ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “အချမ်းအေးဆုံးရာသီချိန် (Da Han)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:53:19

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “အချမ်းအေးဆုံးရာသီချိန်”ဟု အနက်ရသော “တဟန် (Da Han) ရာသီချိန်”ပင် ဖြစ်ပါသည်။


图片


“တဟန် (Da Han)” ရာသီချိန်သည် သတ်မှတ်ချက် သဘောတရားအရဆိုလျှင် တစ်နှစ်တာလုံး၏ အချမ်းအေးဆုံးသော ရာသီချိန် ဖြစ်ပါသည်။ ဤကာလတွင် နေဝန်းကြီးသည် လောင်ဂျီကျု ၃၀၀° သို့ လည်ပတ်ကျရောက်နေပြီး ပုံမှန်အားဖြင့် ဇန်နဝါရီလ (၂၀)ရက်နေ့ သို့မဟုတ် (၂၁)ရက်နေ့တွင် ကျရောက်လေ့ရှိကာ တရုတ်ရိုးရာ ရာသီချိန် (၂၄)ခုအနက်မှ နောက်ဆုံးရာသီချိန် ဖြစ်ပါသည်။ ဤသည်မှာလည်း နှစ်သစ်တစ်နှစ်၏ ရာသီချိန်စက်ဝန်း တစ်ဖန်ပြန်၍ လည်ပတ်ရန် ကြိုဆိုခြင်းသဘော ဖြစ်ပါသည်။ “တဟန် (Da Han)” ရာသီချိန်သည်လည်း “ရှောင်ဟန် (Xiao Han)” ရာသီချိန်ကဲ့သို့ပင် အပူချိန် အနွေးအအေး အခြေအနေကို ထင်ဟပ်ဖော်ပြသော ရာသီချိန်ဖြစ်ပြီး တစ်နှစ်တာကာလပတ်လုံးတွင် မိုးရေချိန်ရရှိမှု အနည်းဆုံး အချိန်ကာလပင် ဖြစ်သည်။


“တဟန် (Da Han)” ရာသီချိန်မှ “နွေဦးသစ်စရာသီချိန်”အထိ အချိန်ကာလအတွင်းတွင် အရေးပါသော ရိုးရာထုံးတမ်းဓလေ့နှင့် ပွဲတော်ရက်များစွာ ရှိပါသည်။ ဥပမာအားဖြင့် မီးဖိုနတ်အား ပူဇော်ကန်တော့ခြင်း၊ နှစ်သစ်ကူးအကြိုကာလ၊ နှစ်သစ်ကူးအကြိုနေ့ကျင်းပခြင်းများ အစရှိသည်တို့ဖြစ်သည်။ တစ်ခါတစ်ရံတွင် တရုတ်နိုင်ငံ၏ အကြီးကျယ်ဆုံးသော နွေဦးပွဲတော် (ခေါ်) တရုတ်နှစ်သစ်ကူးပွဲတော်ပင်လျှင် ဤရာသီချိန်ကာလအတွင်း၌ ကျရောက်လေ့ရှိပါသည်။


图片


တရုတ်ပြက္ခဒိန်၏ (၁၂)လပိုင်း (၂၃)ရက်နေ့သည် မီးဖိုနတ်ပူဇော်ကန်တော့ပွဲနေ့ဖြစ်ပြီး အရပ်ထဲတွင် “နှစ်ကူးခြင်း”၊ “နှစ်သစ်ကူးအကြိုကာလ” ဟူ၍လည်း ခေါ်လေ့ရှိကြသည်။


နှစ်သစ်ကူးအကြိုကာလ ကျော်လွန်ပြီး မကြာမီတွင်ပင် နွေဦးပွဲတော် (ခေါ်) တရုတ်နှစ်သစ်ကူးပွဲတော်ကြီး ကျရောက်လာတော့မည် ဖြစ်သည်။ တရုတ်တစ်နိုင်ငံလုံး နေရာဒေသအသီးသီးတွင် နှစ်သစ်ကူးအတွက် အဆင်အယင်၊ အစားအသောက်နှင့် နှစ်ကူးအသုံးအဆောင်ပစ္စည်း စသည်များကို စတင်ပြင်ဆင်နေကြပြီဖြစ်၍ အားလုံးကိုယ်စီ အလုပ်များပြားနေကြပေပြီ။ ကိုယ်စီကိုယ်စီ အိမ်သန့်ရှင်းရေးပြုလုပ်ကြ၊ တံခါးပေါ်တွင် နွေဦးပွဲတော် နှစ်ချိုးစပ်စာတန်း စက္ကူနီများကို အသစ်ပြန်ကပ်ကြနှင့် ပွဲတော်အငွေ့အသက်များ ပေါ်လွင်လှပေသည်။


图片


“တဟန် (Da Han)” ရာသီချိန်ခါတွင် တရုတ်နိုင်ငံ ဟေးလုံကျန်း (Heilongjiang) ပြည်နယ်ရှိ ဟားအယ်ပင်း (Ha’erbin)မြို့သည် နှင်းရေခဲကမ္ဘာသဖွယ် ဖြစ်နေပါသည်။ ဟားအယ်ပင်း (Ha’erbin) နိုင်ငံတကာရေခဲနှင်းပွဲတော်သည် ကမ္ဘာ့ရေခဲနှင်းပွဲတော်ကြီး လေးခုအနက်မှ တစ်ခုအပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြာရှည်ဆုံးသော ရေခဲနှင်းပွဲတော်ကြီးလည်း ဖြစ်ပါသည်။ ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် ရေခဲမြို့တော်၏ အလှတရားကို အတူတကွ ကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ဓာတုစက်မှုလုပ်ငန်းပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”