ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “နွေယဉ်စွန်းချိန် (Xia Zhi)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခု အနက်မှ “နွေယဉ်စွန်းချိန်” (Xiazhi ရာသီချိန်)ပင် ဖြစ်ပါသည်။
နွေယဉ်စွန်းချိန်သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုတွင် ဦးစွာအစောဆုံး အတည်ပြု သတ်မှတ်ခဲ့သော ရာသီချိန်များအနက်မှ တစ်ခုဖြစ်သည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၉၀°သို့ လည်ပတ်ကျရောက်ကာ ပုံမှန်အားဖြင့် ဇွန်လ (၂၁)ရက်နေ့ သို့မဟုတ် (၂၂)ရက်နေ့တွင် ကျရောက်လေ့ ရှိပါသည်။
နွေယဉ်စွန်းချိန်သည် မြောက်ကမ္ဘာခြမ်း၌ နေရောင်ခြည်ရရှိချိန် အကြာရှည်ဆုံး နေ့ရက်ဖြစ်ပြီး နွေယဉ်စွန်းချိန် ကျရောက်သောနေ့သည် မြောက်ကမ္ဘာခြမ်းတွင် နေ့တာအရှည်ဆုံး နေ့ရက်တစ်ရက်လည်း ဖြစ်ပေသည်။ လတ္တီကျု မြင့်လေလေ၊ နေရောင်ခြည်ရရှိမှုအချိန် ပိုမိုများလေလေပင် ဖြစ်သည်။
နွေယဉ်စွန်းချိန် ကျရောက်သည့်နေ့တွင် နေ့တာအရှည်ဆုံးဖြစ်ပြီး နေလုံးအနေအထားသည် အမြင့်ဆုံးသို့ ရောက်ရှိနေသော်လည်း တစ်နှစ်တာလုံး၏ အပူပြင်းဆုံးသော အချိန်အခါ မဟုတ်ပေ။
နွေယဉ်စွန်းချိန်သည် နေလုံး၏ အလှည့်အပြောင်းအချိန် ဖြစ်ကာ ဤနေ့ရက်ကို ကျော်လွန်ပြီးနောက်တွင် နေလုံးသည် ၎င်း၏ မူလလမ်းကြောင်းသို့ ပြန်လည် ဦးလှည့်သွားမည် ဖြစ်သည်။ နွေယဉ်စွန်းချိန် ကျော်လွန်ပြီးနောက်တွင် နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုသည် မြောက်ယဉ်စွန်းတန်းမှ တောင်ဘက်သို့ တဖြည်းဖြည်း ပြန်၍ ရွေ့လျားသွားပြီး မြောက်ကမ္ဘာခြမ်းတွင် နေ့တာသည် တစ်နေ့ထက်တစ်နေ့ ပို၍ တိုတောင်းလာမည် ဖြစ်သည်။
နွေယဉ်စွန်းချိန်ရာသီတွင် တရုတ်နိုင်ငံ နေရာဒေသ အများစု၌ အပူရှိန် မြင့်မားနေပြီး နေရောင်ခြည် အလုံအလောက် ရရှိ၍ လယ်ယာစိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ကာ ရေလိုအပ်မှုပမာဏ များစွာလိုအပ်လာပါသည်။ ဤရာသီချိန်တွင် လယ်ယာခင်း လုပ်ငန်းဆောင်တာ စီမံဆောင်ရွက်မှုများကို အဓိကထား လုပ်ဆောင်ရပြီး တစ်ချိန်တည်းမှာပင် နွေစိုက်သီးပင်များ စိုက်ပျိုးဆောင်ရွက်ခြင်းကို အချိန်မီ အပြီးသတ်ရန် လိုအပ်လှပေသည်။
