မြန်မာနိုင်ငံ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်များ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-23 14:14:10



၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့်  Myanmar One Belt One Road Chamber of Commerce (MOBOR) တို့ ပူးပေါင်း၍ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) နှင့် Myanmar One Belt One Road Chamber of Commerce (MOBOR) နာယက၊ မြန်မာနိုင်ငံ တရုတ်အဝေးရောက် မဟာမိတ်တပ်မျိုးဆက်များအသင်း ဥက္ကဋ္ဌ ဦးတင်မောင်(谢芳盛)၊ Myanmar One Belt One Road Chamber of Commerce (MOBOR) ဥက္ကဋ္ဌ ဦးမျိုးနိုင်(郭兴禄)၊ Myanmar One Belt One Road Chamber of Commerce (MOBOR) အလုပ်အမှုဆောင်ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ် Ms. Liu Xiaohong ၊ မြန်မာနိုင်ငံဆိုင်ရာ People’s Daily သတင်းထောက်ချုပ် Mr. Li Bingxin နှင့်တကွ Myanmar One Belt One Road Chamber of Commerce (MOBOR) အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း အဦး (၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။


WeChat Image_20221223123353.jpg


ယင်းလှုပ်ရှားမှုသည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Media Group (CMG) တို့ အတူတကွ ပူးပေါင်းကျင်းပသည့် ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” တင်ဆက်ပြသမှုအစီအစဉ်၏ ကဏ္ဍတစ်ရပ်ဖြစ်ပြီး မှတ်တမ်းရုပ်ရှင်ကြည့်ရှုခြင်းမှတစ်ဆင့် မိတ်ဆွေဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဖလှယ်ဆက်ဆံမှုတိုးမြှင့်ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ ယခုနှစ် ဩဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ၌ ကျင်းပလာခဲ့သော “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်ကြီးသည် ယခုနောက်ဆုံးပွဲစဉ်ဖြင့် အောင်မြင်စွာ ပိတ်သိမ်းပြီးမြောက်ခဲ့ပါသည်။ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို အဓိကထား တင်ဆက်ပြီး အချိန် (၅)လတာ ကာလအတွင်း ပွဲစဉ်ပေါင်း (၁၁)ပွဲကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် နေရာပေါင်းများစွာတို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား သင်တန်းကျောင်းများသာမက အင်တာနေရှင်နယ်ကျောင်းများနှင့် စီးပွားရေးအသင်းအဖွဲ့များကပါ ယင်းအစီအစဉ်တွင် စိတ်ဝင်တစား အားတက်သရော ပါဝင်ခဲ့ကြပါသည်။ ၎င်းလှုပ်ရှားမှုအစီအစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြားရှိ ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေခဲ့သည့်အပြင် မြန်မာပရိသတ်များအား တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေခဲ့ပြီး အားပေးမှုများစွာကို ရရှိခဲ့ပါသည်။


WeChat Image_20221223123357.jpg


ပွဲအစီအစဉ်များမစတင်မီ စင်တာဘက်စုံသုံးခန်းမ၌ “Discover the Beauty of Snow and Ice in China” ၊  “Colorful Yunnan, the World’s Garden” ၊ “China - Beyond Your Imagination” ဗီဒီယို (၃)ခုကို ထုတ်လွှင့်ပြသထားပြီး ပွဲတက်ရောက်လာကြသည့် ပရိသတ်များအား တရုတ်နိုင်ငံ၏ ရေခဲဆီးနှင်းမြင်ကွင်းပုံရိပ်များ၊ သာယာလှပသော သဘာဝရှုမျှော်ခင်းများ၊ နက်ရှိုင်းကြွယ်ဝသော သမိုင်းကြောင်းယဉ်ကျေးမှုများနှင့် ယူနန်ပြည်နယ်၏ အသွင်စုံလင်သော ယဉ်ကျေးမှုဓလေ့များကို ရှုစားစေခဲ့ပါသည်။


