ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်အား LeHua Internationl Education ၌ ကျင်းပခြင်း
အောက်တိုဘာလ (၃၀)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား LeHua International Education ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ LeHua International Education မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဝင်း(黄娇娇校长)၊ ဒုတိယကျောင်းအုပ်ဆရာကြီး Mr. Hu Erfei(胡尔飞副校长) ၊ ကျောင်းဌာနမှူး ဒေါ်နန်းခမ်းကျင် (王琼凤教务主任) နှင့်တကွ ကျောင်းသူကျောင်းသားများ၊ အုပ်ထိန်းသူများ စုစုပေါင်း အဦး (၉၀)ခန့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းအစီအစဉ်တွင် “A Shot at a Better Future” နှင့် “Fujian Puppetry” မှတ်တမ်းရုပ်ရှင် (၂)ကား ပြသမှုအပြင် ယဉ်ကျေးမှု အပြန်အလှန်လှုပ်ရှားမှု အစီအစဉ်များလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “မှတ်တမ်းရုပ်ရှင်တွေဟာ ဖြစ်ရပ်မှန်များကို မှတ်တမ်းတင် ရိုက်ကူးခြင်းကနေတစ်ဆင့် နိုင်ငံတစ်နိုင်ငံရဲ့ အခြေအနေအမှန်ကို နားလည်သဘောပေါက်စေဖို့အတွက် လှစ်ဟပေးတဲ့ ပြတင်းပေါက်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ ဟာ မြန်မာပြည်သူများ တရုတ်နိုင်ငံအကြောင်း နားလည်သိရှိဖို့အတွက် လမ်းကြောင်းဖွင့်ပေးခဲ့ခြင်း ဖြစ်သလို တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်စစ်များကို မြင်သာအောင် ချပြလိုတဲ့ ရည်ရွယ်ချက်များလည်း ပါဝင်ပါတယ်။ ယခုတစ်ကြိမ် အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ ကျင်းပတဲ့ တတိယမြောက်ပွဲ ဖြစ်ပါတယ်။ ဒီကနေ့ ပြသမဲ့ ထူးချွန်ပြောင်မြောက်တဲ့ တရုတ်မှတ်တမ်းရုပ်ရှင် (၂)ကားကနေတစ်ဆင့် အခုပွဲကို တက်ရောက်လာကြတဲ့ ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားများ တရုတ်နိုင်ငံအကြောင်းကို ပိုမိုလေ့လာသိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
LeHua International Education မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဝင်း (黄娇娇校长) က “တရုတ်မှတ်တမ်းရုပ်ရှင် တင်ဆက်ပြသမှုအစီအစဉ်အတွက် စေ့စပ်သေချာစွာ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို ကျေးဇူးတင်ရှိပါတယ်။ မှတ်တမ်းရုပ်ရှင်တွေကနေတစ်ဆင့် ကလေးငယ်တွေ တရုတ်နိုင်ငံအကြောင်းကို သိရှိခံစားမိပြီး တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နားလည်သိရှိစေပါတယ်။ ယဉ်ကျေးမှု ဖလှယ်ခြင်းနဲ့ အပြန်အလှန် လေ့လာသင်ယူခြင်းများက မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးပွားစေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခုတစ်ခေါက် ပွဲအစီအစဉ်မှတစ်ဆင့် တရုတ်ယဉ်ကျေးမှုကို ပိုမိုစိတ်ဝင်စားလာပြီး ထည်ဝါစုံလင်သော တရုတ်ယဉ်ကျေးမှုများကို ပိုမိုလေ့လာကြရန်လည်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားများအား တိုက်တွန်းအားပေးခဲ့ပါသည်။
မြန်မာ့ရုပ်သေးပညာသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးအနှစ်သာရ ဖြစ်ပြီး တရုတ်ရုပ်သေးပညာသည် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည်။ ပိုမိုကောင်းမွန်သော ရုပ်ရှင်ခံစားမှုများကို ပေးစွမ်းနိုင်ရန်နှင့် ကျောင်းသားများ မှတ်တမ်းရုပ်ရှင် အကြောင်းအရာများကို ပိုမိုနားလည်စေရန်တို့အတွက် ရုပ်ရှင်မပြသမီတွင် ဆရာမများက မြန်မာ့ရုပ်သေးနှင့် တရုတ်ရုပ်သေးတို့၏ ထူးခြားချက်များ၊ ၎င်းတို့၏ တူညီမှုနှင့် ကွဲပြားမှုများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါသည်။ ကျောင်းသားများကလည်း ဗဟုသုတအသစ်များကို သိရှိခဲ့ပြီး မြန်မာ-တရုတ် ယဉ်ကျေးမှုအကြောင်းများကို ပိုမိုနားလည်ခဲ့ကြောင်း ဖော်ပြခဲ့ကြပါသည်။
