မှတ်တမ်းရုပ်ရှင်များအကြား တရုတ်အစားအသောက်ယဉ်ကျေးမှုအား လေ့လာခံစား - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်အား ကျင်းပပြုလုပ်ခြင်း
ဒီဇင်ဘာလ (၂)ရက်နေ့တွင် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ ဒဿမမြောက်ပွဲစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စင်တာတာဝန်ခံ Ms. Xu Ling ၊ SIS Myanmar မှ ကျောင်းအုပ်ဆရာကြီး Mr. Michael Garton နှင့်တကွ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၆၂)ဦး တက်ရောက်ခဲ့ကြပါသည်။
ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် စင်တာဘက်စုံသုံးခန်းမ၌ ယူနန်ပြည်နယ် ခရီးသွားလာရေးနှင့် အစားအသောက်ယဉ်ကျေးမှုဆိုင်ရာ မိတ်ဆက်ဗီဒီယိုများဖြစ်သည့် “One Day in Yunnan” ၊ “လျှာဖျားထက်မှ ရောင်စုံယူနန်ပြည်နယ်” တို့ကို ပြသထားပြီး ပြပွဲခန်းမ၌လည်း “ရှုမငြီးနိုင်အောင်သာယာလှပ၊ နေချင်စဖွယ် တာလီဒေသ”၊ “ကြည်နူးပျော်ဖွယ် လိကျန်းမြို့ဝယ်”၊ “ဆင်တို့လှည့်လည်ကျက်စားရာမြေ ဆစ်ဆောင်ပန်းနားဒေသမှ ကြိုဆိုပါ၏” ဟူသည့် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့ဒေသ (၃)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို ထုတ်လွှင့်ပြသထားပါသည်။ ပွဲလာဧည့်ပရိသတ်များအား ယူနန်ပြည်နယ်၏ သစ်လွင်လှပသော သဘာဝရှုမျှော်ခင်းများ၊ အသွင်သဏ္ဌာန်စုံလင်သော ယဉ်ကျေးမှုအလှတရားများနှင့် ထူးခြားစုံလင်သော စားဖွယ်ရာများကို တင်ဆက်ပြသခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ အော့ဖ်လိုင်း တင်ဆက်ပြသမှု အစီအစဉ်ဟာဆိုရင် ဖြစ်ရပ်မှန်အကြောင်းအရာတွေကို မှတ်တမ်းတင်ရိုက်ကူးထားပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေအနေတွေကို ပကတိပုံစံအတိုင်း ပုံဖော်တင်ဆက်ထားပါတယ်။ ရှေးခေတ်နဲ့ မျက်မှောက်ခေတ်တို့ရဲ့ အပြန်အလှန် သက်ရောက်မှုတွေအပြင် တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်တွေကို ထင်ဟပ်ပြသနေပြီး စစ်မှန်တဲ့ တရုတ်နိုင်ငံအကြောင်းကို ဖော်ပြတင်ဆက်ထားပါတယ်။ ဒီကနေ့အစီအစဉ်ကနေ ကျောင်းသူကျောင်းသားတွေအတွက် တရုတ်ယဉ်ကျေးမှုကို လေ့လာခံစား သိရှိနားလည်စေနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်စေပြီး ဖလှယ်ဆက်ဆံခြင်းဖြင့် နားလည်မှုတိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခင်မင်မှုတိုးပွားစေရန်နဲ့ ယဉ်ကျေးမှုနှင့် သံယောဇဉ်နက်ရှိုင်းစေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
SIS Myanmar မှ ကျောင်းအုပ်ဆရာကြီး Mr. Michael Garton က “တရုတ်ဘာသာစကားဟာဆိုရင် SIS Myanmar ကျောင်းအတွက် အလွန်အရေးပါတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ အမှန်ပြောရရင် တရုတ်ဘာသာစကားက ကျွန်တော်တို့ကျောင်းရဲ့ အဓိက သင်ကြားမှုဘာသာရပ်များထဲက တစ်ခုအပါအဝင် ဖြစ်တယ်။ ယဉ်ကျေးမှုကို မသင်ယူဘဲနဲ့ ဘာသာစကားတစ်ခုကို သင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မလို့ ဒီကနေ့အစီအစဉ်က ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းသူကျောင်းသားများအတွက် တရုတ်နိုင်ငံရဲ့ စုံလင်ကြွယ်ဝတဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းများကို လေ့လာသင်ယူရန်အတွက် အခွင့်အလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကနေ့ပွဲသို့ ဖိတ်ကြားပေးခဲ့တဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအား ကျေးဇူးတင်ရှိပြီး အခုတစ်ခေါက်ပွဲက ကျွန်တော်တို့ရဲ့ ရေရှည်တည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုရဲ့အစ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့ပါသည်။
