ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “စာရေးတံမဲပွဲ”
ယနေ့မိတ်ဆက်ပေးမှာကတော့ မြန်မာ့ရိုးရာ ဆယ့်နှစ်လ ရာသီပွဲတော်များအနက်မှ “စာရေးတံမဲပွဲ” အကြောင်းပဲ ဖြစ်ပါတယ်။
ဝါခေါင်လသည် မြန်မာလများအနက် ပဉ္စမမြောက်လဖြစ်ပြီး ဝါတွင်းသုံးလ၏ အလယ်လဖြစ်ကာ ရာသီပွဲတော်မှာ စာရေးတံမဲပွဲ ဖြစ်ပါသည်။
စာရေးတံမဲဖြင့် ဆွမ်းလှူသည့်ပွဲတော်သည် မြတ်စွာဘုရားရှင်လက်ထက်တော်ကပင် စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာသာသနာ ရောက်ရှိထွန်းကားချိန် ပုဂံခေတ်မှစတင်၍ ကျင်းပနေပြီဖြစ်ကြောင်း မှတ်တမ်းများကို ကျောက်စာ အထောက်အထားများအရ တွေ့ရှိနိုင်ကာ ၎င်းပွဲတော်ကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် ဝါခေါင်လ၌ တခမ်းတနား ကျင်းပခဲ့ကြပါသည်။
ရှေးကနဦးက စာရေးတံမဲဖြင့် ဆွမ်းအလှူပွဲ ကျင်းပသည့် ရိုးရာဓလေ့သည် သံဃာတော်များမှ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံပြီး အဂတိကင်းရှင်းသော ဆွမ်းညွှန်းရဟန်းတစ်ပါးအား ဦးစွာရွေးချယ် တင်မြှောက်ထားရသည်။ ထိုဆွမ်းညွှန်းရဟန်းသည် သစ်သား၊ ဝါးခြမ်းပြား၊ နှီးပြား သို့မဟုတ် ထန်းရွက်၊ ပေရွက် စသည်တို့ဖြင့် ပြုလုပ်ထားသော မဲတံများပေါ်၌ အလှူရှင် ဒါယကာ၊ ဒါယိကာမများ၏ အမည်ကို ရေးသား၍ ထိုစာရေးတံအားလုံးကို ဝါးကျည်တောက်ထဲသို့ ရောထည့်မွှေနှောက်ပြီးလျှင် သံဃာတော်များအား ဝါတော်စဉ်အလိုက် မဲနှိုက်စေသည်။ ထို့နောက် သံဃာတော်များက စာရေးတံမဲနှိုက်၍ ကျသည့် အလှူ့ဒကာ၊ အလှူ့အမ၏ အိမ်သို့ ထိုအလှူရှင်၏ ပင့်လျှောက်ချက်အရ အသီးသီး ဘုဉ်းပေးကြွချီရသည်။
မြန်မာပုဂံမင်းများလက်ထက် စာရေးတံမဲပွဲ လှူဒါန်းကျင်းပပုံမှာ ရှေးအိန္ဒိယပြည်၏ ထုံးစံနှင့် အနည်းငယ် ကွဲလွဲပါသည်။ မြန်မာနိုင်ငံတွင် အလှူရှင်ဒါယကာ၏ အမည်ကို ရေးချထားသော မဲတံများကို သံဃာတော်များက မဲနှိုက်ယူခြင်းမျိုးမဟုတ်ဘဲ စာရေးတံမဲပေါ်၌ ရဟန်းသံဃာတော်များ၏ ဘွဲ့တော်အမည်ကို ရေးသားကာ ဆွမ်းဒါယကာများက မဲနှိုက်၍ ကျသည့် သံဃာတော်ကို လှူဒါန်းရခြင်းပင် ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း စာရေးတံမဲဆွမ်းအလှူတော်ပွဲ ကျရောက်တော့မည့်အချိန်တိုင်းတွင် ဦးဆောင်ဒါယကာများသည် ရှေးဦးစွာ မိမိတို့နေထိုင်ရာ ရပ်ကွက်ဒေသအတွင်းရှိ သံဃာတော် အရေအတွက်၊ ဘွဲ့တော်နှင့် ကျောင်းတိုက်အမည်များကို စာရင်းကောက်ယူကြရသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များ၏ ဘွဲ့အသီးသီးကို မဲတံလေးများ ပြုလုပ်ကာ ဝါးကျည်တောက်ထဲတွင် ထည့်ထားကြသည်။ ခမ်းနားသိုက်မြိုက်သည့် စာရေးတံမဲပွဲနေ့တွင် ဒါယကာ၊ ဒါယိကာမများအား အမည်စာရင်း အစဉ်လိုက်ခေါ်၍ စာရေးတံမဲ နှိုက်ယူစေသည်။ ယင်းနောက် အလှူရှင်များက မိမိတို့ကျသည့် မဲတံပေါ်ရှိ ဘွဲ့ရှင်သံဃာတော်အား အိမ်သို့ပင့်ဆောင်၍ ဆွမ်းကပ်လှူဒါန်းခြင်း သို့မဟုတ် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းအုပ်၊ ဆွမ်းချိုင့်များ ပို့ဆောင်လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
စာရေးတံမဲပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ သဒ္ဓါရွှင်လန်း၍ ဝမ်းမြောက်ပီတိဖြစ်မှုကို ဖော်ဆောင်သော ခမ်းနားလှသည့် ဘာသာရေးယဉ်ကျေးမှုပွဲတော်တစ်ရပ် ဖြစ်ပေသည်။