ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ယာလုပ်ငန်းဆောင်တာ ထွေပြောများပြားချိန် (Mang Zhong)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:15:51

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခု အနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး နွေဥတု၏ တတိယမြောက် ရာသီချိန် ဖြစ်သော “ရိတ်သိမ်းမုယော၊ စိုက်ပျိုးကောက်နှံ ရာသီချိန်”  သို့မဟုတ် “ယာလုပ်ငန်းဆောင်တာ ထွေပြောများပြားချိန်”ဟု အနက်အဓိပ္ပာယ်ရသော “‌မန်ကျုံ (Mang Zhong)” ရာသီချိန်ပင် ဖြစ်ပါသည်။


图片


သူရိန်နေဝန်းကြီးမှ လောင်ဂျီကျု ၇၅° သို့ လည်ပတ်ကျရောက်ချိန်ကို “‌မန်ကျုံ (Mang Zhong)” ရာသီချိန်ဟု ခေါ်ဝေါ်သတ်မှတ်ကာ ပုံမှန်အားဖြင့် ဇွန်လ (၅) ရက်နေ့ သို့မဟုတ် (၆) ရက်နေ့တွင် ကျရောက်လေ့ ရှိပါသည်။


ဤရာသီချိန်တွင်  ဂျုံ၊မုယော စသည့် သီးနှံပင်များ ရင့်မှည့်နေပြီ ဖြစ်သောကြောင့် ရိတ်သိမ်းနိုင်ပြီဖြစ်ကာ တစ်ချိန်တည်းမှာပင် ကောက်စပါးသီးနှံပင် မျိုးစေ့များကို  စတင်ဖြန့်ကြဲစိုက်ပျိုးရန် အကောင်းဆုံး ရာသီချိန်လည်း ဖြစ်ပေသည်။ သို့ပါ၍ ဤရာသီချိန်တွင် သီးအောင်ပင်များကို ရိတ်သိမ်းရုံတင်မက သီးနှံပင်အသစ်များကိုပါ စတင်စိုက်ပျိုးရန်လည်း အသင့်တော်ဆုံးသော ရာသီကာလပင် ဖြစ်ပေသည်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တောင်ပိုင်းဒေသမှ မြောက်ပိုင်းအရပ်ဒေသအထိ နေရာတိုင်းတွင် လယ်ယာရိတ်သိမ်းခြင်း၊ စိုက်ပျိုးခြင်းများဖြင့် အလုပ်ထွေပြားလှပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၏ အထွတ်အထိပ်အချိန်သို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ ဤကာလသည်လည်း တောင်သူလယ်သမားဦးကြီးများ၏ အလုပ်အများပြားဆုံးသော အချိန်ကာလလည်း ဖြစ်ပေရာ “‌မန်ကျုံ (Mang Zhong)”ရာသီချိန်၏ တရုတ်စာအသံထွက်မှာလည်း “ယာလုပ်ငန်းဆောင်တာ ထွေပြောများပြားချိန်”ဟု အနက်အဓိပ္ပာယ်ရသော တရုတ်စာလုံးနှင့် အသံထွက်ချင်း ဆင်တူနီးစပ်လှပေသည်။


ဤရာသီချိန်၏ အထင်ရှားဆုံးသော ထူးခြားချက် တစ်ခုမှာ မိုးရေချိန်ပမာဏ အလျှံပယ်ရရှိခြင်းပင် ဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွာသွန်းသည့် မိုးရေချိန်ပမာဏ အများဆုံးရရှိသည့် ရာသီချိန်ပင်ဖြစ်သည်။


“‌မန်ကျုံ (Mang Zhong)” ရာသီချိန်ဝန်းကျင်တွင် ယန်စီမြစ် မြစ်လယ်ပိုင်းနှင့် မြစ်အောက်ပိုင်းဒေသများတွင် အဆက်မပြတ် မိုးရွာသွန်းလေ့ရှိ၍  လေထု အလွန်တရာပင် စိုထိုင်းကာ ရာသီဥတု အင်မတန်မှ ပူလောင်မွန်းကျပ်သော “မေ(ခေါ်) တရုတ်ဆီးသီးများ ပေါကြွယ်ဝသော ရာသီတွင် ရွာသွန်းတတ်သောမိုး”  ဟူ၍ အနက်ရှိသည့် “မေယွီ”မိုးကာလ ရှိပါသည်။ ထိုအချိန်တွင် အင်္ကျီအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများသည် စိုထိုင်း၍ မှိုတက်တတ်သောကြောင့် လူအများက ထိုကဲ့သို့ ဖြစ်ပေါ်တတ်သော အခြေအနေကိုလိုက်၍ ထိုကာလကို “မှိုတက်လွယ်သော မိုးရာသီ”ဟူ၍လည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ ပုံမှန်အားဖြင့် ဇွန်လ လဆန်းပိုင်းမှ လလယ်ပိုင်းအကြားတွင် “မေယွီ”မိုးကာလ စတင်ကျရောက်တတ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှ လလယ်ပိုင်းအကြားတွင် ပြီးဆုံးသွားလေ့ရှိကာ ထိုမိုးကာလ ပြီးဆုံးသွားလျှင်ဖြင့် ပူပြင်းခြောက်သွေ့သော နွေဥတုကြီး အမှန်တကယ် ရောက်ရှိလို့ လာတော့မည် ဖြစ်ပါသည်။


图片


ရှေးအခါက ဤရာသီချိန်တွင် “ပန်းမာလာနတ်မင်းအား ပို့ဆောင်နှုတ်ဆက်ခြင်း” ပွဲတော်ကို ကျင်းပပြုလုပ်လေ့ ရှိပါသည်။ အကြောင်းမှာ ဤ ရာသီချိန်တွင် ပန်းပေါင်းစုံတို့မှာ ပွင့်ဖူးပြီးနောက် ကြွေကျလာပြီ ဖြစ်ကာ အရပ်ထဲတွင် ဤ“‌မန်ကျုံ (Mang Zhong)” ရာသီချိန်ရက်၌ ပန်းမာလာနတ်မင်းအား ပူဇော်ကန်တော့သည့် အခမ်းအနားများ ကျင်းပပြုလုပ်ခြင်းသည် ပန်းမာလာနတ်မင်းအား နှမြောတသခြင်းများစွာဖြင့်  နှုတ်ဆက်ကာ နောင်နှစ်အခါတွင်လည်း ပြန်လည် ဆုံဆည်းလိုကြောင်း ဆန္ဒမွန်များကို ထုတ်ဖော်ပြသလိုသောကြောင့် ဖြစ်ပါသည်။


“‌မန်ကျုံ (Mang Zhong)” ရာသီချိန်တွင် အပူရှိန်မြင့်မားပြီး စိုစွတ်သောကြောင့် အပူကျ၍ အားပြည့်စေသော အစားအသောက်များကို အဓိကထား စားသုံးပေးရမည် ဖြစ်ပြီး အပူငြိမ်းဝမ်းအေး၍ အစာကြေလွယ်သော အစားအစာများကို တတ်နိုင်သမျှ များများ စားသုံးပေးသင့်ပေသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့်“Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”