“နွေယဉ်စွန်းချိန် ဝါစိုက်ခင်းတွင်၊ မြက်ရိုင်းနွယ်ပင် ခုတ်ထွင်ရှင်းလင်း၊ အချိန်မီစွာ မရှင်းပါက၊ မြွေဆိုးပမာ အန္တရာယ်ဒုက္ခပေးလေမှာ။” ဟူသော လယ်ခင်းဆိုရိုးစကားတစ်ခွန်း ရှိပါသည်။ ဤရာသီချိန်တွင် ရာသီဥတု စိုထိုင်း၍ မြက်ပင်ရိုင်းများသည်လည်း အလျင်အမြန် ပေါက်ရောက်ရှင်သန်တတ်သဖြင့် မြက်ပင်ရိုင်းများက လယ်ထွက်သီးပင်များနှင့်အပြိုင် အစာအာဟာရနှင့် ရေဓာတ်များ စုပ်ယူသွားခြင်းကို ကာကွယ်တားဆီးနိုင်ရန် လယ်သမားဦးကြီးများက မြက်ပင်ရိုင်းများအား အချိန်မီကြိုတင် သုတ်သင်ရှင်းလင်းရန် အရေးကြီးလှပေသည်။
နွေယဉ်စွန်းချိန်ကို နွေယဉ်စွန်းချိန် ရာသီပွဲတော် ဟူ၍လည်း ခေါ်ဝေါ်ကြပြီး အရပ်ထဲတွင် သီးထွက်အောင်မြင်ဖြစ်ထွန်းခြင်းကို ဂုဏ်ပြုရန်နှင့် ဘေးအန္တရာယ်ကင်းရှင်း၍ သီးနှံ အထွက်တိုးစေရေးကို ဆုတောင်းရန်အတွက် နတ်များနှင့် ဘိုးဘေးဘီဘင်များကို ပူဇော်ကန်တော့လေ့ ရှိကြသည်။
တရုတ်နိုင်ငံ အရပ်ထဲတွင် “ဆောင်းယဉ်စွန်းချိန်တွင် ဖက်ထုပ်ပြုတ်၊ နွေယဉ်စွန်းချိန်တွင် ခေါက်ဆွဲ” ဟူ၍ ပြောဆိုလေ့ရှိကြသည်။ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသအသီးသီးတွင် ခေါက်ဆွဲ အမျိုးအစားပေါင်းများစွာ ရှိပါသည်။ တောင်ပိုင်းဒေသတွင် ရန်ချွန်းခေါက်ဆွဲ (Yangchun)၊ ကော့ချောင်ခေါက်ဆွဲ (Guoqiao)၊ မာလာခေါက်ဆွဲသုတ် စသဖြင့် ရှိပြီး မြောက်ပိုင်းဒေသတွင် အသားခေါက်ဆွဲနှင့် ပဲခေါက်ဆွဲဟူ၍ အမျိုးစုံလင်လှပေသည်။
ဟေးလုံကျန်းပြည်နယ်၊ မော့ဟဲမြို့အား “တရုတ်နိုင်ငံ၏ ညမရှိမြို့”၊ “ဝင်ရိုးစွန်းအလင်းတန်းမြို့တော်” ဟူ၍ အများက တင်စားခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ဤဒေသသည် တရုတ်နိုင်ငံ၏ လတ္တီကျု အမြင့်ဆုံးမြို့ဖြစ်ပြီး လတ္တီကျု မြင့်မားသောကြောင့်လည်း အလွန်တရာ တွေ့ရခဲလှသော ဝင်ရိုးစွန်းအလင်းတန်း ဖြစ်စဉ်ကို နွေယဉ်စွန်းချိန်တွင် တွေ့မြင်နိုင်ကာ မကြာခဏဆိုသလိုပင် မြောက်ဝင်ရိုးစွန်းအလင်းတန်း (အော်ရိုရာအလင်းတန်း) ထွက်ပေါ်လေ့ ရှိပါသည်။ ထိုထူးခြားချက်ကြောင့်ပင် ယခုအခါ နွေယဉ်စွန်းချိန် ခရီးသွားရာသီပွဲတော်ကို မော့ဟဲမြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ ရှိပေသည်။
ယနေ့တွင် ကြည့်ရှုသူပရိသတ်များ အားလုံးအား တရုတ်နိုင်ငံအတွင်း နွေယဉ်စွန်းချိန်၏ ထွန်းလင်းသော ညတာအချိန်များကို သိမြင်ခံစားရန် အကောင်းဆုံးနေရာဖြစ်သည့် တရုတ်နိုင်ငံ၏ မြောက်ပိုင်းအကျဆုံး မော့ဟဲမြို့သို့ ဤဗီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သွားပါရစေရှင်။
ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့် “Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”