ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဓာတ်ပုံပြပွဲ ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များ ကျင်းပခြင်း
အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဓာတ်ပုံပြပွဲ ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းလှုပ်ရှားမှုပွဲ၏ အဓိကအကြောင်းအရာမှာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းပြသခြင်းနှင့် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) “ယဉ်ကျေးမှုသံတမန်ငယ်” အကဲဖြတ်ရွေးချယ်မှုအစီအစဉ်တွင် တက်ကြွစွာပါဝင်ခဲ့ကြသော သင်တန်းကျောင်းနှင့် ကျောင်းသူကျောင်းသားများအား ကျေးဇူးတင်လွှာနှင့် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။ ဤကဲ့သို့ တရုတ်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များ ကျင်းပဆောင်ရွက်ခြင်းမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုအကြောင်းကို တင်ဆက်ပြသရင်း တရုတ်နိုင်ငံ၏ အခြေအနေများကို ခံစားသိရှိစေကာ မြန်မာနိုင်ငံရှိ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား တရုတ်နိုင်ငံနှင့် တရုတ်ယဉ်ကျေးမှုများအပေါ် ပိုမိုနားလည်သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စင်တာတာဝန်ခံ Ms. Xu Ling ၊ Glory Hope Education Centre မှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဆုခိုင်နှင့်တကွ ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၅၄) ဦးတို့ တက်ရောက်ခဲ့ကြသည်။
ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် စင်တာဘက်စုံသုံးခန်းမ၌ “အတိတ်နေ့ရက်များဆီ” ၊ “မင်းနေပြည်တော်တစ်ဝိုက်က တေးကဗျာသီချင်းများပေါင်းစုချုပ် - လွမ်းရပြီလေ”နှင့် “စီးမျောခံစား ဆောင်းဦးအငွေ့အသက်များ” တရုတ်ရိုးရာပွဲတော်ဂန္ထဝင်အက ဗီဒီယိုများကို ပြသထားပြီး ပြပွဲခန်းမ၌လည်း “လည်ပတ်ကာရှုစား မြို့တော်ပေကျင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများ” ၊ “ကွမ်တုန်းအလှ”နှင့် “ဖူကျန့်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” ဟူသည့် တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗီဒီယိုအတို (၃) ခုကို ထုတ်လွှင့်ပြသထားကာ တရုတ်အကအနုပညာ၊ တရုတ်နိုင်ငံ ဒေသအသီးသီးရှိ ရိုးရာဓလေ့ထုံးတမ်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အကြောင်းအရာများကို အတူတကွ လေ့လာခံစားခဲ့ကြသည်။ ထို့နောက် ဧည့်ပရိသတ်များသည် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”အစီအစဉ်အောက်ရှိ တရုတ်ပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှု အကြောင်းအရာများကို ရိုက်ကူးတင်ဆက်ထားသည့် “Rangers in the Wild” မှတ်တမ်းရုပ်ရှင်ကို ရှုစားခဲ့ကြပါသည်။
မှတ်တမ်းရုပ်ရှင် ကြည့်ရှုပြီးနောက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ စင်တာတာဝန်ခံ Ms. Xu Ling မှ “၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) ‘ယဉ်ကျေးမှုသံတမန်ငယ်’ အကဲဖြတ်ရွေးချယ်မှု” အစီအစဉ်တွင် တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့သော Glory Hope Education Centre နှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသူကျောင်းသားများအား ကျေးဇူးတင်ရှိသောအားဖြင့် ကျောင်းကိုယ်စားပြုနှင့် ကျောင်းသား (၅)ဦးတို့အတွက် ကျေးဇူးတင်လွှာနှင့် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပါသည်။ ကျောင်းသားများက “စင်တာမှ ပေးအပ်ချီးမြှင့်သော မှတ်တမ်းလွှာကို လက်ခံရရှိခြင်းသည် ယင်းတို့အတွက် အားတက်ဝမ်းမြောက်စရာဖြစ်မိပါကြောင်း၊ ယခုတစ်ကြိမ် ကျင်းပသော အကဲဖြတ်ရွေးချယ်မှု အစီအစဉ်တွင် ပေးပို့ပါဝင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ တရုတ်ယဉ်ကျေးမှုအပေါ် နှစ်သက်မှုများကို ထုတ်ဖော်ပြသခွင့်ရရှိကာ ဤကဲ့သို့သော ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးပါသော တရုတ်ယဉ်ကျေးမှုစင်တာကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် ဧည့်ပရိသတ်များသည် တရုတ်နိုင်ငံ၏ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များက သာယာကောင်းမွန်သော ဘဝကို ဖြစ်ထွန်းစေခြင်း - ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဓာတ်ပုံပြပွဲ”ကို ဆက်လက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ပြပွဲတွင် ပြသထားသော ရုပ်ပုံ (၅၀) ပုံနှင့် စာသားမိတ်ဆက်များမှတစ်ဆင့် တရုတ်နိုင်ငံရှိ ထူးခြားပြောင်မြောက်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အရင်းအမြစ်မျိုးစုံကို ပြသထားပြီး တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ဆောင်ချက် အောင်မြင်မှုရလဒ်များကို စုစည်းတင်ဆက်ထားသည်။ ပွဲလာဧည့်ပရိသတ်များအား တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ဆွဲဆောင်မှုများကို ခံစားကြည့်ရှုစေမည့်အပြင် တရုတ်ဝိသေသထူးခြားချက်များရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
ပြပွဲကို လေ့လာကြည့်ရှုပြီးနောက် ကျောင်းသားများက တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ဘဝနေထိုင်ရေး တိုးတက်ကောင်းမွန်လာမှုနှင့် တရုတ်နိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လုပ်ဆောင်ချက် အောင်မြင်မှုများအပေါ် အံ့ဩလေးစားရပါကြောင်းနှင့် တရုတ်နိုင်ငံအတွက် ၎င်းတို့၏ ဆုမွန်ကောင်းနှင့် နှစ်သက်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
နောက်ဆုံးအစီအစဉ်အနေဖြင့် ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများအားလုံး စာကြည့်တိုက်သို့ ဝင်ရောက်လေ့လာ၍ စင်တာဝန်ထမ်း၏ စာကြည့်တိုက် မိတ်ဆက်အကြောင်းအရာများအပေါ် စိတ်ဝင်တစား နားထောင်ကြပြီး စာအုပ်များကို ဖတ်ရှုလေ့လာကာ အသင်းဝင်ကတ်များ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် Photo corner ရှေ့တွင် တပျော်တပါး အမှတ်တရဓာတ်ပုံများစွာ ရိုက်ခဲ့ကြသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ စင်တာတာဝန်ခံ Ms. Xu Ling က “ယင်းလှုပ်ရှားမှုပွဲသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အစီအမံများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုအစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ စီမံချက်နှင့် အမြော်အမြင်များကို တွေ့မြင်နိုင်ကာ တရုတ်ယဉ်ကျေးမှု၏ ဆွဲဆောင်မှုနှင့် တရုတ်နိုင်ငံပုံရိပ်ကို မြှင့်တင်စေနိုင်ရန်၊ မြန်မာပြည်သူများအား လေ့လာကြည့်ရှုခြင်း၊ ခံစားသိမြင်ခြင်းများမှတစ်ဆင့် တရုတ်နိုင်ငံ၏ အခြေအနေများကို ခံစားသိရှိ၍ တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ အနှစ်သာရတို့ကို သိရှိနားလည်ကာ ထိုမှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုများကို တိုးပွားစေပြီး မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို တိုးမြှင့်စေနိုင်ရန် မျှော်လင့်ပါကြောင်း” ပြောကြားခဲ့ပါသည်။