်၊ သကြားဓာတ် စသည့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အပူငြိမ်း သွေးအေး၍ အဆိပ်အတောက်များ ပြေစေနိုင်စွမ်း ရှိပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့်“Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”