ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - "စာဆိုတော်ပွဲ"
ယနေ့သည် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက်မှ နတ်တော်လ စာဆိုတော်နေ့ဖြစ်ပြီး ၎င်းပွဲတော်ကို နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျင်းပပါသည်။
ရှေးခေတ်အခါက နတ်တော်လ၏ ရာသီပွဲတော်မှာ နတ်ပူဇော်ပွဲတော်ဖြစ်ပြီး ယင်းဓလေ့သည် ၁၈၈၅ ခုနှစ်တွင် ကွယ်ပျောက်သွားခဲ့ပါသည်။ ထို့နောက် ၁၉၄၄ ခုနှစ်မှ စတင်၍ စာပေပညာရှင်များအား ဂုဏ်ပြုချီးမြှင့်သည့် စာဆိုတော်ပွဲအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပါသည်။
၁၉၄၄ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ကွမ်းခြံကုန်းမြို့ဌာနခွဲမှ မြန်မာ့စာပေသမိုင်း၌ အလွန်ထင်ရှားကျော်စောသည့် ကုန်းဘောင်ခေတ် ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ ဦးပုညအား အမှတ်ရ ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံအရပ်ရပ်တွင် ဦးပုညနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပရန်လည်း လှုံ့ဆော်ခဲ့လေသည်။
၁၉၄၄ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းနှင့်တကွ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ အစရှိသည်တို့မှ တာဝန်ရှိသူများက ဦးပုညနေ့ အထိမ်းအမှတ် ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း၍ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် “ဦးပုညနေ့”ဟူ၍ စာဆိုတော်တစ်ဦးတည်းကို ရည်ညွှန်းဂုဏ်ပြုသော နေ့တစ်နေ့အဖြစ် သတ်မှတ်ကျင်းပမည့်အစား စာဆိုတော်အားလုံးကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့အဖြစ် သတ်မှတ်ရန် ဆွေးနွေးကြရာ နောက်ဆုံးတွင် နတ်တော်လ၌ ရှေးမြန်မာမင်းတို့သည် စစ်ဘက်၊ စာပေဘက်၊ အုပ်ချုပ်ရေးဘက်တွင် ထူးချွန်သော ပညာရှင်များ၊ မင်းညီမင်းသားများ၊ မှူးမတ်များ အစရှိသူတို့အား ဘွဲ့ထူး၊ ဂုဏ်ထူးတော်များ ပေးအပ်ချီးမြှင့်လေ့ ရှိသည်ကို အကြောင်းပြု၍ နှစ်စဉ် နတ်တော်လဆန်း (၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် ထိုအစည်းအဝေးကျင်းပသည့် ၎င်းနှစ်မှစတင်၍ စာဆိုတော်နေ့ ပေါ်ပေါက်လာကာ နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
ရှေးဦးစွာ စာရေးဆရာများသည် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ပြဇာတ်ကခြင်း၊ ပဒေသာကပွဲ ကပြဖျော်ဖြေခြင်း၊ ရပ်ကွက်အတွင်း စာပေဟောပြောပွဲ ကျင်းပခြင်းတို့ဖြင့် ပြည်သူလူထုအား စာပေအသိပညာဗဟုသုတများ ဖြန့်ဝေပေးရာမှ နောက်ပိုင်းတွင် နိုင်ငံနှင့်အဝန်း အနယ်နယ်အရပ်ရပ်၌ ပွဲတော်အထိမ်းအမှတ် ဟောပြောပွဲများကို ကျင်းပလာနိုင်ခဲ့သည်။ ယခုအခါ စာဆိုတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ အစီအစဉ်များကို နတ်တော်လဆန်း(၁)ရက်နေ့ တစ်ရက်တည်း၌ ကျင်းပရန် မလုံလောက်တော့သဖြင့် အချို့မြို့နယ်များတွင် နတ်တော်လတစ်လလုံး အချိန်အလျဉ်းသင့်သလို ကျင်းပကြသည်များလည်း ရှိပါသည်။
ယနေ့ခေတ်တွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ နယ်ပယ်အသီးသီးမှ ဘာသာပြန်ဆရာများ စသည့် စာပေပညာရှင်များအား ၎င်းတို့၏ ပြောင်မြောက်ထူးချွန်မှုများအတွက် စာဆိုတော်နေ့အခမ်းအနားပွဲ၌ နိုင်ငံတော်အစိုးရမှ အမျိုးသားစာပေဆုများကို ပေးအပ်ချီးမြှင့်လေ့ရှိပါသည်။ ထို့အပြင် သက်ကြီးစာပေပညာရှင်များအား ကန်တော့ခြင်း၊ စာပေရေးရာများ ဆွေးနွေးဟောပြောခြင်း၊ စကားရည်လုပွဲများ၊ စာပေကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း စသည်တို့ကို တခမ်းတနား ကျင်းပဆောင်ရွက်ကြသည်။ ဤသို့ဖြင့် စာပေတိုးတက်ရေး၊ လူထုပညာရေး တိုးတက်ကောင်းမွန်ရေးတို့ကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက် ရှိကြပါသည်။
ကိုးကားချက်။ ။ “မြန်မာ့စွယ်စုံကျမ်း” အတွဲ(၃)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းစဉ်၊ ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေသည့် “မြန်မာ့ ၁၂ လ ရာသီပွဲတော်”၊ www.myanmar.gov.mm ဝဘ်ဆိုဒ်စာမျက်နှာ
ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။