ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “နွေပူအိုက်ခါစရာသီချိန် (Xiao Shu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:12:56

图片


ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “‌နွေပူအိုက်ခါစရာသီချိန်”ဟု အနက်ရသော “ရှောင်စူ (Xiao Shu) ရာသီချိန်”ပင် ဖြစ်ပါသည်။


နွေပူအိုက်ခါစရာသီချိန်သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ (၁၁)ခုမြောက် ရာသီချိန် ဖြစ်ပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၁၀၅°သို့ လည်ပတ်ကျရောက်ကာ ပုံမှန်အားဖြင့် ဇူလိုင်လ (၆)ရက်နေ့မှ (၈)ရက်နေ့ကြားတွင် ကျရောက်လေ့ ရှိပါသည်။ ဤရာသီချိန်သည်လည်း ရာသီဥတု ပူပြင်းမှု အတိုင်းအတာကို ထင်ဟပ်ဖော်ပြနေသော ရာသီချိန်တစ်ခု ဖြစ်ပေသည်။


图片


“ရှောင်စူ (Xiao Shu) ရာသီချိန်” အမည်တွင် “စူ (Shu)” ဆိုသည်မှာ ပူပြင်းသည်ဟူ၍ အနက်ရှိပြီး “ရှောင်(Xiao)” ဆိုသည်မှာ အပူပြင်းဆုံး မဟုတ်သေးခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။  အပူငွေ့ တရိပ်ရိပ် စသန်းနေသည့် နွေရက်အချိန်ဖြစ်ပြီး မကြာမီတွင် အပူရှိန် ပိုမိုမြင့်တက်လာတော့မည့် သဘောရှိနေပါသည်။ ဤရာသီချိန်တွင် တရုတ်နိုင်ငံ နေရာဒေသအများစု၌ ယေဘုယျအားဖြင့် အပူချိန် ၃၆°စင်တီဂရိတ်အထိ မြင့်တက်လာတတ်ပါသည်။ သို့သော် ၎င်းကာလသည် တစ်နှစ်တာလုံး၏ အပူပြင်းဆုံးသော အချိန်ကို မရောက်ရှိသေးသောကြောင့် “နွေပူအိုက်ခါစရာသီချိန်”ဟု သတ်မှတ်ခေါ်ဆိုရခြင်း ဖြစ်ပေသည်။ ဤရာသီချိန် ပြီးနောက်တွင် တစ်နှစ်တာလုံး၏ အပူပြင်းဆုံးအချိန်ဖြစ်သည့် “တာ့စူ (Da Shu) ရာသီချိန်”ကို ရောက်ရှိလာတော့မည်ပင် ဖြစ်ပါသည်။ အရပ်ထဲတွင် “ရှောင်စူ၊ တာ့စူ ပူပြင်းချက်ဟာ အပေါ်ပေါင်း၍ အောက်မြှိုက်သည့်ပမာ” ဟူသော အပြောပင် ရှိလေသည်။


图片


ဤရာသီချိန်တွင် ရာသီဥတု တဖြည်းဖြည်း ပိုမိုပူပြင်းမွန်းကျပ်ကာ စွတ်စိုထိုင်းမှိုင်းလာတတ်သောကြောင့် အပူရှိန်မြင့်မားပြီး စိုထိုင်းထိုင်းနှင့် မိုးများသော ရာသီကာလ ဖြစ်ပေသည်။ “မိုးနှင့်အပူ ဒွန်တွဲကာလ” ဖြစ်သည့် ရာသီဥတုသည် လယ်ယာသီးနှံများ ကြီးထွားဖွံ့ဖြိုးစေရန် အထောက်အကူပြုပါသည်။ နွေပူအိုက်ခါစရာသီချိန်တွင် ရာသီဥတု ပူပြင်းကာ မိုးကြိုးမုန်တိုင်းများ မကြာခဏ ကျရောက်တတ်ပြီး အရာခပ်သိမ်းတို့ မြန်မြန်ဆန်ဆန် ကြီးထွားရှင်သန်ချိန်လည်း ဖြစ်ပေသည်။


