ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ဆောင်းချမ်းအေးရာသီချိန် (Xiao Han)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:55:45

图片


ယနေ့သည် တရုတ်ရိုးရာ ရာသီချိန်နှစ်ဆယ့်လေးခုအနက်မှ “ဆောင်းချမ်းအေးရာသီချိန်”ဟု အနက်ရသော “ရှောင်ဟန် (Xiao Han) ရာသီချိန်”ပင် ဖြစ်ပါသည်။


နေဝန်းကြီးသည် လောင်ဂျီကျု ၂၈၅° သို့ လည်ပတ်ကျရောက်ချိန်တွင် “ရှောင်ဟန် (Xiao Han)” ရာသီချိန် စတင်ဝင်ရောက်ပြီဖြစ်ပြီး ပုံမှန်အားဖြင့် ဇန်နဝါရီလ (၅)ရက်နေ့မှ (၇)ရက်နေ့ကြားတွင် ကျရောက်လေ့ရှိကာ ၎င်းရာသီချိန်သည် တရုတ်ရိုးရာ ရာသီချိန် (၂၄)ခုအနက်မှ (၂၃)ခုမြောက် ရာသီချိန်ဖြစ်သည်။ “ရှောင်ဟန် (Xiao Han)” ရာသီချိန်သည် အပူချိန် အနွေးအအေး ပြောင်းလဲမှုကို ထင်ဟပ်ဖော်ပြနေသော ရာသီချိန်ဖြစ်ပြီး ဤရာသီချိန်၏ ထူးခြားချက်မှာ ချမ်းအေးခြင်းပင် ဖြစ်သည်။


图片


ဆောင်းယဉ်စွန်းချိန် ကျရောက်ပြီးနောက်တွင် အပူချိန်သည် ဆက်တိုက်ကျဆင်းလျက်ရှိပြီး “ဆောင်းချမ်းအေးရာသီချိန်” အနက်ရှိသော “ရှောင်ဟန် (Xiao Han)” နှင့် “အချမ်းအေးဆုံးရာသီချိန်” ဟု အနက်ရသော “တဟန် (Da Han) ”   ရာသီချိန်တို့သည် တစ်နှစ်တာလုံး၏ အပူချိန်အနိမ့်ဆုံးအချိန်များပင် ဖြစ်သည်။ “ရှောင်ဟန် (Xiao Han)” ရာသီချိန် ဝင်ရောက်ခြင်းမှာ တရုတ်နိုင်ငံ ရာသီဥတုသည် တစ်နှစ်တာကာလပတ်လုံး၏ အချမ်းအေးဆုံးသော နေ့ရက်များသို့ ဝင်ရောက်တော့မည်ကို ဖော်ဆောင်နေခြင်း ဖြစ်ပေသည်။ တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၏ ရာသီဥတု ကွဲပြားခြားနားမှုမှာ သိသာထင်ရှားလှပါသည်။ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် “ရှောင်ဟန် (Xiao Han)” ရာသီချိန်သည် “တဟန် (Da Han)” ရာသီချိန်ထက် ပို၍ ချမ်းအေးသောကြောင့်  “‘တဟန် (Da Han)’ ထက်  ‘ရှောင်ဟန် (Xiao Han)’ အအေးပိုလို့ကဲ” ဟူသော အဆိုရှိပါသည်။ သို့သော်လည်း တောင်ပိုင်းဒေသ နေရာအတော်အများတွင် တစ်နှစ်တာလုံး၏ အနိမ့်ဆုံးအပူချိန်သည် “တဟန် (Da Han)” ရာသီချိန်၌သာ ဖြစ်ပေါ်လေ့ရှိပါသည်။


