ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “နဂါးလှေလှော်ပြိုင်ပွဲတော် (Duan Wu)”
ယနေ့သည် တရုတ်ပြက္ခဒိန်၏ (၅)လပိုင်း (၅)ရက်နေ့၊ တရုတ်ရိုးရာ “နဂါးလှေလှော်ပြိုင်ပွဲတော်” ရက်နေ့ပင် ဖြစ်ပါသည်။
တရုတ်နိုင်ငံတွင် နဂါးလှေလှော်ပြိုင်ပွဲတော်သည် တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ လမုန့်ပွဲတော်တို့နှင့်အတူ တရုတ်ရိုးရာ အခါကြီးရက်ကြီး ပွဲတော်လေးခုအဖြစ် သတ်မှတ်ခြင်းခံရပါသည်။
ဗီဒီယိုအား တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးခြင်း ဖြစ်ပါသည်။
“နဂါးလှေလှော်ပြိုင်ပွဲတော်”ကို တရုတ်ဘာသာစကားဖြင့် “တွမ်းဝူကျဲ” (Duanwujie)ဟု ခေါ်ဆိုပါသည်။ “တွမ်းဝူ” ဆိုသည်မှာ ရှေးတရုတ်စာတွင် “ထိပ်ဦးပိုင်း၊ ကနဦးအစ”ဟု အနက်ရှိသည့် “တွမ်း”နှင့် ဂဏန်းနံပါတ် “၅” ဟု အဓိပ္ပာယ်ရသော “ဝူ”ကို တွဲဖက်ထားသောကြောင့် “လဆန်း(၅)ရက်နေ့” ဟူ၍ အနက်အဓိပ္ပာယ်ရပါသည်။ ရှေးတရုတ်လူမျိုးများသည် တရုတ်ရိုးရာ အချိန်ကာလပြ သင်္ကေတ(၁၀)မျိုးနှင့် အမှတ်လက္ခဏာ (၁၂)မျိုးတို့ဖြင့် အချိန်ကို မှတ်သားလေ့ရှိရာ အချိန်ကာလပြ အမှတ်လက္ခဏာ (၁၂)မျိုး၏ အစီအစဉ်အရ ပဉ္စမမြောက်လကို “ဝူ”ဟူ၍ သတ်မှတ်ခေါ်ဝေါ်ပါသည်။ ထို့ကြောင့် “တွမ်းဝူကျဲ” ဟူသော ပွဲတော်ရက်အမည်သည် “ပဉ္စမမြောက်လ ပဉ္စမမြောက်ရက် ပွဲတော်နေ့” ဟူသော အနက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုစမှတ်ပြုကြသည်။
နဂါးလှေလှော်ပြိုင်ပွဲတော်၏ စတင်ဖြစ်ပေါ်လာပုံ မူလဇာစ်မြစ်နှင့် ပတ်သက်၍ အရပ်ထဲတွင် ဒဏ္ဍာရီပုံပြင်အမျိုးမျိုး ရှိကြသောကြောင့် မတူညီသော ပွဲတော်ရက်အမည်များစွာ ထွက်ပေါ်လာပြီး နေရာဒေသအသီးသီးတွင် ဆင်တူနီးစပ်သော ဓလေ့ထုံးစံ အမြောက်အများလည်း ရှိပေသည်။
နဂါးလှေလှော်ပြိုင်ပွဲတော် ဓလေ့ထုံးတမ်းသည် လာဘ်မင်္ဂလာယူခြင်း၊ ဖျော်ဖြေဂုဏ်ပြုခြင်းနှင့် အစားအသောက် ယဉ်ကျေးမှုများကို ပေါင်းစပ်စုစည်းထားသော ရိုးရာပွဲတော်ကြီးပင် ဖြစ်သည်။ ပွဲတော်ရက်ကျင်းပခြင်း အသွင်ပုံစံ အမျိုးစုံလင်လှပြီး စည်ကားသိုက်မြိုက်လှပေသည်။ နဂါးလှေလှော်ပြိုင်ခြင်းနှင့် ကောက်ညှင်းထုပ်စားခြင်းသည် ပွဲတော်ရက်၏ အဓိက ထုံးစံနှစ်ခုဖြစ်ပြီး ထိုထုံးစံကြီးနှစ်ခုသည် တရုတ်နိုင်ငံတွင် ဟိုးရှေးယခင်မှ ယခုထက်ထိတိုင် စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ယဉ်ကျေးမှုများပင် ဖြစ်သည်။ နဂါးလှေလှော်ပြိုင်ပွဲတော်၏ ရိုးရာဓလေ့ထုံးတမ်း အစီအစဉ်များသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော သဘောထားစိတ်ဓာတ် ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို ပိုမိုကြွယ်ဝပြည့်စုံစေသလို တရုတ်ရိုးရာ ယဉ်ကျေးမှုများကိုလည်း လက်ဆင့်ကမ်း ပြန့်ပွားတိုးတက်စေသည့်အပြင် အသွင်စုံလင်လှသော ပွဲတော်ယဉ်ကျေးမှု အနှစ်သာရများစွာကို အရင်းခံထားရှိလျက် ရှိပါသည်။ ဤပျော်ရွှင်ဖွယ်ရာ ပွဲတော်ရက်ကို ကမ္ဘာတစ်ဝန်းလုံးနှင့်အတူ ဆင်နွှဲဖြတ်သန်းရင်း နဂါးလှေလှော်ပြိုင်ပွဲတော် အချိန်အခါသမယကို အားလုံးနှင့်ထပ်တူ မျှဝေခံစားလိုက်ရပါသည်။