图片


တရုတ်ပြက္ခဒိန်၏ (၆)လပိုင်း (၆)ရက်နေ့သည် နွေပူအိုက်ခါစရာသီချိန်၏ အရေးပါသော ပွဲတော်ရက် တစ်ရက်ဖြစ်ပြီး ယင်းပွဲတော်ရက် ဓလေ့ထုံးစံများနှင့် ပတ်သက်၍လည်း အမျိုးမျိုးအဖုံဖုံ ပြောဆိုလေ့ရှိကြသည်။ ထိုနေ့ကို “ထျန်းခွမ့် (Tian Kuang) ပွဲတော်နေ့” ဟု ခေါ်ဝေါ်တတ်ကြပြီး အဓိပ္ပာယ်မှာ “သဘာဝတရား မိုးကောင်းကင်ကြီးမှ အပ်နှင်းချီးမြှင့်သော ပွဲတော်နေ့” ဟူ၍ဖြစ်သည်။ 


图片


ပူပြင်းလောင်မြှိုက်သော နေ့ရက်များတွင် လူများသည် အစားစားလိုစိတ်မရှိခြင်းနှင့် စိတ်မအီမသာဖြစ်ခြင်းများ ဖြစ်တတ်ကြသည်။ ဤကာလတွင် အရသာခပ်ပေါ့ပေါ့ရှိသော အစားအသောက်များကိုသာ အဓိကထား စားသုံးပေးသင့်ပြီး အဆီအစိမ့်၊ အငံအစပ် အစားအစာများကို လျှော့၍ စားသုံးသင့်ပါသည်။ ကြာစွယ်နှင့် ဖရဲသီးသည် ထိုရာသီနှင့် သင့်တင့်ကိုက်ညီသည့် အစားအစာများ ဖြစ်သောကြောင့် အပူကျစေသော အစားအစာနှင့် ဖျော်ရည်အဖြစ် အိမ်တိုင်းတွင် ဆောင်ထားလေ့ရှိကြပြီး အပူပြင်းပြင်း နွေရာသီကို ကြိုဆိုတတ်ကြသည်။


图片


ကြာပန်းသည် ခြစ်ခြစ်တောက်ပူသော နေအပူရှိန်နှင့် အပူလှိုင်းများ ရရှိမှသာ  ပွင့်လန်းဝေဆာနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသည့် ရာသီဥတု သတ်မှတ်ချက်များကြောင့် ကြာပန်းသည် “နွေပူအိုက်ခါစရာသီချိန်”၏ ပန်းဘုရင်မ ဖြစ်လာလေတော့သည်။ နေပူပြင်းလေလေ၊ ကြာပန်းကြာရွက်များမှာ ပိုမိုပွင့်လန်းနိုင်လေလေ ဖြစ်ပေသည်။ “နွေပူအိုက်ခါစရာသီချိန်” ကာလမျိုးတွင် အတွင်းစိတ်နှလုံး အေးချမ်းမှသာလျှင် သဘာဝအတိုင်း အေးမြမှုကို ရရှိနိုင်မည်ဖြစ်ပြီး စိတ်နှလုံး ငြိမ်သက်ချမ်းငြိမ်းမှသာလျှင် ရည်မှန်းသည့် ခရီးလမ်းကို ပိုမိုကောင်းမွန် ပေါက်ရောက်စွာ လျှောက်လှမ်းနိုင်ပေလိမ့်မည်။


ယနေ့တွင် ကြည့်ရှုသူပရိသတ်များ အားလုံးအား နွေပူအိုက်ခါစရာသီချိန်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၏ လူမှုဘဝနေထိုင်မှုပုံစံများနှင့် ကြာပန်းအလှများကို ခံစားသိမြင်နိုင်စေရန် ဤဗီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သွားပါရစေရှင်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့် “Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”