ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ဝါဆိုလပြည့်နေ့”
ယနေ့သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံအဖို့ ရက်မြတ်အခါတော် “ဝါဆိုလပြည့်နေ့” နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက်တွင် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့သောကြောင့်လည်း “ဓမ္မစကြာအခါတော်နေ့” ဟူ၍ ခေါ်ဝေါ်ကြသည်။
ဝါဆိုလသည် မြန်မာသက္ကရာဇ်၏ လေးလမြောက်လဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင်လတွင် ကျရောက်လေ့ရှိကာ ပုဂံခေတ်ကျောက်စာများ၌ “နွယ်တာ၊မြွယ်တာ” စသဖြင့် အမျိုးမျိုး ရေးထိုးခဲ့ကြသည်။
ဝါဆိုလပြည့်နေ့ ကျရောက်ခြင်းသည် ဗုဒ္ဓဘာသာအယူအဆအရ ဤဝါတွင်းကာလပတ် သုံးလအတွင်း သံဃာတော်များက မိမိတို့ ကျောင်းအာရမ်မှာပင် သီတင်းသုံးနေထိုင်ကာ တရားအားထုတ် ရှုမှတ်ပွားများရမည်ဟု ဆိုနိုင်ပါသည်။
ဘုရားရှင်လက်ထက်က ဝါတွင်းသုံးလ ကာလအတွင်း၌ အရပ်တစ်ပါးသို့ မသွားလာခြင်း၏ မူလရည်ရွယ်ချက်မှာ သတ္တဝါအပေါင်းအပေါ် ကြင်နာသနားတတ်ကာ သတ္တဝါဟူသမျှကို ချစ်ခင်ကာကွယ်လိုသော မေတ္တာစိတ်ကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ရှေးခေတ်အိန္ဒိယပြည်မှ ထွန်းကားပြန့်ပွားလာခြင်းဖြစ်ကာ ရှေးခေတ်အိန္ဒိယပြည်၏ ရာသီဥတုတွင် မိုးများသော မိုးဥတုကာလ ရှိပြီး ထိုမိုးဥတုကာလ၌ သစ်ပင်မြက်ပင်များ အများအပြား ပေါက်ဖွားကာ အရာခပ်သိမ်းတို့ နိုးထရှင်သန်လာပါသည်။ ကာလရှည်မိုးရွာသွန်းမှုကြောင့် သံဃာတော်များ အပြင်လောကသို့ သွားရောက်ကာ တရားအားထုတ်ခြင်းနှင့် သာသနာပြန့်ပွားရေးများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရပြီး ပိုးမွှားပိုးကောင်များ အန္တရာယ်လည်း ရှိနိုင်ပါသည်။ အထူးသဖြင့် သံဃာတော်များကလည်း ဤအင်းဆက်ပိုးကောင်လေးများနှင့် မြက်ပင်များ၊ စပါးနှံပင်များကို နင်းခြေမိကာ ပျက်စီးစေနိုင်သောကြောင့် မေတ္တာစိတ် အရင်းခံကာ ဘုရားရှင်က ဤဝါတွင်းကာလ သုံးလပတ်လုံးတွင် သံဃာတော်များအား တစ်နေရာတည်းတွင် စုဝေး၍ သီတင်းသုံးနေထိုင်စေပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်စေခဲ့ပါသည်။
သံဃာတော်များ ဝါတွင်းသုံးလအတွင်း မိမိတို့ကျောင်းအာရမ်၌သာ သီတင်းသုံးနေထိုင်ကြခြင်းအလေ့ကို ယနေ့ထက်ထိတိုင်အောင်ပင် လက်ဆင့်ကမ်း လိုက်နာစောင့်ထိန်းလျက် ရှိပါသည်။ ဝါဆိုပြီးသော သံဃာတော်များအနေဖြင့် အထူးအရေးကြီး ကိစ္စရပ်ရှိပါက ကျောင်းထိုင်ဆရာတော်ထံ ခွင့်ပန်တိုင်ကြားပြီး (၇)ရက်၊ (၁၅)ရက်ဟူ၍ ခွင့်ရက်တောင်းယူရပါမည်။
သံဃာတော်များသည် ဤဝါတွင်းသုံးလပတ်အချိန်ကို အသုံးချ၍ မိမိကိုယ်တိုင် တရားပွားများ ရှုမှတ်အားထုတ်ခြင်း၊ သာသနာ ပြန့်ပွားရေးအတွက် တရားဓမ္မများကို လေ့လာမှတ်သားခြင်း၊ တရားစာများကို ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များ အချင်းချင်း တရားဓမ္မများနှင့် ဝိနည်းပညတ်တော်များ အပြန်အလှန် နှီးနှောဖလှယ်ခြင်းများကို ဆောင်ရွက်ကြပါသည်။ သို့ပါ၍ ဝါတွင်းကာလဆိုင်ရာ သတ်မှတ်ချက်၏ မူလဇစ်မြစ်သည် ပြင်ပအခြင်းအရာကြောင့် ဖြစ်သော်ငြားလည်း မြတ်စွာဘုရားရှင်၏ ဉာဏ်တော်အမြင် ကြီးမားလှမှုကြောင့် အတွင်းစိတ်နှလုံး ကျင့်ကြံအားထုတ်မှုစနစ်ကြီးအသွင် ဖြစ်ပေါ်လာခဲ့ရပါသည်။
