ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “ဆီးနှင်းထန်ရာသီချိန် (Da Xue)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “ဆီးနှင်းထန်ရာသီချိန်”ဟု အနက်ရသော “တာရွှယ် (Da Xue) ရာသီချိန်” ပင် ဖြစ်ပါသည်။
“ဆီးနှင်းထန်ရာသီချိန်”သည် ပုံမှန်အားဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့ သို့မဟုတ် (၈)ရက်နေ့တွင် ကျရောက်လေ့ရှိပြီး တရုတ်ရိုးရာ ရာသီချိန် (၂၄)ခုအနက်မှ (၂၁)ခုမြောက် ရာသီချိန်ဖြစ်သည်။ ၎င်းရာသီချိန်သည် ဆောင်းဥတု၏ တတိယမြောက် ရာသီချိန်ဖြစ်ပြီး ဆောင်းလယ်လသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းကို ဖော်ဆောင်ပြသနေပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၂၅၅°သို့ လည်ပတ်ကျရောက်ကာ မြောက်ကမ္ဘာခြမ်းပိုင်းတွင် နေ့တာတို၍ ညတာရှည်တတ်ပါသည်။
“ဆီးနှင်းထန်ရာသီချိန်”တွင် အပူချိန် တဖြည်းဖြည်းကျဆင်းလာပြီး ဆီးနှင်းကျဆင်းမှုပမာဏသည်လည်း အဆက်မပြတ် တိုးပွားလာ၍ မြေပြင်ပေါ်၌ ဆီးနှင်းများ စတင်စုပုံလာပြီဖြစ်သည်။ အချို့သောနေရာများတွင် နှင်းများ သည်းသည်းထန်ထန် ကျဆင်းတတ်ပြီး နှင်းမုန်တိုင်းများပင် ဖြစ်ပေါ်တတ်သည်။ “ဆီးနှင်းထန်ရာသီချိန်”၏ အဓိပ္ပာယ်မှာ ရာသီဥတု ပိုမိုချမ်းအေးလာပြီး ဆီးနှင်းကျနိုင်ခြေ သို့မဟုတ် နေရာရပ်ဝန်း ပိုမိုတိုးပွားကျယ်ပြန့်လာကာ “ဆီးနှင်းပွင့်ကျရာသီချိန်” (ရှောင်ရွှယ်)ထက် နှင်းများ ပိုမိုစုပုံနေနိုင်သည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် ကျိန်းသေပေါက် ဆီးနှင်းကျဆင်းမှုပမာဏ အလွန်များပြားမည်ကို ဆိုလိုခြင်းမဟုတ်ပေ။
ဤရာသီချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ယူနန်ပြည်နယ်တောင်ပိုင်း ဆောင်းရာသီကင်းမဲ့ဒေသများမှအပ တရုတ်ပြည် မြေတစ်ခွင်လုံးနီးပါးတွင် ဆောင်းရာသီအပြင်အဆင်များ လွှမ်းခြုံနေပေပြီ။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းဒေသများ၏ ပျမ်းမျှအပူချိန်မှာ ရေခဲမှတ်သုညအောက် ၁၀°အောက်သို့ ကျဆင်းနေပြီး မြစ်ဝါမြစ်ဝှမ်းနှင့် တရုတ်နိုင်ငံမြောက်ပိုင်းဒေသများ၏ အပူချိန်မှာ ရေခဲမှတ် ၀°အောက်တွင် ငြိမ်သက်လျက်ရှိနေပါသည်။ တရုတ်နိုင်ငံတောင်ပိုင်းဒေသများ အထူးသဖြင့် ကွမ်ကျိုး(Guangzhou)မြို့နှင့် ပုလဲမြစ်ဝကျွမ်းပေါ်ဒေသတစ်လျှောက်သည် တရုတ်နိုင်ငံ မြောက်ပိုင်းရာသီဥတုနှင့် သိသိသာသာ ကွာဟပါသည်။ တောင်ပိုင်းဒေသ၏ ဆောင်းရာသီမှာ နွေးထွေးပြီး မိုး၊ဆီးနှင်းများနည်းပါးကာ ရံဖန်ရံခါ နှင်းကျတတ်ပါသည်။ ဤရာသီချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်းဒေသများ၏ ရာသီဥတုထူးခြားချက်မှာ မြူထူထပ်ခြင်းဖြစ်သည်။