WeChat Image_20221223123400.jpg


ယခုတစ်ကြိမ်ပွဲသည်  ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကို အဓိက အကြောင်းအရာအဖြစ် ထားရှိပါသည်။ တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍနှင့် မှတ်တမ်းရုပ်ရှင်ရှုစားခြင်း အစီအစဉ်များ ကျင်းပပြုလုပ်ခြင်းဖြင့် ပွဲလာပရိသတ်များအား တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ဗဟုသုတများကို ပိုမိုနားလည်သိရှိစေခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍတွင် ပရိသတ်များက သူ့ထက်ငါ အလျင်ဦးအောင် လက်ပြိုင်ထောင်ကာ တက်တက်ကြွကြွ ပါဝင်ဖြေဆိုခဲ့ကြသဖြင့် ပွဲစဉ်တစ်လျှောက်လုံး စည်ကားမြိုင်ဆိုင်နေခဲ့ပါသည်။ ထို့နောက် “China Untapped: Changsha” မှတ်တမ်းရုပ်ရှုင်ကို ရှုစားခဲ့ကြပြီး ဧည့်ပရိသတ်များအား ချန်ဆားမြို့ (Changsha) ၏ မြို့ပြရှုခင်း၊ စားဖွယ်မျိုးစုံနှင့် ယဉ်ကျေးမှုအနှစ်သာရများကို ဘက်ပေါင်းစုံမှ တွေ့မြင်ခံစားစေခဲ့ပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က “ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ဟာဆိုရင် တရုတ်ယဉ်ကျေးမှုပြန့်ပွားရေးနဲ့ တရုတ်နိုင်ငံ ခရီးသွားလာမှု မြှင့်တင်ဆောင်ရွက်ရေးများ လုပ်ဆောင်ရန် ရည်ရွယ်ပြီး ထူးချွန်ပြောင်မြောက်တဲ့ မှတ်တမ်းရုပ်ရှင်များကနေတစ်ဆင့် တရုတ်နိုင်ငံရဲ့ ကြွယ်ဝစုံလင်တဲ့ ယဉ်ကျေးမှုအနှစ်သာရနဲ့ လူသားဝါဒအကြောင်းကို မြန်မာပရိသတ်များထံ ပေါ်လွင်မြင်သာစွာ တင်ဆက်ချပြရင်းဖြင့် နှစ်နိုင်ငံပြည်သူအကြား အပြန်အလှန် နားလည်မှု၊ နှလုံးချင်းနီးစပ်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221223123408.jpg


မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) နှင့် Myanmar One Belt One Road Chamber of Commerce (MOBOR) နာယက၊ မြန်မာနိုင်ငံ တရုတ်အဝေးရောက် မဟာမိတ်တပ်မျိုးဆက်များအသင်း ဥက္ကဋ္ဌ ဦးတင်မောင်(谢芳盛)က “ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို ရောက်ရှိလာတဲ့အခါမှာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနန်းတော်ကြီးထဲ ရောက်ရှိသွားသလို ခံစားရပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်း (၅၀၀၀) သမိုင်းဝင်ယဉ်ကျေးမှုများဟာ တရုတ်နွယ်ဖွားမျိုးဆက်များရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်ပြီး ဒါကို တရုတ်လူမျိုးများရဲ့ စိတ်ဓာတ်အားမာန်လို့လည်း ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံက အဆိုပြုခဲ့တဲ့ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)’ စီမံကိန်းဟာဆိုရင် နိုင်ငံပေါင်းများစွာရဲ့ အားပေးထောက်ခံမှုကို ရရှိထားပြီး လူသားများရဲ့ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရောက် တရုတ်လူမျိုးများနဲ့ မြန်မာပြည်ဖွား တရုတ်အနွယ်ဝင်များအနေနဲ့လည်း မြန်မာ-တရုတ် ချစ်ကြည်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221223123412.jpg


