ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “ဆီးနှင်းပွင့်ကျရာသီချိန် (Xiao Xue)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “ဆီးနှင်းပွင့်ကျရာသီချိန်”ဟု အနက်ရသော “ရှောင်ရွှယ် (Xiao Xue) ရာသီချိန်” ပင် ဖြစ်ပါသည်။
“ဆီးနှင်းပွင့်ကျရာသီချိန်”သည် တရုတ်ရာသီချိန် (၂၄)ခုအနက်မှ (၂၀)ခုမြောက် ရာသီချိန် ဖြစ်ပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၂၄၀°သို့ လည်ပတ်ကျရောက်နေပြီး ပုံမှန်အားဖြင့် နိုဝင်ဘာလ (၂၂)ရက်နေ့ သို့မဟုတ် (၂၃)ရက်နေ့တွင် ကျရောက်လေ့ရှိပါသည်။ ရာသီဥတု ချမ်းအေးသောကြောင့် ရွာသွန်းကျဆင်းမှုပုံစံမှာ မိုးစက်များမှ ဆီးနှင်းများအသွင်သို့ ပြောင်းလဲသွားသည်။ သို့သော် ဆီးနှင်းကျဆင်းမှုပမာဏ မများပြား၍ မြေပြင်ပေါ်တွင် ဆီးနှင်းများ စုပုံနေခြင်း မရှိသောကြောင့် ဆီးနှင်းပွင့်ငယ်များ အနည်းငယ်ကျသော “ရှောင်ရွှယ် (Xiao Xue) ရာသီချိန်”ဟု သတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်သည်။ သို့ပါ၍ ဆီးနှင်းပွင့်ကျရာသီချိန် “ရှောင်ရွှယ် (Xiao Xue) ရာသီချိန်”သည် ရာသီဥတုအခြေအနေကို ထင်ဟပ်ဖော်ပြသော ရာသီချိန်ဖြစ်သည်။
ဆီးနှင်းပွင့်ကျရာသီချိန်သည် ဆောင်းဝင်စအချိန်ထက် အပူချိန် ပို၍လျော့နည်းပြီး တရုတ်နိုင်ငံ မြောက်ပိုင်းဒေသ၏ နေရာအများစုတွင် အပူချိန်သည် ရေခဲမှတ်သုညဒီဂရီအောက်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာပါသည်။ “ဆီးနှင်းပွင့်ကျရာသီချိန်မှာ ဝေဆာငွေနှင်း ကျလို့ဆင်းက၊ နောက်နှစ်ချိန်ခါ သီးထွက်တိုးမှာ ဧကန်သာ။” ဟူသော လယ်တွင်းဆိုရိုးစကားတစ်ရပ် ရှိပါသည်။ ဤရာသီချိန်တွင် ကျဆင်းသော ဆီးနှင်းသည် လယ်ယာလုပ်ငန်းအတွက် များစွာအကျိုးရှိလှသည်။
ဆီးနှင်းပွင့်ကျရာသီချိန်တွင် တရုတ်နိုင်ငံ နေရာဒေသအသီးသီး၌ ဆောင်းရာသီတွင် စားသုံးနိုင်ရန်အတွက် အိမ်တိုင်းအိမ်တိုင်း ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ကြက်ဘဲသားငါး အစရှိသည်တို့ကို ဆားနယ်အချဉ်သိပ်ခြင်းနှင့် အခြောက်လှန်းခြင်းများ စတင်ပြုလုပ် ပြင်ဆင်နေကြပြီဖြစ်သည်။
တရုတ်နိုင်ငံရှိ ဝေဂါ(Uighur) တိုင်းရင်းသားလူမျိုးများသည် ပထမဦးဆုံး နှင်းကျချိန်တွင် “နှင်းဖြူပွဲတော်” ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြပြီး အချင်းချင်း အပြန်အလှန် ထမင်းဖိတ်ကျွေးကာ မိတ်ဆွေအပေါင်းအသင်းများ စုဝေး၍ ဆိုကြကကြ၊ စားကြသောက်ကြနှင့် ညဉ့်နက်သည်အထိ ရွှင်မြူးပျော်ပါးတတ်ကြသည်။ ဆီးနှင်းပွင့်ကျရာသီချိန်ဝန်းကျင်တွင် ထူကျား(Tujia) တိုင်းရင်းသားလူမျိုးများ၏ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိသော “နှစ်ကူးဝက်ကို သတ်၍ နှစ်သစ်ကြိုဆိုခြင်း” ရိုးရာပွဲတော်ရှိပြီး သေသေချာချာ ချက်ပြုတ်ပြင်ဆင်ထားသော “လတ်လတ်ဆတ်ဆတ် အသားဟင်းရည်” ဖြင့် မိတ်ဆွေသဟာများကို ဧည့်ခံကျွေးမွေးကြသည်။
ဤရာသီချိန်တွင် ကွေ့ကျိုး(Guizhou)ပြည်နယ်၊ လေစန်း(Leishan)မြို့၌ မြောင်တိုင်းရင်းသားနှစ်သစ်ကူးကို ပျော်ရွှင်စွာ ဆင်နွှဲနေကြပြီး တစ်နှစ်တာ ကာလပတ်လုံး၏ ပင်ပန်းမှုများ အဆုံးသတ်သွားပြီဖြစ်သည်။ “ရှောင်ရွှယ် (Xiao Xue) ရာသီချိန်” သည် အထူးသဖြင့် ပေါင်းစည်းမှုနှင့် ပျော်ရွှင်မှုတို့၏ အစပျိုးခြင်းဖြစ်ကြောင်းကို ကိုယ်စားပြုဖော်ဆောင်နေပါသည်။ ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် အတူတကွ ကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။
ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”
ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။