မှတ်တမ်းရုပ်ရှင်မကြည့်ရှုမီအချိန်တွင် စင်တာမှ ဦးသူဖြေစနစ် တရုတ်စာလုံး အမေးအဖြေကဏ္ဍကို စီစဉ်ကျင်းပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက တက်တက်ကြွကြွ ပါဝင်ဖြေဆိုခဲ့ကြရင်း တရုတ်စာလုံးဆိုင်ရာ ဗဟုသုတများကို ပျော်ပျော်ရွှင်ရွှင် လေ့လာခဲ့ကြပါသည်။
ထို့နောက် စင်တာ၏ ဘက်စုံသုံးခန်းမ၌ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်၏ “Foodwise : Quanzhou” မှတ်တမ်းရုပ်ရှင်ကို အတူတကွ ရှုစားခဲ့ကြပါသည်။ ၎င်းမှတ်တမ်းရုပ်ရှင်သည် လှပသော ပုံရိပ်ရိုက်ကူးချက်များဖြင့် ချွမ်ကျိူးမြို့ (Quanzhou) ၏ ကြွယ်ဝနက်ရှိုင်းသော သမိုင်းဝင်အမွေအနှစ်များ၊ ရှေးရိုးရာနှင့် ခေတ်မီဆန်းသစ်မှုတို့ ပေါင်းစည်းရောယှက်နေသော မြို့ပြရှုခင်းများနှင့် ထူးခြားစုံလင်သော စားဖွယ်ရာများကို တင်ဆက်ထားပါသည်။
မှတ်တမ်းရုပ်ရှင် ကြည့်ရှုပြီးနောက် ဧည့်ပရိသတ်များက စင်တာစာကြည့်တိုက်ကို လေ့လာခဲ့ကြပြီး စာအုပ်အမျိုးအစားပေါင်းများစွာကို လွတ်လပ်စွာ ဖတ်ရှုလေ့လာခဲ့ကြကာ စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ခဲ့ကြပါသည်။ စာကြည့်တိုက်ကွန်ပျူတာများဖြင့်လည်း သတင်းအချက်အလက်များအား ရှာဖွေလေ့လာ၍ ဗီဒီယိုအချက်အလက်များကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။
နောက်ဆုံးအစီအစဉ်အနေဖြင့် ဧည့်ပရိသတ်များအားလုံးသည် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များက သာယာကောင်းမွန်သောဘဝကို ဖြစ်ထွန်းစေခြင်း - ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဓာတ်ပုံပြပွဲ”အား လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းပြပွဲသည် ပြပွဲဓာတ်ပုံ (၅၀) ပုံနှင့် စာသားမိတ်ဆက်များမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်မှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ဆောင်ချက် အောင်မြင်မှုရလဒ်များကို တင်ဆက်ပြသထားခြင်းဖြစ်သည်။
ကျောင်းသား Hein Htet (韩嘉善)က “မှတ်တမ်းရုပ်ရှင်ထဲက အရသာရှိတဲ့ တရုတ်အစားအစားမျိုးစုံတွေကို တွေ့လိုက်ရတော့ ကျွန်တော့ကို အမြင်လုံးဝပွင့်သွားစေပါတယ်။ စင်တာကို လာရောက်လည်ပတ်ရတဲ့အတွက် အရမ်းဝမ်းသာပြီး သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းလည်း စင်တာရဲ့ ပွဲအစီအစဉ်တွေမှာ ပါဝင်ချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ကျောင်းသား Phone Pyae Aung Maw (白莫杰) က “အခုတစ်ခေါက်က ကျွန်တော် စင်တာကိုလာရောက်တဲ့ ဒုတိယအကြိမ်မြောက်ပါ။ ဒီကနေ့ စင်တာရဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က ကျွန်တော့်ကို အမြင်ကျယ်လာစေပြီး ချွမ်ကျိုးမြို့ ဟင်းလျာအကြောင်းတွေကိုလည်း ပိုပြီးနားလည်လာစေပါတယ်။ ဒီတစ်ခေါက်အခွင့်အရေးကို အသုံးချပြီး စာကြည့်တိုက်အသင်းဝင်ကတ်လည်း လုပ်ခဲ့တာမလို့ နောက်ပိုင်း စင်တာကို မကြာခဏလာပြီး စာအုပ်လာငှားမှာပါ” ဟု ပြောကြားခဲ့ပါသည်။