ကျောင်းသူကျောင်းသားများ တရုတ်အနုပညာကို ပိုမိုသိရှိစေရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက မှတ်တမ်းရုပ်ရှင်များ မပြသမီတွင် “အတိတ်နေ့ရက်များဆီ” ၊ “ပဒုမ္မာရွှေကြာကန်” ၊ “ဒဏ္ဍာရီလာငှက်စိမ်းပြာ၏ ခါနွေဦးကို တမ်းတကြိုဆိုခြင်း” နှင့် “လော့မြစ်နတ်သမီးသို့ တမ်းချင်း” ဟူသည့် တရုတ်ရိုးရာပွဲတော်အက ဗီဒီယို (၄)ခုကို တင်ဆက်ပြသခဲ့ပါသည်။ ဤသို့ဖြင့် ရုပ်ရှင်ခံစားမှု အငွေ့အသက်များကို ပံ့ပိုးပေးခဲ့သည့်အပြင် ကလေးငယ်များ၏ တရုတ်အကအနုပညာများအပေါ် ခံစားသိမြင်မှုနှင့် နှစ်သက်မှုတို့ကိုလည်း များစွာ တိုးပွားစေခဲ့ပါသည်။ ထို့အပြင် စင်တာစာကြည့်တိုက်မှူးမှ စင်တာ၏ စာကြည့်တိုက်အကြောင်းကို မိတ်ဆက်ရှင်းပြပေးခဲ့ပြီး ကျောင်းသားများအား စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ပေးခဲ့ကာ စင်တာသို့ လာရောက်ပြီး စာအုပ်များ ဖတ်ရှုလေ့လာကြရန်လည်း တိုက်တွန်းခဲ့ပါသည်။
ယဉ်ကျေးမှု အပြန်အလှန်လှုပ်ရှားမှုများမှာ အထူးစိတ်ဝင်စားဖွယ် ကောင်းပါသည်။ ယင်းအခမ်းအနား အစီအစဉ်တွင် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” နှင့် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” ဟူသည့် ခေါင်းစဉ်နှစ်ခုနှင့် ပတ်သက်သော ဗဟုသုတများကို ဦးသူဖြေစနစ်ဖြင့် အမေးအဖြေကဏ္ဍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အကြောင်းအရာများအနေဖြင့် တရုတ်ရိုးရာယဉ်ကျေးမှု၊ တရုတ်စကားပုံများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စသဖြင့် ပါဝင်ပြီး ယင်းကဏ္ဍတွင် ကျောင်းသူကျောင်းသားများက တက်တက်ကြွကြွ ပါဝင်ဖြေဆိုခဲ့ကြရင်း တရုတ်ယဉ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လေ့လာခဲ့ကြပါသည်။
အပြန်အလှန်လှုပ်ရှားမှု အစီအစဉ်များအပြီးတွင် ကျောင်းသူကျောင်းသားများသည် “A Shot at a Better Future” နှင့် “Fujian Puppetry” မှတ်တမ်းရုပ်ရှင် (၂)ကားကို စာသင်ခန်းများတွင် အသီးသီး ကြည့်ရှုခဲ့ကြပါသည်။ ယင်းမှတ်တမ်းရုပ်ရှင်များသည် တရုတ်နိုင်ငံ၏ ပညာရေးနှင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်နှစ်ရပ်ကို အဓိကထား ရိုက်ကူးထားခြင်း ဖြစ်ပြီး ဖြစ်ရပ်မှန်အဖြစ်အပျက်များကို မှတ်တမ်းတင် ရိုက်ကူးရင်းမှတစ်ဆင့် တရုတ်လူမျိုးများ၏ ဘဝနေထိုင်မှုအပေါ် ချစ်မြတ်နိုးမှုနှင့် တိုးတက်ကြီးပွားလိုသော အားထုတ်ကြိုးပမ်းမှု ဖြစ်ရပ်မှန်ပုံရိပ်များကို ပေါ်လွင်အောင် တင်ဆက်ဖော်ပြထားပါသည်။
LeHua International Education မှ ကျောင်းသူများဖြစ်သော မသုနန္ဒာအောင်နှင့် မကြယ်စင်လင်းလက်တို့က ရုပ်ရှင်ကြည့်ရှုပြီးနောက်တွင် မိမိတို့၏ ခံစားချက်များကို မျှဝေခဲ့ကြပါသည်။ ဤအစီအစဉ်သည် ၎င်းတို့အား လေးနက်သော ခံစားချက်များကို ပေးစွမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံကို သိရှိနားလည်စေပြီး တရုတ်နိုင်ငံအကြောင်းကို လေ့လာစေဖို့အတွက် လမ်းကြောင်းဖွင့်ပေးခဲ့ရုံသာမက အထူးသဖြင့် ၎င်းတို့အား မှတ်တမ်းရုပ်ရှင်များထဲမှ လေးစားဖွယ် စံပြပုဂ္ဂိုလ်တို့ကို အတုယူစေခဲ့၍ ခွန်အား အပြည့်ရရှိစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ယခုတစ်ခေါက် အစီအစဉ်သည် ၎င်းတို့၏ တရုတ်နိုင်ငံအကြောင်း သိရှိမှုနှင့် နှစ်သက်စိတ်ဝင်စားမှုတို့ကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို တစ်ဆင့်တိုး၍ လေ့လာသိရှိခွင့် ရခဲ့သည့်အတွက် အကျိုးများစွာ ရှိစေခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
ပွဲအစီအစဉ်သည် အားရကြည်နူးမှု အငွေ့အသက်များအကြားတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ LeHua International Education မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဝင်း (黄娇娇校长) က “ယခုတစ်ခေါက် အစီအစဉ်က အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ကလေးငယ်တွေ စိတ်ဝင်စားဖွယ် တရုတ်ယဉ်ကျေးမှုများကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့တဲ့အပြင် သူတို့ရဲ့ ပညာလေ့လာမှုကို ပိုမို ပြည့်စုံစေခဲ့ပြီး တရုတ်စာလေ့လာမှုကိုလည်း ပိုပြီး စိတ်ပါဝင်စားစေခဲ့ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် သူတို့ရဲ့ အမြင်တွေ ပိုကျယ်ပြန့်လာပြီး ဒီထက်များပြားတဲ့အရာတွေကို လေ့လာသင်ယူနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။