ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား Eastern Language & Business Centre (ELBC) ၌ ကျင်းပပြုလုပ်ခြင်း
စက်တင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား Eastern Language & Business Centre (ELBC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုတစ်ကြိမ်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပသော ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”၏ (၈)ခုမြောက်ပွဲစဉ်ဖြစ်ပြီး ဤပွဲစဉ်တွင် သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦး၏ ဇာတ်ကြောင်းအား အဓိကရိုက်ကူးတင်ဆက်ထားသည့် “Princess of the Beavers” မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ Eastern Language & Business Centre (ELBC) မှ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ဦးစိန်ဝင်း(杜子宏)၊ ဦးထွန်းစိန် (黄如信)၊ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးသန်းအောင် (王崇喜)၊ ကျောင်းဌာနမှူး ဒေါ်နန်းမိုးမိုးအေး (黄碧杏)နှင့်တကွ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း အဦးရေ (၁၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
ပွဲအစီအစဉ်များမစတင်မီ ELBC ကျောင်း (၇)လွှာခန်းမဆောင်ရှိ တီဗီဖန်သားပြင် (၃)ခု၌ တရုတ်ရိုးရာပွဲတော်အက ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုများကို ထုတ်လွှင့်ပြသကာ ယင်းပွဲသို့ တက်ရောက်လာခဲ့ကြသော ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများအား တရုတ်ရိုးရာယဉ်ကျေးမှု၏ အလှတရားများကို ခံစားစေခဲ့ပါသည်။ မီးထွန်းပွဲတော်၊ ချီးရှီးပွဲတော်၊ နဂါးလှေလှော်ပြိုင်ပွဲတော်၊ ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် ကိုးနှစ်လုံးဆင့်ပွဲတော် အစရှိသည့် တရုတ်ရိုးရာပွဲတော်များကို ဆန်းသစ်သော အကအနုပညာပုံစံဖြင့် ဖန်တီးတင်ဆက်ထားသည်။ ဇာတ်လမ်းအကြောင်းအရာများ ပါရှိပြီး စိတ်ဝင်စားဖွယ်ကောင်းကာ အလှရသများနှင့် ပြည့်စုံသော ကြည့်ရှုခံစားမှုများမှတစ်ဆင့် ပွဲလာပရိသတ်များအား တရုတ်ရိုးရာပွဲတော်များအပေါ် ပိုမိုသိရှိစေကာ အနက်အဓိပ္ပာယ် လေးနက်ကြွယ်ဝသော တရုတ်ရိုးရာယဉ်ကျေးမှုများအား လေ့လာခံစားစေခဲ့သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ယခုတစ်ကြိမ် မှတ်တမ်းရုပ်ရှင် တင်ဆက်ပြသမှု အစီအစဉ်သည် တရုတ်နိုင်ငံအကြောင်းကို လေ့လာခံစား သိရှိနားလည်နိုင်သော ပလက်ဖောင်းတစ်ခုဖြစ်စေပြီး ယင်းအစီအစဉ်မှ တရုတ်နိုင်ငံနှင့် တရုတ်ယဉ်ကျေးမှုများအား ပိုမိုသဘောပေါက်သိရှိစေနိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤပွဲအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကားသင်ကြားပို့ချမှုပေးသော အဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရှေ့တစ်ဆင့်တက်၍ တိုးမြှင့်ဆောင်ရွက်လိုပါကြောင်း၊ မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် ပြည်သူများအချင်းချင်း စိတ်ချင်းယှက်နွှယ်ရေးအတွက်လည်း ကြိုးပမ်းလုပ်ဆောင်လိုပါကြောင်း၊ ELBC ကျောင်းနှင့် အသွင်အမျိုးမျိုးသော မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှလုံးသားအချင်းချင်းကို ဆက်သွယ်ပေးသော ချစ်ကြည်ရေးတံတားအဖြစ် တည်ဆောက်လိုပါကြောင်း” ပြောကြားခဲ့ပါသည်။
Eastern Language & Business Centre (ELBC) မှ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးသန်းအောင် (王崇喜)က “ယနေ့ကျင်းပသော လှုပ်ရှားမှုပွဲသည် ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်နှင့် ကျောင်းတွင်းတရုတ်စာမင်တံလက်ရေးလှပြိုင်ပွဲ အစီအစဉ် (၂) ခုတို့အား ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသားများအတွက် ပိုမိုများပြားကြွယ်ဝသော ယဉ်ကျေးမှုလေ့လာခံစားခြင်း အစီအစဉ်များအား ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ပါကြောင်း၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ စတင်တည်ထောင်ချိန်မှစတင်၍ ELBC ကျောင်းနှင့် စင်တာအကြား ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေး လှုပ်ရှားမှုပွဲပေါင်းများစွာကိုလည်း အတူတကွ ကျင်းပဆောင်ရွက်ခဲ့ဖူးပါကြောင်းနှင့် မိမိကိုယ်တိုင် တစ်ချိန်ကလည်း စင်တာ၏ ထူးချွန်ကျောင်းသားတစ်ဦးအနေဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ တစ်ပတ်တာလေ့လာရေးခရီးစဉ် သွားရောက်ခဲ့သည့် အမှတ်တရအကြောင်းအရာများကို ဝေမျှပေးခဲ့သည်။ ယနေ့ကျင်းပသော တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော် တင်ဆက်ပြသခြင်းအစီအစဉ်ရှိ ရင်ကိုထိမိစေသော တရုတ်နိုင်ငံ၏ အကြောင်းအရာများမှတစ်ဆင့် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများအား တရုတ်နိုင်ငံကို ပိုမိုသိရှိကာ တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်လာစေရန် မျှော်လင့်ပါကြောင်း” ပြောကြားခဲ့ပါသည်။
မှတ်တမ်းရုပ်ရှင် မကြည့်ရှုမီ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling မှ “၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) ‘ယဉ်ကျေးမှုသံတမန်ငယ်’ အကဲဖြတ်ရွေးချယ်မှု” အစီအစဉ်တွင် တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့သော Eastern Language & Business Centre (ELBC) နှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသူကျောင်းသားများအား ကျေးဇူးတင်ရှိသောအားဖြင့် ကျောင်းကိုယ်စားပြုနှင့် ကျောင်းသူ (၂) ဦးတို့အတွက် ကျေးဇူးတင်လွှာနှင့် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပါသည်။
Eastern Language & Business Centre (ELBC) မှ ကျောင်းသူတစ်ဦးဖြစ်သူ Moe Thet Khin(颜珠婷)က “ယနေ့ပြသသော မှတ်တမ်းရုပ်ရှင်သည် သူမအား အတော်လေးပင် လေးလေးနက်နက် ခံစားခဲ့ရစေကြောင်း၊ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းများက တောရိုင်းတိရစ္ဆာန်များ ဆောင်းရာသီကာလကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ရန်အတွက် ယင်းတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာနေရာများသို့ သွားရောက်ပြီး အသင့်ပြင်ဆင်လာသော မြက်များကို သွားရောက်စီမံ ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် မိမိအိမ်ခြံဝင်းတွင်မူ မြက်များကို ရှင်းလင်းရေး လုပ်ဆောင်ရကြောင်း၊ ဤမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုအပြီးတွင် သဘာဝတောရိုင်းတိရစ္ဆာန်များ၏ ဘဝရှင်သန်မှုလိုအပ်ချက်နှင့် မြို့ကြီးပြကြီး၏ ဘဝနေထိုင်မှု ကွဲပြားမှုများကို တွေ့မြင်လိုက်ရကြောင်း” မိမိ၏ စိတ်ခံစားချက်များကို ဝေမျှပေးခဲ့သည်။
ကျောင်းသူ Shwe Sin Htet(雷柯莹) ကလည်း “သဘဝဂေဟစနစ်ကြီး ယိုယွင်းပျက်စီးလာသည်နှင့်အမျှ အချို့သော မျိုးစိတ်များမှာ ရှားပါးသထက် ရှားပါးလာကာ အချို့မှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးအန္တရာယ်ကို ရင်ဆိုင်နေရသည်။ စာသင်ကျောင်းတွင်လည်း သဘာဝတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အကြောင်းအရာများကို ဝေမျှပို့ချပေးလျက်ရှိကာ ယနေ့ ဤမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုလိုက်ရသည့်အခါ လူသားများအနေဖြင့် သဘာဝတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တစ်ဖန်ပြန်လည် အသိပညာရစေပါသည်။” ဟု ပြောကြားခဲ့ပါသည်။
ကျောင်းသူလေးများက ယနေ့အစီအစဉ်တွင် ပညာဗဟုသုတများစွာ ရရှိခဲ့ပြီး နောက်နောင်တွင်လည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပသော ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှုပွဲအစီအစဉ်များကို ပါဝင်ဆင်နွှဲလိုပါကြောင်း၊ စင်တာစာကြည့်တိုက်သို့ သွားရောက်ပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုကာ များသထက်များသော တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို သင်ယူလေ့လာပြီး တရုတ်နိုင်ငံအကြောင်းကို လေ့လာသိရှိလိုပါကြောင်း ပြောကြားခဲ့ကြသည်။