ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား၊ ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ဆောင်းဦးလယ်လမုန့်ပွဲတော် (Zhong Qiu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:07:02

图片



ဤဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုအွန်လိုင်းဝဘ်ဆိုက် အင်္ဂလိပ်ဘာသာဌာနမှ ပံ့ပိုးကူညီထားပါသည်။


နှစ်စဉ် တရုတ်ရိုးရာပြက္ခဒိန်၏ ၈လပိုင်း (၁၅)ရက်နေ့သည် တရုတ်နိုင်ငံ၏ ဆောင်းဦးလယ်လမုန့်ပွဲတော်နေ့ဖြစ်သည်။ ထိုပွဲတော်နေ့ကို နှစ်သစ်ကူးနွေဦးပွဲတော်၊ ချင်းမင်ပွဲတော် (တရုတ်သင်္ချိုင်းကန်တော့ပွဲ)၊ နဂါးလှေလှော်ပြိုင်ပွဲတော်တို့နှင့်အတူ တရုတ်ရိုးရာပွဲတော်ကြီးလေးခုအဖြစ် သတ်မှတ်ကြသည်။ လစန္ဒာ ပြည့်ဝန်းထိန်သာခြင်း အကြောင်းဖြင့် မိသားစု စုံစုံညီညီ ပြန်လည်ဆုံစည်းကြရန် သဘောဆောင်ပြီး ဇာတိမြေသို့ လွမ်းဆွတ်ခြင်း၊ မိသားစု သံယောဇဉ်မေတ္တာများအား အောက်မေ့တမ်းတခြင်းများကို ဖော်ပြကာ သီးနှံအထွက်တိုး၍ သာယာပျော်ရွှင်ချမ်းမြေ့စေရန် မျှော်လင့်ဆုတောင်းကြသည်။


图片


ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်လူမျိုးတို့၏ နှစ်ထောင်ပေါင်းများစွာ ယဉ်ကျေးမှုအမွေလက်ဆင့်ကမ်းဆက်ခံမှုများမှ ဖြစ်တည်လာသော အချိန်ကာလ၏ ရှင်သန်ခြင်း ရိုးရာဓလေ့ဖြစ်သည်။ ဤသည် အချိန်ကာလ အပိုင်းအခြားတစ်ခု၏ အမှတ်သင်္ကေတတစ်ခု ဖြစ်ရုံသာမက ပွဲတော်ရက်ဆိုသည့်အပေါ်၌ ကြွယ်ဝပြည့်စုံသော ယဉ်ကျေးမှုအငွေ့အသက်များ ထပ်လောင်းပေါင်းထည့်ထားခြင်းလည်း ဖြစ်ပေသည်။    


ဆောင်းဦးလယ်လမုန့်ပွဲတော်သည် ဆောင်းဦးရာသီအချိန်ကာလ၏ ဓလေ့ထုံးတမ်းများကို စုစည်းပေါင်းစပ်ထားခြင်းဖြစ်ပြီး ယင်းပွဲတော်နေ့တွင် ပါဝင်သော ပွဲတော်ဓလေ့ထုံးတမ်း အကြောင်းရပ် အများစုသည် ရှေးယခင်ကပင် မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပေသည်။ 


图片


ဆောင်းဦးလယ်၏ ညအချိန်တွင် အိမ်တိုင်းအိမ်တိုင်း မိသားစု စုံညီစွာဖြင့် လမင်းကြီးကို ငေးမောရှုစားရင်း မိသားစုစုံညီသည့် ပျော်ရွှင်မှုကို မျက်နှာချင်းဆိုင် အတူမျှဝေခံစားကြသည်။ မိသားစုနှင့် မဆုံစည်းနိုင်သည့် ဆွေမျိုးသားချင်းများကတော့ လမင်းကြီးဆီ မျှော်ငေးပြီး အဝေးမှ ဆုတောင်းစကားဆိုရင်း အဝေးရောက်နေသူ မိသားစုဝင်တစ်ဦး၏ ဇာတိမြေလွမ်းဆွတ်မှုများကို ဖြည်းဖြည်းချင်း ဖြေလျှော့ကြလေသည်။


图片


လကိုကန်တော့ခြင်း၊ လကိုရှုစားခြင်း၊ လမုန့်သုံးဆောင်ခြင်း၊ မီးပုံးများချိတ်ဆွဲခြင်း၊ ပင်လုံးကြိုင်ပန်းရှုစားခြင်း၊ ပင်လုံးကြိုင်ပန်းအရက် သောက်သုံးခြင်းအစရှိသည့် ရိုးရာဓလေ့များသည် ရှေးယခင်မှသည် ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့သောကြောင့် ဟောင်းလေ သစ်လေဖြစ်ကာ မျက်မှောက်ခေတ်လူတို့၏ မိသားစု ပြန်လည်ဆုံစည်းရန် တောင့်တမှု၊ လူနေမှုဘဝ သာယာလှပမှု မျှော်လင့်ချက်များအတွက် အဓိက နွှဲပျော်ကြသော အသွင်သဏ္ဌာန် ဖြစ်လာသည်။ 


图片


ယခုလို ဆောင်းဦးလယ်လမုန့်ပွဲတော် ရက်မြတ်အခါသမယမှာ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ၊ မိသားစု စုံစုံညီညီရှိကြပါစေ၊ လူတိုင်းလူတိုင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။