ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “မြင်းခင်းသဘင်ပွဲတော်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:54:19

ယနေ့တင်ဆက်ပေးသွားမှာကတော့ မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက်မှ ပြာသိုလ၏ အထိမ်းအမှတ်ပွဲတော်ဖြစ်သော မြင်းခင်းသဘင်ပွဲတော်အကြောင်း ဖြစ်ပါသည်။


图片


ပြာသိုလသည် မြန်မာလများအနက် (၁၀)လမြောက်ဖြစ်ပြီး မြင်းခင်းသဘင်ပွဲတော်ကို ပင်းယတစ်စီးရှင် သီဟသူလက်ထက်က စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။ ထို့နောက် ရှေးမြန်မာမင်းများက ဇွဲသတ္တိ၊ လက်ရုံးရည်၊  နှလုံးရည်တို့နှင့် ပြည့်စုံသူတို့အား ပွဲသဘင်ခင်း ချီးမြှောက်သော ဓလေ့အဖြစ် ခေတ်အဆက်ဆက်  အစဉ်အလာမပျက် ကျင်းပပြုလုပ်လာခဲ့ကြကာ ပုံမှန်အားဖြင့် ပြာသိုလ တစ်လလုံးတွင် ကျင်းပလေ့ရှိကြသည်။ 


မြင်းခင်းသဘင်ပွဲဟူသည် မြင်းခင်းခြင်း တစ်မျိုးတည်းကိုသာ ကျင်းပသည်မဟုတ်ဘဲ မြင်းစမ်း၊ ဆင်စမ်း၊ လေးအတတ်၊ ဓားခုတ်၊ လှံထိုးနှင့် သိုင်းပညာရပ်အမျိုးမျိုး အစရှိသည့် စွမ်းရည်ပြိုင်ပွဲတို့ကိုပါ ကျင်းပကြသည်။ ပြိုင်ပွဲတွင် မိဖုရားခေါင်ကြီးမှ ပေးအပ်သော ရွှေကျင်ခတ်ပဝါကို သုံးကြိမ်တိုင်တိုင် ရရှိသူသည် ထူးချွန်သူ ဖြစ်သည်။


图片


မြင်းခင်းရာတွင် မြင်းရေး ၃၇ ချင်းနှင့်အတူ ကိုင်ဆောင်သော အဲမောင်း (လှံရေး) ၃၇ ချင်းသည်လည်း တစ်ပါတည်းပါဝင်ကာ မြင်းစီးဟန်နှင့် လိုက်ဖက်သည့် လှံရေးကို တွဲဖက်၍ ပြသစီးနှင်ရသည်။ မြင်းရေး ၃၇ ချင်းဟုခေါ်သော သီချင်းကို  စိန်ဆိုင်း၊ မြဆိုင်းများက တီးမှုတ်ဖျော်ဖြေပြီး မြင်းရေးပြသူက ထိုသီချင်းစည်းချက်နှင့်အညီ မြင်းစီးဟန်အမျိုးမျိုး ပြောင်းလဲကာ မြင်းရေးပြကြရသည်။ ထို့အပြင် မြင်းပြေးနေစဉ် ခြေစုံရပ်၍စီးခြင်း အပါအဝင် မြင်းစီးကျွမ်းကျင်မှုကို ပြသသော မြင်းရေးသက်သက် အလှစီးသည့် မြင်းရေး ၁၇ မျိုးလည်းရှိသည်။


图片


လှံထိုးပြိုင်ပွဲတွင် ကြည့်ရှုသူတို့က မြင်းရှေ့သို့ ‌ရှောက်သီးများ ပစ်ပေးရာ ပြိုင်ပွဲဝင်က ထိုရှောက်သီးကို မြေမကျစေဘဲ လှံနှင့်မိအောင် ထိုးကြရသည်။ ထို့နောက် တစ်ဖန် ‌မြေပေါ်သို့ လှိမ့်ပေးလိုက်သော ရှောက်သီးများကို  မြင်းပြေးနေရင်း လှံဖြင့်ထိုးယူပြီး အထက်သို့ မြှောက်ပစ်လိုက်ရာမှ ပြန်ကျလာသော ရှောက်သီးများကို လှံထဲ ပြန်စိုက်ဝင်အောင် လုပ်ကြရသည်။ 


ဓားခုတ်စွမ်းရည်ပြိုင်ပွဲအတွက် ပင်စည်ဖြတ်ထားသည့် ငှက်ပျောတုံးထိပ်တွင် ရေအိုးတစ်အိုးကို တင်ထားပြီး ပြိုင်ပွဲဝင်က မြင်းကို အပြင်းစိုင်းနှင်လာကာ ငှက်ပျောပင်ကို ဓားဖြင့် ခုတ်ချရသည်။ ထိုသို့ ခုတ်ချလိုက်သော ငှက်ပျောပင်သည် လဲကျမသွားရပေ။ ထို့အတူ အပင်ပေါ်၌ တင်ထားသော ရေအိုးသည်လည်း မကွဲသွားရပေ။


လေးမြားပြိုင်ပွဲတွင် သံပရာသီးကို မြားပစ်သမား၏ သားသမီးခေါင်းပေါ်၌ တင်ကာ သံပရာသီးကို ထိမှန်အောင်ပစ်ခြင်း၊ မြင်းမြီးဖြင့် တွဲ‌လောင်းချည်ထားသော သံပရာသီးကို အဝေးမှပစ်ခြင်း စသည့် ယှဉ်ပြိုင်မှုများ ပါဝင်ယှဉ်ပြိုင်ကြရသည်။


图片


ဤသည်ကို ကြည့်ခြင်းဖြင့် မြင်းခင်းသဘင်ပွဲတော်တွင် ယှဉ်ပြိုင်ပြသနည်းပေါင်းမျိုးစုံ ပါဝင်ကြောင်း သိရှိနိုင်ပါသည်။ ၎င်းပွဲတော်သည် ရှေးခေတ် တော်ဝင်မြန်မာ့တပ်မတော်၏ စစ်တပ်အင်အားကို ပြသသောပွဲလည်းဖြစ်ပြီး နိုင်ငံတော်၏ ကာကွယ်ရေးအတွက် သူရဲကောင်းများစွာကို ရွေးချယ်တင်မြှောက်ပေးနိုင်သော ပွဲတော်ကြီးလည်း ဖြစ်ပေသည်။


ကိုးကားချက်။ ။ ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေသည့် “မြန်မာ့ ၁၂ လ ရာသီပွဲတော်”၊ ပေါ်ပြူလာဂျာနယ်တွင် မြတ်မင်းလှိုင်ရေးသားသော “မြင်းခင်းသဘင်”ဆောင်းပါး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းစဉ်၊ ၊ www.myanmar.gov.mm ဝဘ်ဆိုဒ်စာမျက်နှာ


ဓာတ်ပုံများမှာ အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။