၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ - “ဖူကျန့်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဖူကျန့်ပြည်နယ် (Fujian) သည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းဒေသတွင် တည်ရှိပြီး သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝကာ ယဉ်ကျေးမှုသမိုင်းကြောင်း ရှည်ကြာလှပြီဖြစ်သည်။ ဖူကျန့်ပြည်နယ်သည် ရိုးရာလက်မှုလုပ်ငန်း များပြားတိုးတက်သော ဒေသတစ်ခုဖြစ်ပြီး လက်ရာအသွင် ထူးခြားဆန်းပြား၍ အမျိုးအစား ပေါများစုံလင်ကာ လက်ရာပြောင်မြောက်လွန်းပေသည်။ လက်ရှိတွင် ရိုးရာလက်မှုအတတ်ပညာနှင့် အနုပညာဆိုင်ရာ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာဆက်ခံသူ (၅၁)ဦး ရှိကာ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာဆက်ခံသူ (၂၅၀)ဦး ရှိပါသည်။
ဖင်ထန်ကောင်တီ (Pingtan) တွင် ခယ်ချိုထို (Keqiutou) မြေထည်ပစ္စည်းများ တူးဖော်ရရှိချိန်မှစ၍ ဖူကျန့်ပြည်နယ်၏ လက်မှုပညာနှင့် အနုပညာလုပ်ငန်းတို့သည် ယနေ့ထက်ထိတိုင် စည်ပင်တိုးတက်လျက်ရှိကာ ယခုအခါတွင် အဓိကအမျိုးအစားကြီး (၁၃)မျိုးအထိ တိုးတက်ပြောင်းလဲလာပြီဖြစ်သည်။ ကျောက်ထွင်း၊ ပန်းပု၊ ယွန်းဆေး၊ ကြွေထည်မြေထည်နှင့် ရှေးရိုးရာလက်မှုပရိဘောဂပစ္စည်း အစရှိသည်တို့မှာလည်း နိုင်ငံ့အကောင်းဆုံးစာရင်းဝင်များအဖြစ် နေရာရရှိထားပါသည်။