ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “နွေအပူပြင်းဆုံးရာသီချိန် (Da Shu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:12:09

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “‌နွေအပူပြင်းဆုံးရာသီချိန်”ဟု အနက်ရသော “တာ့စူ (Da Shu) ရာသီချိန်”ပင် ဖြစ်ပါသည်။


图片


တာ့စူ (Da Shu) ရာသီချိန်သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ (၁၂)ခုမြောက် ရာသီချိန် ဖြစ်ပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၁၂၀°သို့ လည်ပတ်ကျရောက်ကာ ပုံမှန်အားဖြင့် ဇူလိုင်လ (၂၂)ရက်နေ့ သို့မဟုတ် (၂၃)ရက်နေ့တွင် ကျရောက်လေ့ရှိပါသည်။ ဤရာသီချိန်သည် တရုတ်နိုင်ငံ နေရာအတော်အများအဖို့ တစ်နှစ်တာလုံးတွင် အပူချိန်အမြင့်ဆုံးနှင့် ရာသီဥတု အပူပြင်းဆုံး အချိန်ကာလပင် ဖြစ်ပေသည်။


နွေအပူပြင်းဆုံးရာသီချိန်တွင် မြေဆီလွှာများ စိုစွတ်လေ့ရှိသောကြောင့် လယ်ယာသီးနှံများ ကြီးထွားဖွံ့ဖြိုးစေရန် များစွာ အထောက်အကူပြုပါသည်။ အထူးသဖြင့် အစိုဓာတ်ကြိုက်သော သီးနှံပင်များ ရှင်သန်ကြီးထွားမှု အမြန်ဆုံးအချိန် ဖြစ်ပေသည်။


图片


ဤရာသီချိန်တွင် ရာသီဥတု အပြောင်းအလဲအလိုက် ကောက်ရိတ်သိမ်းခြင်းနှင့် ပျိုးပင်သစ်များ စတင်စိုက်ပျိုးခြင်းကို အလျဉ်းသင့်သလို စီစဉ်သင့်ပေသည်။ နေသာသောနေ့များတွင် ကောက်ပင်များ များများရိတ်သိမ်းကာ မိုးအုံ့သောနေ့များတွင် ပျိုးပင်သစ်များ များများစိုက်ပျိုးသင့်ပါသည်။ ကောက်ရိတ်သိမ်းရသလို ပျိုးပင်သစ်များလည်း စိုက်ပျိုးရသည့်အတွက် ဤရာသီချိန်၏ လယ်ယာလုပ်ငန်းဆောင်တာများမှာ “မန်ကျုံ (Mang Zhong) ရာသီချိန်” နီးပါးပင် ထွေပြောများပြားလှပါသည်။ ဤအပူပြင်းဆုံး အချိန်ကာလသည်လည်း ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရန် အကောင်းဆုံးရာသီချိန်ပင် ဖြစ်ပေသည်။ 


တာ့စူ (Da Shu) ရာသီချိန်၌ ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုးမြို့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် “တာ့စူလှေ” အခမ်းအနားပွဲကို ကျင်းပကြသည်မှာ နှစ်ပေါင်းရာချီကြာ သမိုင်းကြောင်း ရှိနေပြီဖြစ်သည်။ လှေအတွင်းတွင် ကန်တော့ပစ္စည်းမျိုးစုံကို တင်ဆောင်ပြီး ငါးဖမ်းသူတံငါသည် အယောက် (၅၀)ကျော်လောက်က ထို“တာ့စူလှေ”ကို အလှည့်ကျ ထမ်းပိုးကာ လမ်းများတစ်လျှောက် လှည့်လည်ပြီးနောက် ဆိပ်ကမ်းသို့ ပို့ဆောင်ကာ ဆုတောင်းပူဇော်ခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ကြပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကောက်ပဲသီးနှံများ သီးထွက်ကောင်း အောင်မြင်စေရန်နှင့် ဘဝနေထိုင်မှု အေးချမ်းသာယာ၍ ကျန်းမာရွှင်လန်းစေရန်အတွက် ဆုတောင်းကြသည်။


图片


အရပ်ထဲတွင်မူ ရောဂါဘေးဘယာများ ကင်းဝေး၍ ဘေးကင်းလုံခြုံကာ လာဘ်မင်္ဂလာရွှင်စေရန် ဂျင်း၊ နာနတ်သီးများ စားသုံးသော ဓလေ့ရှိပါသည်။


တာ့စူ (Da Shu) ရာသီချိန် ကျရောက်ခြင်းသည် အပူပြင်းပြင်း နွေဥတုအချိန်ခါကို ရောက်ရှိလာခြင်း သဘောပင် ဖြစ်ပါသည်။ ဤရာသီချိန်၌ နန်ကျင်းမြို့၊ ဝူဟန်မြို့နှင့် ချုံချင့်မြို့များတွင် အလွန်ပူပြင်းလှသောကြောင့် ထို့မြို့သုံးမြို့အား တရုတ်နိုင်ငံ၏ “မီးဖိုကြီးသုံးဖို” အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြသည်။


ယနေ့တွင် ကြည့်ရှုသူပရိသတ်များ အားလုံးအား နွေအပူပြင်းဆုံးရာသီချိန်တွင် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း အပူပြင်းဆုံးမြို့များအနက်မှ တစ်မြို့ဖြစ်သည့် ချုံချင့်မြို့၏ အပူလှိုင်းများ၊ ချုံချင့်မြို့ အဆောက်အဦများ၏ သူမတူထူးခြားချက်များနှင့် ချုံချင့်ဒေသ၏ ထူးခြားမှုအရှိဆုံးနှင့် လူကြိုက်အများဆုံး အစားအစာဖြစ်သော ဟော့ပေါ့တို့ကို ခံစားသိရှိနိုင်စေရန် ဤဗီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သွားပါရစေရှင်။




ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့် “Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”