ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “သီတင်းကျွတ် မီးထွန်းပွဲတော်”
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက်မှ မီးထွန်းပွဲတော် ကျင်းပချိန်လည်းဖြစ်ပါသည်။ ၎င်းပွဲတော်သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံအဖို့ အရေးပါ၍ ခမ်းနားကြီးကျယ်သော ဘာသာရေးပွဲတော်များအနက်မှ တစ်ခုအပါအဝင်လည်းဖြစ်သည်။
ဂေါတမမြတ်စွာဘုရားရှင်သည် မယ်တော်မိနတ်သားအား ကျေးဇူးဆပ်ရန်အတွက် ဝါဆိုလပြည့်နေ့တွင် တာဝတိံသာနတ်ပြည်သို့ ကြွရောက်၍ မယ်တော်မိနတ်သားနှင့် နတ်ဗြဟ္မာများအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားခြင်းဖြင့် ကျေးဇူးဆပ်တော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူလာခဲ့သည်။ ဗုဒ္ဓဘာသာ ယုံကြည်သက်ဝင်သူများက ဆီမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ကာ ရောင်စုံမီးများချိတ်ဆွဲ၍ မြတ်ဗုဒ္ဓဘုရားရှင် လူ့ပြည်သို့ ပြန်လည်ဆင်းသက်လာသည်ကို ကြိုဆိုကြသည်။ ဤသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ မီးထွန်းပွဲတော် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်း၊သံဃာတော်တို့ ကျောင်းအာရာမ်များအတွင်း၌ ဝါတွင်းသုံးလ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်သော ဝါကျွတ်ကာလလည်းဖြစ်ပေသည်။
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းသံဃာတော်များက မိမိအပြစ်ရှိပါက သတိပေးဆုံးမနိုင်ရန်နှင့် ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ပင့်ဖိတ်ကျင်းပသော ပဝါရဏာနေ့လည်း ဖြစ်ပါသည်။
မြန်မာလူမျိုးများသည် သီတင်းကျွတ်အချိန်အခါ ကျရောက်ချိန်တိုင်းတွင် မိဘဘိုးဘွား၊ ဆရာသမားနှင့် မိမိထက် သက်ကြီးဝါကြီးသူများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကိုနာခံကာ အပြစ်များရှိပါကလည်း ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန် ကန်တော့လေ့ရှိကြသည်။
သီတင်းကျွတ်မီးထွန်းပွဲတော် အချိန်အခါအတွင်း၌ အထူးသဖြင့် ညဘက်အချိန်များတွင် မျက်စိတစ်ဆုံး ကြည့်လိုက်လျှင်ဖြင့် တစ်မြို့လုံးမှာ အလှမီးပင်လယ်ပြင်ကြီးကဲ့သို့ ဖြစ်နေပြီး အိမ်တိုင်းအိမ်တိုင်း ဖယောင်းတိုင်မီးများ ထွန်းညှိ၍ ရောင်စုံမီးသီးနှင့် မီးပုံးများ ချိတ်ဆွဲထားကြသည်မှာ အလွန်ပင် စည်ကားလှပါသည်။ စေတီပုထိုးများပေါ်၌ ရွှေရောင်တဖိတ်ဖိတ်နှင့် ပို၍ပင် လင်းလက်တောက်ပ၍ အရောင်အသွေးစုံလင်ကာ ထည်ဝါခမ်းနားလှပေသည်။
အများပြည်သူများကလည်း ပွဲတော်ရက်တွင် ဘုရားရှိခိုး တရားစာရွတ်ဖတ်ခြင်း၊ ဆွမ်းနှင့်ပန်း ကပ်လှူပူဇော်ခြင်း၊ အလှူဒါန ကျင်းပပြုလုပ်ခြင်း အစရှိသော ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးတို့၏ ဘာသာတရားကိုင်းရှိုင်းမှု၊ စိတ်နှလုံးကောင်းမွန်၍ သဒ္ဓါတရားထက်သန်မှုနှင့် လူကြီးသူမများအပေါ် ရိုသေဝပ်တွားသည့် ရိုးရာယဉ်ကျေးမှုများကို ထင်ဟပ်ဖော်ပြနေပေသည်။