Myanmar One Belt One Road Chamber of Commerce (MOBOR) ဥက္ကဋ္ဌ ဦးမျိုးနိုင် (郭兴禄) က “One Belt One Road Chamber of Commerce အသင်းဟာဆိုရင် စီးပွားရေးနယ်ပယ်တင်မကဘဲ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးပိုင်းလည်း ပါဝင်ပါတယ်။ MOBOR အသင်းကြီး ထူထောင်ခြင်းရဲ့ ကနဦးရည်ရွယ်ချက်ထဲမှာလည်း တရုတ်ယဉ်ကျေးမှု လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ဆိုတဲ့အချက် အပါအဝင် ဖြစ်ပါတယ်။ ဒီကနေ့ပွဲကနေတစ်ဆင့် အဖွဲ့ဝင်များ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဆိုင်ရာ ဗဟုသုတများကို ပိုမိုနားလည်သိရှိသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြည်ပရောက် တရုတ်လူမျိုးများနဲ့ တရုတ်နွယ်ဖွားမျိုးဆက်များဟာ တရုတ်ယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားရုံသာမက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ပြောင်မြောက်လှတဲ့ ယဉ်ကျေးမှုများကို ပေါင်းစည်းဖလှယ်မှု ပြုလုပ်ရင်း နှစ်နိုင်ငံအကြား များသထက်များပြီး ရင်းနှီးသထက် ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221223123415.jpg


မှတ်တမ်းရုပ်ရှင် ကြည့်ရှုအပြီးတွင် ပရိသတ်များသည် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ Mr. Chen Li ၏ ရှင်းလင်းမိတ်ဆက်မှုများနှင့်အတူ စင်တာပြပွဲခန်းမ၌ ခင်းကျင်းပြသထားသော တရုတ်နိုင်ငံ၏ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များက သာယာကောင်းမွန်သော ဘဝကို ဖြစ်ထွန်းစေခြင်း - ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဓာတ်ပုံပြပွဲ” ကို ကြည့်ရှုလေ့လာခဲ့ကြပြီး ဓာတ်ပုံတစ်ပုံချင်းစီမှတစ်ဆင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အကြောင်းအရာများနှင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ဆွဲဆောင်မှုအလှတရားများကို သိရှိနားလည်ခဲ့ကြပါသည်။


WeChat Image_20221223123418.jpg


ယင်းနောက် စင်တာစာကြည့်တိုက်မှူး ဒေါ်ဝင်းဝင်းမြတ်အောင်(齐翠云) က ဧည့်ပရိသတ်များအား စင်တာစာကြည့်တိုက်ကို လိုက်လံပြသခဲ့ပြီး စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ပေးခဲ့ပါသည်။ ဤသို့ဖြင့် ဧည့်ပရိသတ်များသည် စာပေရနံ့များ လှိုင်လှိုင်သင်းသည့် စာကြည့်တိုက်တွင် သာယာပြည့်စုံသော ညနေခင်းအချိန်လေးကို ဖြတ်သန်းခဲ့ကြပါသည်။



Myanmar One Belt One Road Chamber of Commerce (MOBOR) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်မိုးမိုး (邵文莹)က “ကျွန်မ အရင်က တရုတ်နိုင်ငံရဲ့ ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နဲ့ ယူနန်ပြည်နယ် မြို့အတော်များများကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ဒီနေ့ ပြသတဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုအပြီးမှာ ကျွန်မ ချန်ဆားမြို့ကို အတော်လေး စိတ်ဝင်စားသွားတယ်။ ချန်ဆားမြို့ရဲ့ သမိုင်းဝင်အမွေအနှစ်၊ ခေတ်မီအဆောက်အဦတွေနဲ့ ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ပိုပြီးတော့ သဘောပေါက်နားလည်ခဲ့ရတယ်။ နောက်ပြီးတော့ အရင်တုန်းကလည်း စင်တာစာကြည့်တိုက်မှာ စာအုပ်တွေ လာရောက်ဖတ်ရှုခဲ့ဖူးပါတယ်။ ဒီနေ့ကတော့ ကိုဗစ်ကပ်ရောဂါအခြေအနေ ငြိမ်သွားပြီးတဲ့နောက် စင်တာကို ပထမဆုံးအကြိမ် ပြန်လာတာပါ။ အိမ်က ကလေးတွေကိုပါ အတူတူ ခေါ်လာပြီး စာကြည့်တိုက်အသင်းဝင်ကတ်တွေ ပြုလုပ်ခဲ့ပါတယ်။ နောက်နောင်မှာ စင်တာကို လာရောက်ဖို့ အခွင့်အရေးရှိရင်လည်း လာရောက်လေ့လာချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။