640.webp (2).jpg


တခိုက်ခိုက်တုန်ချမ်းသော ဆောင်းအချိန်သို့ ရောက်ရှိလာချိန်၌ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် သစ်ပင်မှ သစ်ရွက်များ ကုန်စင်စွာ ကြွေကျသွားပြီး လယ်ယာလုပ်ငန်းများကို ခေတ္တရပ်နားထားကြကာ လာမည့်နှစ်အတွက် ရိက္ခာသိုလှောင်မှုများလည်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ လယ်သမားဦးကြီးများအတွက် တစ်နှစ်တာလုံး၏ ပင်ပန်းအားထုတ်မှုများ အဆုံးသတ်၍ အပန်းဖြေအနားယူကြမည့်အချိန်ပင် ဖြစ်သည်။ လူတို့၏ ဘဝနေထိုင်မှုများသည်လည်း ဆောင်းခိုပုံစံအသွင်သို့ ကူးပြောင်းလာကြပြီး နီနီရဲရဲ ပြတင်းပေါက် အလှကပ်ပန်းစက္ကူများကိုလည်း မြင်တွေ့နိုင်ပေပြီ။ တရုတ်လူမျိုးများ၏ အကြီးကျယ် အခမ်းနားဆုံးပွဲတော်ဖြစ်သည့် နွေဦးပွဲတော် (ခေါ်) တရုတ်နှစ်သစ်ကူးပွဲတော်ကြီးအတွက် တစ်လကြိုတင်၍ စတင်ပြင်ဆင်နေကြပြီဖြစ်သည်။


“ရှောင်ဟန် (Xiao Han) တဟန် (Da Han) ၊ ရေခဲစိုင်သဖွယ် ချမ်းအေးဟန်”  ဟူသော ဆိုစကားတစ်ရပ်ပင် ရှိပါသည်။ “ရှောင်ဟန် (Xiao Han)” ရာသီချိန်တွင် တရုတ်ဆီးပန်းပင်များကို ရှုစားခြင်းသည် အလွန်ပင် လှပတင့်တယ်သော ကိစ္စရပ်ဖြစ်သည်။  ဤရာသီချိန်တွင် ဆောင်းဆီးပန်းပင်များ ပွင့်လန်းနေပြီဖြစ်ပြီး နီရဲရဲ ဆီးပန်းအဖူးကလေးများသည်လည်း ပွင့်လာကြတော့မည်ဖြစ်သည်။ တရုတ်ဆီးပန်းပင်များ ပေါက်ရောက်ရာ ရှုမျှော်ခင်းများသို့ သွားရောက်ကြည့်ရှုခံစားသူများအနေဖြင့် စိတ်ပေါ့ပါးကြည်နူးမှုကို ဖြစ်ပေါ်ခံစားစေမည် ဖြစ်သည်။


图片


ရှေးယခင်အခါများက ထျန်းကျင်း(Tianjin) ဒေသတွင် “ရှောင်ဟန် (Xiao Han)” ရာသီချိန်၌ “သိုလှောင်နှပ်ထားသော မုန်ညင်းထုပ်အတွင်းသား”ကို စားသုံးသော ဓလေ့ရှိပြီး နန်ကျင်း(Nanjing) မြို့ဟောင်း ရိုးရာဓလေ့တွင် မုန်ညင်းနှင့် အသားလွှာအငံ၊ ကြက်/ဝက်အူချောင်း (သို့) ဘဲသားဆားသိပ် အစရှိသည်တို့ကို ရောနှောချက်ပြုတ်ထားသည့် “ချိုက်ဖန့်” ဟုခေါ်သော ဟင်းလျာကောက်ညှင်းကို စားသုံးလေ့ရှိကြသည်။ တရုတ်နိုင်ငံ နေရာဒေသအသီးသီးတွင် ဆိတ်သားဟော့ပေါ့၊ သစ်ချသီးသကြားလှော်နှင့် ကန်စွန်းဥဖုတ် အစရှိသော အစားအစာများကို စားသုံးသောဓလေ့များ ရှိကြသည်။


“ရှောင်ဟန် (Xiao Han)” ရာသီချိန်၌ နယ်မြေကျယ်ဝန်းလှသော တရုတ်နိုင်ငံသည် မြောက်ပိုင်းဒေသများတွင် အေးခဲချမ်းခိုက်နေသော်လည်း တောင်ပိုင်းဒေသ ဟိုင်နန်(Hainan) ပြည်နယ်ရှိ ဆန်းရ(Sanya) မြို့မှာမူ နွေဦးပမာ နွေးထွေးလျက်ရှိနေပါသည်။ ကျွန်မတို့အားလုံး ဤဗီဒီယိုလေးမှတစ်ဆင့် ဆန်းရ(Sanya)ဒေသ၏ နွေးထွေးလှသော နေရောင်ခြည်ဖြာကျမှုနှင့် အပူပိုင်းဒေသ၏ မြင်မြင်သမျှ စိမ်းလန်းစိုပြည်မှုများကို ခံစားရင်း ဆန်းရ(Sanya) မြို့ခရီးစဉ်ကို အတူတကွ ကြည့်ရှုခံစားကြရအောင်လားရှင့်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်းပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”