ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “နွေဦးသစ်စရာသီချိန် (Li Chun)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 09:52:21

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “နွေဦးသစ်စရာသီချိန်”ပင် ဖြစ်ပါသည်။


图片


နေဝန်းကြီး လောင်ဂျီကျု ၃၁၅°သို့ လည်ပတ်ကျရောက်နေချိန်သည် “နွေဦးသစ်စရာသီချိန်” ဖြစ်ပြီး ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့အကြားတွင် ကျရောက်လေ့ရှိပါသည်။ “နွေဦးသစ်စရာသီချိန်”သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ စက်ဝန်း၏အစ ပထမဆုံးရာသီချိန်ဖြစ်ပြီး နွေဦးကာလ ရောက်ရှိလာတော့မည်ကို ဖော်ဆောင်နေကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စတင်ရန် အချိန်ကောင်းလည်း ဖြစ်သည်။


နွေဦးသစ်စရာသီချိန် နောက်ပိုင်းတွင် အပူချိန် ပြန်လည်မြင့်တက်လာပြီး အလုပ်ထွေပြောလှသော နွေဦးထွန်ယက်စိုက်ပျိုးချိန်ရာသီသည် တရုတ်နိုင်ငံ ‌နေရာဒေသအတော်အများ၌ ရှေ့ဆင့်နောက်ဆင့် စတင်လာပြီ ဖြစ်သည်။ လယ်ယာသီးနှံများ ကြီးထွားမှု မြန်ဆန်သောကြောင့် အချိန်မီ ရေသွင်းပေးနိုင်ရန်၊ စိုက်ပျိုးမြေတူးဆွပေးရန်၊ အပင်စိမ်းစိုစေရန်အတွက် မြေသြဇာဖြည့်စွက်ပေးရန်နှင့် သီးနှံပင်များ ကောင်းမွန်စွာ ကြီးထွားစေရန်တို့ကို ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် နွေဦးရာသီအတောတွင်း ဖြစ်ပေါ်လေ့ရှိသည့် လေအေးတိုက်ခတ်မှုကြောင့် အပူချိန် ဆက်တိုက်ကျဆင်းတတ်သည့် ရာသီဥတုကြောင့် သီးနှံပင်များ ထိခိုက်ပျက်စီးမှု မရှိစေရန် သတိပြုကာကွယ်ကာ အအေးဒဏ်မခံရလေ‌အောင်နှင့် ပျိုးသစ်များ ကာကွယ်ရေးလုပ်ငန်းကို ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။ တရုတ်နိုင်ငံ ‌တောင်ဘက်ပိုင်းဒေသများတွင်မူ ကောက်လျင်စပါးပျိုးခင်းများကို ထယ်ထိုးမြေလှန်ရန်နှင့် နွေရိတ်သိမ်းသီးပင်များ၏ စိုက်ခင်းစီမံမှုများကို ခပ်သွက်သွက် ဆောင်ရွက်ရတော့မည် ဖြစ်သည်။


图片

图片


တရုတ်နိုင်ငံတွင် နွေဦးသစ်စရာသီချိန် ကျရောက်သောနေ့၌ နွေဦးကို ကြိုဆိုသောဓလေ့မှာ နှစ်ပေါင်း (၃၀၀၀)ကျော်သက်တမ်း ရှိနေပြီဖြစ်သည်။ နွေဦးသစ်စနေ့ရက်တွင် ပူဇော်ကန်တော့ခြင်းအလေ့အထသည် လူတို့၏ သာယာလှပသော နွေဦးရာသီကို မျှော်လင့်တောင့်တသည့် စိတ်ဆန္ဒကို ဖော်ပြနေခြင်းဖြစ်ကာ ဤပွဲမျိုးသည် နန်းတွင်းမှတစ်ဆင့် အရပ်ထဲသို့ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ခေတ်အဆက်ဆက် ကျင်းပကြသော ပြည်သူတစ်ရပ်လုံး၏ နွေဦးကြိုဆိုပွဲ ဖြစ်လာခဲ့ပါသည်။ နွေဦးသစ်စရာသီချိန်တွင် အရပ်ထဲ၌ နွေဦးချိန်ခါ လည်ပတ်ခြင်း၊ နွေဦးရာသီ ရှာဖွေခံစားခြင်း စသည့်ပွဲများလည်း ရှိပါသေးသည်။


နွေဦးမုန့်လိပ်သည် နွေဦးသစ်စရာသီချိန်၏ စားဖွယ်ကောင်းတစ်ခု ဖြစ်ပါသည်။ ယခုအခါ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ အားလုံးတို့တွင် နွေဦးမုန့်လိပ် စားသုံးသောဓလေ့ ရှိပါသည်။ သို့သော် ပြုလုပ်နည်းများမှာမူ ကွဲပြားခြားနားမှုရှိသည်။ ထို့အပြင် သစ်သီးအမျိုးမျိုး၊ သကြားလုံး၊ ပဲ၊ ကြက်ဥ အစရှိသည်တို့ကို “နွေဦးပန်းကန်ချပ်”အသွင် ပန်းကန်ပြားတွင် စီထည့်ထားသည်မှာ အမြင်လှသကဲ့သို့ ခံတွင်းလည်း တွေ့လှပါသည်။


图片

图片


ရှေးအခါက နွေဦးသစ်စနေ့ရက်တွင် နွားပုံနှင့်တကွ တစ်နှစ်တာ၏ ရာသီဥတု၊ မိုးရေရရှိမှုပမာဏ၊ အချိန်ကာလ၊ ဓာတ်ကြီးငါးပါး၊ သီးထွက်နှုန်း အစရှိသည်တို့ကို ကြိုတင်သိမြင်နိုင်မည့် ကဗျာစာသားများ ပါရှိသည့် နံရံကပ်စက္ကူနှင့် ပုံများကို လက်ဆောင်ပေးကြသော ဓလေ့လည်း ရှိပါသည်။ နွေဦးရောက်ရှိကြောင်း ကြေညာပေးသူ အရာရှိသည် နွေဦးရာသီ၏ တမန်တော်အနေဖြင့် ဒေသခံ လယ်ယာလုပ်ကိုင်သူတို့အတွက် တစ်နှစ်တာ လယ်ယာလုပ်ငန်း စီမံမှုများကို ပို့ဆောင်ပေးရင်း နွေဦးဆုမွန်ကောင်းများ ပို့သပေးပါသည်။ ကျွန်မတို့အားလုံး ဤဗီဒီယိုမှတစ်ဆင့် နွေဦးသစ်စနေ့ရက်တွင် ကွေ့ကျိုး (Guizhou)ပြည်နယ်၊ စီချမ်း (Shiqian)ခရိုင်၌ ကျင်းပသော ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် “စောချွန်း” (Shuochun)ဟုခေါ်သော နွေဦးရာသီ ဆုမွန်ကောင်းများ ပို့သခြင်း အခမ်းအနား ကျင်းပပုံကို အတူတကွ လေ့လာကြည့်ရှုကြရအောင်လားရှင်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်းပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”