ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “ကထိန်ပွဲတော်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:59:55

ယနေ့တင်ဆက်ပေးသွားမှာကတော့ မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက်မှ တန်ဆောင်မုန်းလ၏ အထိမ်းအမှတ်ပွဲတော်ဖြစ်သော ကထိန်ပွဲအကြောင်း ဖြစ်ပါသည်။


图片


ကထိန်သင်္ကန်းကပ်လှူခြင်းသည် မြတ်စွာဘုရားလက်ထက်က ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ဖြစ်ပေါ်လာသည်။ ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာမြို့မှ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံ ဝါကျွတ်ချိန်  သီတင်းကျွတ်လပြည့်နေ့ ပဝါရဏပွဲအမှီ ကြွလာကြသည်။ မြတ်စွာဘုရားရှင်လက်ထက်တွင် ရဟန်းတစ်ပါး၌ နှစ်ထပ်သင်္ကန်းကြီးတစ်ထည်၊ အပေါ်ရုံကိုယ်ဝတ်သင်္ကန်းတစ်ထည်၊ ခါးဝတ်သင်းပိုင်တစ်ထည် စသည့် သင်္ကန်းသုံးထည်သာ ရှိရမည်ဟု ပညတ်ထားသည်။ လမ်းခရီးတွင် မိုးများသည်းထန်စွာ ရွာသွန်းသောကြောင့် ပါဝေယျရဟန်းတို့မှာ မိုးမိပြီး လဲလှယ်စရာသင်္ကန်းမရှိသဖြင့် စွတ်စိုကာ ရွှံ့များပေနေသော သင်္ကန်းဖြင့် မြတ်စွာဘုရားရှင်ထံသို့ ဆင်းရဲပင်ပန်းကြီးစွာ ရောက်လာခဲ့ကြရသည်။ ထိုပါဝေယျရဟန်းတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားက ဝါဆိုပြီးကြသော ရဟန်းတို့အား  အလှူ့ဒါယကာများမှ ကထိန်သင်္ကန်းကပ်လှူခြင်းကို ငါဘုရားခွင့်ပြုတော်မူ၏ဟု ဆိုခဲ့လေသည်။ ဤသို့ဖြင့် ကထိန်သင်္ကန်း ကပ်လှူခြင်းအစဉ်အလာကို ယနေ့ထက်ထိတိုင်အောင် ကျင်းပလေ့ရှိသည်။


图片


မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ကျောင်းများ၊  ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးလက်တောရွာနှင့် မြို့နယ်များ စသည့် နေရာများအားလုံး၌ ကထိန်သင်္ကန်းကပ်လှူပွဲများကို ကျင်းပလေ့ရှိသည်။ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရန် ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလ ဖြစ်ပါသည်။ ကထိန်ခင်းရာတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။

图片

ဘုံကထိန်ပွဲကို အများအားဖြင့် ကားဖြင့် ဘုံကထိန်လှည့်ခြင်း သို့မဟုတ် လူအုပ်လိုက်ဖြင့် ဘုံကထိန်လှည့် ခင်းကျင်းခြင်းများ ပြုလုပ်ကြသည်။ ထို့အပြင် အိုးစည်၊ဗုံ၊လင်းကွင်း၊နှဲ စသဖြင့် တီးမှုတ်တူရိယာမျိုးစုံတို့ဖြင့်  မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကျင်းပကြသဖြင့် စည်ကားသိုက်မြိုက်လှပေသည်။ ကထိန်လှည့်သူများက လှူဒါန်းမည့် ကထိန်သင်္ကန်းနှင့်အတူ ဝတ္ထုငွေ၊ သပိတ်၊ ဖိနပ်နှင့် အခြားနေ့စဉ်သုံးပစ္စည်းများ စသည်တို့ကို ပဒေသာပင်စိုက်ထူ၍ ဘုန်းတော်ကြီး‌ကျောင်းသို့ စီတန်းလှည့်လည် ပို့ဆောင်ကြသည်။  


图片


ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီတစ်ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့များတွင် သီတင်းကျွတ်ပွဲတော်ကဲ့သို့ပင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပကြသည်။ ဤသည်မှာ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့်သဘောဖြင့် ဖယောင်းတိုင်ဆီမီးများ ထွန်းညှိပူဇော်ကြခြင်းဖြစ်သည်။ တန်ဆောင်တိုင်ပွဲတော်ဆိုလျှင် တောင်ကြီးတန်ဆောင်တိုင်ပွဲ‌တော်သည် အထင်ရှားဆုံး၊ အစည်ကားဆုံးနှင့် အကြီးကျယ် အခမ်းနားဆုံးပင် ဖြစ်ပါသည်။


图片


图片


တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားပုထိုးများ၌ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲများကိုလည်း ကျင်းပပြုလုပ်လေ့ရှိသည်။ စေတီပုထိုးများ၏ ရင်ပြင်တွင် အမည်အမျိုးမျိုးရှိ ရက်ကန်းစင်များ ပြင်ဆင်ပြီး အဖွဲ့လိုက် မသိုးသင်္ကန်း ရက်ခတ်သည့် ပြိုင်ပွဲများကို ပြုလုပ်လေ့ရှိသည်။ “မသိုးသင်္ကန်း”ဟု ခေါ်ဆိုရခြင်းအကြောင်းနှင့် ၎င်း၏ထူးခြားချက်မှာ သင်္ကန်းတစ်စုံဖြစ်အောင် ညတွင်းချင်း အပြီးရက်ခတ် ပြုလုပ်ရသောကြောင့်ဖြစ်သည်။ နောက်တစ်နေ့ နံနက်အရုဏ်တက်အချိန်တွင် ညတွင်းချင်း အပြီးရက်လုပ်ခဲ့သော သင်္ကန်းကို  ဘုရားပုထိုးထံ ဆက်ကပ်ပူဇော်ရသည်မှာ အလွန်ပင် ဝမ်းမြောက်ကြည်နူးဖွယ်ကောင်းလှပါသည်။


图片图片


စိတ်စေတနာကောင်းမွန်၍ သဒ္ဓါတရား ထက်သန်သော မြန်မာလူမျိုးများသည် တန်ဆောင်မုန်းလပြည့်နေ့တွင် ပံ့သကူပစ် လှူဒါန်းတတ်ကြသည်။ သို့ပါ၍ တန်ဆောင်မုန်းလတွင် ကျင်းပသော တန်ဆောင်တိုင်ပွဲတော်သည် ကုသိုလ်လည်းရ၊ ကြည်နူးဖွယ်လည်းကောင်းသည့် ပွဲတော်ပင် ဖြစ်ပါသည်။


图片


ကိုးကားချက်။ ။ ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေသည့် “မြန်မာ့ ၁၂ လ ရာသီပွဲတော်”၊ ဒေါက်တာသန်းထိုက် (ရန်ကုန်တက္ကသိုလ်)စီစဉ်ပြီး ပြည့်ဝကျော်စာပေမှ ထုတ်ဝေသည့် “ဂုဏ်ထူးဆောင်”စံပြစာစီစာကုံး ပေါင်းချုပ်ကြီး၊ www.myanmar.gov.mm ဝဘ်ဆိုဒ်စာမျက်နှာ


 ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။