ဝါဆိုလပြည့်နေ့ အချိန်အခါသမယ ရောက်ရှိတိုင်း မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် အများပြည်သူအပေါင်းတို့က သံဃာတော်များအား ဝါဆို ဝါကပ်ခြင်းအမှုတွင် အထောက်အပံ့ရစေရန် “ဝါဆိုသင်္ကန်း”၊ နေ့စဉ်သုံးပစ္စည်းများ အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကြသည်။ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများကလည်း မိမိနေအိမ်တွင် သို့မဟုတ် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ တရားရွတ်ဖတ်ပူဇော်ခြင်း၊ တရားထိုင်ခြင်း၊ သီလဆောက်တည်ခြင်း စသဖြင့် ကုသိုလ်ယူတတ်ကြသည်။ ဤဝါတွင်းသုံးလပတ်လုံးတွင် အများပြည်သူများက ထိမ်းမြားမင်္ဂလာဆောင်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်း၊ ဖျော်ဖြေရေးအခမ်းအနားများ အစရှိသည်တို့ကို မကျင်းပကြပေ။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအဖို့ အထွဋ်အမြတ်ထားရာ နေ့ကောင်းရက်မြတ် တစ်ရက် ဖြစ်ပါသည်။ အကြောင်းမှာ ဤနေ့သည် ဘုရားအလောင်းတော်က မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ပဋိသန္ဓေယူတော်မူခဲ့သောနေ့၊ လူ့ဘဝကိုစွန့်ကာ တရားရှာရန် တောထွက်တော်မူခဲ့သောနေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ပဉ္စဝဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာတရားဦးကို ဟောကြားတော်မူခဲ့သောနေ့၊ သောတာပန် စတင်ဖြစ်ပေါ်ခဲ့သောနေ့ ၊ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့၊ ဗုဒ္ဓဘာသာ၏ “ဘုရား၊တရား၊သံဃာ” ရတနာတော်မြတ်သုံးပါးလုံး စတင်ပြည့်စုံသော နေ့မြတ်များ ဖြစ်လေသောကြောင့် ဖြစ်ပါသည်။
ယခုနှစ် ဝါဆိုလသည် ဝါထပ်သည့်နှစ် ဖြစ်သည့်အတွက် “ပထမဝါဆိုလ”နှင့် “ဒုတိယဝါဆိုလ”ဟူ၍ ရှိပါသည်။ ဝါထပ်နှစ်ရောက်တိုင်း ဝါဆိုပွဲတော်ကို ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပလေ့ရှိပါသည်။
ကိုးကားချက်။ ။ ခင်မျိုးချစ် ရေးသားပြုစုပြီး “စာပေလောက”စာပေတိုက်မှ ထုတ်ဝေသည့် “Flowers and Festivals Round The Myanmar Year”၊ Maung Khine Zaw ရေးသားပြုစုပြီး “ရွှေ”စာပေတိုက်မှ ထုတ်ဝေသည့် “Myanmar Traditional Culture and Customs”၊ ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေသည့် “မြန်မာ့ ၁၂ လ ရာသီပွဲတော်”၊ ရွှေစည်တော်စာပေမှ ပုံနှိပ်ထုတ်ဝေသည့် “မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်များအကြောင်း”၊ www.myanmar.gov.mm ဝက်ဘ်ဆိုက်စာမျက်နှာ
ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။