ထူးခြားစုံလင် တရုတ်မြန်မာ ပွဲတော်ရက်သဘင် - “ဆောင်းယဉ်စွန်းချိန် (Dong Zhi)”
ယနေ့သည် တရုတ်ရိုးရာ ရာသီချိန်နှစ်ဆယ့်လေးခုအနက်မှ “ဆောင်းယဉ်စွန်းချိန်” ပင် ဖြစ်ပါသည်။
“ဆောင်းယဉ်စွန်းချိန်”သည် တရုတ်ရိုးရာ ရာသီချိန် (၂၄)ခုအနက်မှ (၂၂)ခုမြောက် ရာသီချိန်ဖြစ်ပြီး စာပေမှတ်တမ်းများတွင်မူ အစောဆုံး မှတ်တမ်းတင်ဖော်ပြခြင်းခံရသော ရာသီချိန်တစ်ခုဖြစ်သည်။ တရုတ်လူမျိုးများသည် သမိုင်းစဉ်တစ်လျှောက် ဆောင်းယဉ်စွန်းချိန်ကို အလေးထားလာခဲ့ပြီး ရှေးယခင်ခေတ်ကတည်းကပင် ၎င်းရာသီချိန်သည် ထူးခြားသော ရာသီချိန်အကူးအပြောင်းတစ်ခု ဖြစ်သည့်အပြင် နောက်လာမည့် ရာသီစက်ဝန်း၏အစကို ဖော်ဆောင်နေခြင်းဖြစ်သည်ဟူ၍လည်း ယူဆကြသည်။
ပုံမှန်အားဖြင့် ဒီဇင်ဘာလ (၂၁)ရက်နေ့ သို့မဟုတ် (၂၂)ရက်နေ့တွင် ဆောင်းယဉ်စွန်းချိန် ကျရောက်လေ့ရှိပြီး ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၂၇၀°သို့ လည်ပတ်ကျရောက်နေပါသည်။ ဆောင်းယဉ်စွန်းချိန် ကျရောက်သောနေ့သည် မြောက်ကမ္ဘာခြမ်း၏ တစ်နှစ်တာလုံးတွင် ညတာအရှည်ဆုံးနှင့် နေ့တာအတိုဆုံးရက် တစ်ရက်ပင်ဖြစ်သည်။ သို့သော် ထိုနေ့၏ အပူချိန်မှာမူ အနိမ့်ဆုံးမဟုတ်ပေ။ ဆောင်းယဉ်စွန်းချိန် ကျော်လွန်ပြီးနောက်တွင် နေရောင်ခြည် တိုက်ရိုက်ကျရောက်ရာနေရာသည် တဖြည်းဖြည်းနှင့် မြောက်ဘက်သို့ ရွေ့လျားလာပြီး မြောက်ကမ္ဘာခြမ်းဘက်တွင် နေ့တာ တဖြည်းဖြည်း ရှည်လာမည်ဖြစ်သည်။
ဆောင်းယဉ်စွန်းချိန်သည် ဆောင်းဥတု၏ ပွဲတော်ကြီးတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး ရာသီချိန်တစ်ခု ဖြစ်သည့်အပြင် တရုတ်ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ “ဆောင်းယဉ်စွန်းချိန်သည် နှစ်သစ်ကူးပမာ”နှင့် “နှစ်သစ်ကူးအကြို ကျင်းပခြင်း”ဟူသော ဆိုစကားလည်း ရှိပါသည်။ ဆောင်းယဉ်စွန်းချိန် မတိုင်မီတစ်ရက်သည် နှစ်သစ်ကူးအကြိုနေ့နှင့် ဆင်တူပြီး “ဆောင်းယဉ်စွန်းချိန်အကြိုနေ့”ဟူ၍ ခေါ်ဝေါ်ကြပါသည်။
ဆောင်းယဉ်စွန်းချိန်တွင် နေရာဒေသ မတူညီမှုအလိုက် အစားအသောက်ဓလေ့ပုံစံ ကွဲပြားမှုများစွာ ရှိသည်။ တရုတ်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသတချို့တွင် ဆောင်းယဉ်စွန်းချိန်၌ ကောက်ညှင်းလုံး စားသုံးသော ဓလေ့ရှိသည်။ ယန်စီမြစ်တောင်ပိုင်း ရေပေါ်ဒေသများတွင် ဆောင်းယဉ်စွန်းချိန် ညအခါ၌ မိသားစု တပျော်တပါး စုဝေးကာ ပဲနီကောက်ညှင်းထမင်း စားသုံးသော ဓလေ့ရှိပြီး တရုတ်နိုင်ငံ မြောက်ပိုင်းတွင်မူ ဖက်ထုပ်စားသုံးသော ဓလေ့ထုံးစံများ ရှိပေသည်။ ယခင် ပေကျင်းမြို့ဟောင်း ရိုးရာဓလေ့တွင် “ဆောင်းယဉ်စွန်းချိန်တွင် ဖက်ထုပ်ပြုတ်၊ နွေယဉ်စွန်းချိန်တွင် ခေါက်ဆွဲ”ဟူသော အပြောရှိပါသည်။
တရုတ်နိုင်ငံ ဆန်ရှီး(Shaanxi)ပြည်နယ် ရှီးအန်း(Xi’an)မြို့သည် နှစ်ပေါင်း(၃၀၀၀)ကျော် ရှည်ကြာသည့် သမိုင်းသက်တမ်းရှိပြီး ဤဒေသသည် ဆောင်းယဉ်စွန်းချိန် ရာသီချိန်ကို အစောဆုံးသတ်မှတ်သော နေရာဟူ၍ လူအများက ယူဆကြသည်။ ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် ဆောင်းယဉ်စွန်းချိန်၏ ရှီးအန်း(Xi’an)မြို့ခရီးစဉ်ကို အတူတကွ ကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။
ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်းပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”