“ဆီးနှင်းထန်ရာသီချိန်” ကျရောက်ပြီးချိန်တွင် ဆောင်းဂျုံပင်များမှာ ဆောင်းခိုအနေအထားသို့ အလုံးစုံ ရောက်ရှိသွားပြီဖြစ်ကာ အပင်များမှာ ဆက်လက် မကြီးထွားတော့ပေ။ ဂျုံခင်းထိန်းသိမ်းမှုအနေဖြင့် ပျိုးပင်လေးများ ရှင်သန်ရေးကို အဓိကထားစောင့်ရှောက်ရမည်ဖြစ်သည်။ လယ်သမားဦးကြီးများသည် ဆီးနှင်းများစုပုံခြင်းအချက်ကို အသုံးချ၍ လယ်ယာသီးနှံပင်များအား “ဂွမ်းစောင်”ထူထူလေး ခြုံလွှမ်းထားစေပါသည်။ ချမ်းအေးလွန်းလှသော ဆောင်းရာသီတွင် ဆီးနှင်းများစုပုံနေ၍ မြေပြင်ကို ဖုံးလွှမ်းထားခြင်းသည် နွေးထွေးမှုရရှိစေရုံသာမက မြေအနွေးဓာတ်ကို မြင့်တက်လာစေသည့် အကျိုးသက်ရောက်မှု ရှိပါသည်။ ထို့အပြင် နွေဦးအခါတွင် မိုးခေါင်ခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပြီး ဆောင်းဂျုံပင်များ ပြန်လည်စိမ်းစိုစေရန် အထောက်အကူဖြစ်စေရုံသာမက ရွှံ့မြေထဲရှိ ပိုးမွှားနှင့် အန္တရာယ်ပေးတတ်သော ပိုးကောင်များကိုပါ အေးခဲသေဆုံးစေနိုင်ပါသည်။
ရှေးယခင်ခေတ်ကတည်းပင် “ဆီးနှင်းထန်ရာသီချိန်”တွင် တရုတ်နိုင်ငံ နေရာဒေသအသီးသီးရှိ လူများသည် ရေခဲပြင်ဆီးနှင်းကမ္ဘာထဲတွင် ဆီးနှင်းကစားခြင်းများ ပြုလုပ်တတ်ကြသည်။ နှင်းကမ္ဘာထဲတွင် နှင်းလူသားရုပ်များ ပုံဖော်ပြုလုပ်ခြင်း၊ နှင်းမီးအိမ်များ၊ နှင်းတောင်များ ပြုလုပ်ခြင်းနှင့် ပျော်ပျော်ပါးပါး နှင်းလျှောစီးကစားခြင်းများကို နှစ်သက်ကြသည်။ ကပ်စေးနှဲ၊ ကန်စွန်းဥဆန်ပြုတ်၊ မုန်လာဥလုံးများသည် ဤရာသီချိန်၏ ထူးခြားသော အစားအစာ ဖြစ်ပါသည်။
ဆောင်းလယ်လအချိန်အခါသို့ ရောက်ရှိသောအခါ ဟေးလုံကျန်း (Heilongjiang)ပြည်နယ်၊ ဟိုင်လင် (Hailin)မြို့ စွမ်းဖုန်း(Shuangfeng) သစ်တောခင်းပြင်ရှိ နှင်းဖြူလွင်လွင်တွင် သစ်ခုတ်သမားများက ဒဏ္ဍာရီလာကမ္ဘာလေးကို တက်ညီလက်ညီ ဖန်တီးတည်ဆောက်နေကြပါသည်။ နှင်းပွင့်တလူလူ လွင့်ပျံကျဆင်းနေသည့် ရာသီချိန်တွင် ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် ဒဏ္ဍာရီပုံပြင်ထဲမှ နှင်းတို့၏ဌာနေကို ကြည့်ရှုခံစားလိုက်ရအောင်လားရှင့်။
ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်းပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”