ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “ဆောင်းပျိုးစရာသီချိန် (Li Dong)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “ဆောင်းပျိုးစရာသီချိန်”ဟု အနက်ရသော “လိတုန်း (Li Dong) ရာသီချိန်”ပင် ဖြစ်ပါသည်။
“လိတုန်း (Li Dong)”သည် ဆောင်းရာသီ၏ ပထမဦးဆုံး ရာသီချိန်ဖြစ်ပြီး တရုတ်ရာသီချိန် (၂၄)ခုအနက်မှ (၁၉)ခုမြောက် ရာသီချိန် ဖြစ်ပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၂၂၅°သို့ လည်ပတ်ကျရောက်နေပြီး ပုံမှန်အားဖြင့် နိုဝင်ဘာလ (၇)ရက်နေ့ သို့မဟုတ် (၈)ရက်နေ့တွင် ကျရောက်လေ့ရှိသည်။ “လိ(Li)” ဟူသည် “မူလအစ ဖြစ်တည်သည်” ဟူသော အဓိပ္ပာယ်ရှိသောကြောင့် ဤအချိန်မှစ၍ ဆောင်းဝင်ပြီဖြစ်ကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ “တုန်း(Dong)”သည် “ပြီးဆုံးသွားပြီ” ဟူသော အနက်ရှိသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် “လိတုန်း (Li Dong)”ဟူသည့် အဓိပ္ပာယ်မှာ ဆောင်းဦးသီးနှံပင်များအားလုံးကို ရိတ်သိမ်းကာ နေလှန်းပြီးစီး၍ ဂိုဒေါင်ထဲတွင် သိမ်းဆည်းသိုလှောင်ပြီး တိရစ္ဆာန်များသည်လည်း ဆောင်းအအေးဒဏ်ကို ရှောင်တိမ်းရန်အတွက် ဆောင်းခိုရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
တရုတ်ပြက္ခဒိန်၏ (၁၀)လပိုင်းတွင် ကျရောက်သော လိတုန်း (Li Dong) ရာသီချိန်ကို “ဆောင်းကူးကာလ” ဟု အဓိပ္ပာယ်ရသည့် “ကျောင်းတုန်း (Jiao Dong)” ဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။ ရှေးယခင်ကစ၍ ယနေ့ထက်ထိတိုင် အရပ်ထဲတွင် “ဆောင်းပျိုးစရာသီချိန်နေ့၏ ဆောင်းရာသီ ဖြည့်စွက်စားသုံးခြင်း” ဟူသည့် အစားအသောက်ဓလေ့ ရှိပါသည်။ အကြောင်းမှာ ပထမအချက်အနေဖြင့် ဆောင်းဝင်ပြီးနောက်တွင် ရာသီဥတု တဖြည်းဖြည်း ချမ်းအေးလာသောကြောင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ်နှင့် ခန္ဓာကိုယ်တွင်း စွမ်းအင်များကို ဖြည့်တင်းကာ ဆောင်းရာသီအအေးဒဏ်ကို ခုခံနိုင်စွမ်းရှိစေရန်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် လူတို့သည် တစ်နှစ်တာလုံး အလုပ်တာဝန်များကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသောကြောင့် ဤလိတုန်း (Li Dong) ရာသီချိန် ကျရောက်သည့်နေ့တွင် တစ်နေ့တာကို ကောင်းစွာအသုံးချ၍ အပန်းဖြေအနားယူကြသည်။ ထို့အပြင် စားကောင်းသောက်ဖွယ်များကို ပြင်ဆင်ကာ မိသားစုဝင်များ၏ တစ်နှစ်တာလုံး ပင်ပန်းမှုများအတွက် ဂုဏ်ပြုခံစားကြသည်။
ဖက်ထုပ်စားသုံးခြင်းသည် တရုတ်နိုင်ငံ မြောက်ပိုင်းသားများ၏ “ဆောင်းရာသီ ဖြည့်စွက်စားသုံးခြင်း” ဓလေ့ဖြစ်ပါသည်။ အကြောင်းမှာ ဖက်ထုပ်ဟူသည့် “ကျောင်ကျီ (Jiao Zi)” သည် “ကူးပြောင်းချိန်” ဟူသော တရုတ်စာလုံးနှင့် အသံထွက်ချင်း တူညီသောကြောင့်ဖြစ်သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးနေ့သည် နှစ်ဟောင်းနှင့် နှစ်သစ်တို့၏ အကူးအပြောင်းဖြစ်သကဲ့သို့ လိတုန်း(Li Dong)သည် ဆောင်းဦးရာသီနှင့် ဆောင်းရာသီ၏ အကူးအပြောင်းပင် ဖြစ်သည်။ ဤကဲ့သို့ “ကူးပြောင်းချိန်”တွင် “အကူးအပြောင်း”ဟူသော စကားလုံးနှင့် အသံထွက်တူသော ဖက်ထုပ်ကို စားသုံးကြသည်။
ဆောင်းပျိုးစရာသီချိန်ကို နွေဦးဝင်စရာသီချိန်၊ ခါနွေပျိုးစရာသီချိန်၊ ဆောင်းဦးဝင်စရာသီချိန်တို့နှင့်အတူ “ဥတုလေးပါး ပျိုးစအချိန်” ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြပြီး ရှေးခေတ်အခါက အရေးကြီးသော ပွဲတော်ရက်ဖြစ်သည်။ ရှေးယခင်က ဆောင်းပျိုးစရာသီချိန်တွင် ဘုရင်မင်းသည် မြို့မြောက်ဘက်ရှိ မြို့ပြင်တွင် ဆောင်းရာသီ ကြိုဆိုပွဲအခမ်းအနားကို ကျင်းပလေ့ရှိသည်။
အရပ်ထဲတွင် ဘိုးဘေးများအား ပူဇော်ကန်တော့ခြင်း၊ စားတော်ပွဲများ တည်ခင်းသုံးဆောင်ခြင်း၊ ဗေဒင်တွက်ချက်ခြင်း အစရှိသော ရိုးရာဓလေ့များရှိသည်။ ရာသီထွက် စားဖွယ်ရာများဖြင့် ဘိုးဘေးဘီဘင်များအား ရှိခိုးကန်တော့ခြင်း၊ နောက်လာမည့်နှစ်တွင် သီးနှံအထွက်တိုး အောင်မြင်စေရန် မိုးနတ်မင်းကြီးထံ ဆုတောင်းခြင်းများအပြင် အရက်ယမကာသုံးဆောင်ခြင်း၊ အပန်းဖြေအနားယူခြင်းများဖြင့် မိမိကိုယ်ကို ဂုဏ်ပြုချီးမြှင့်ခြင်းများလည်း ပြုလုပ်လေ့ရှိကြသည်။
ယနေ့တွင် ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် ကျဲ့ကျန်း(Zhejiang)ပြည်နယ် ဆောင်းရှင်း(Shaoxing)မြို့၏ “ဆောင်းပျိုးစရာသီချိန် အငွေ့အသက်”များကို ထပ်တူခံစားကြစို့လားရှင်။
ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”