၂၀၂၂ ခုနှစ် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” - လှပသာယာ တရုတ်နိုင်ငံမှာ၊ စုံညီနွှဲပျော် ဆောင်းဦးလယ်လမုန့်ပွဲတော်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-10 22:15:28


WeChat Image_20220907092835.jpg



ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်နိုင်ငံ ဆောင်းဦးရာသီ အချိန်ကာလ၏ အကြီးကျယ်အခမ်းနားဆုံး ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ၎င်းပွဲတော်ကို နွေဦးနှစ်သစ်ကူးပွဲတော်၊ ချင်းမင်ပွဲတော် (တရုတ်သင်္ချိုင်းကန်တော့ပွဲ) ၊ နဂါးလှေလှော်ပြိုင်ပွဲတော်တို့နှင့်အတူ တရုတ်ရိုးရာပွဲတော်ကြီး (၄)ခုအဖြစ် သတ်မှတ်ကြသည်။ နှစ်စဉ် တရုတ်ရိုးရာပြက္ခဒိန်၏ (၈)လပိုင်း (၁၅)ရက်နေ့သည် တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်နေ့ဖြစ်ပြီး ထိုပွဲတော်နေ့တွင် ထွက်ပေါ်သည့် လမင်းကြီးသည် တစ်နှစ်တာကာလအတွင်းတွင် ဆွဲဆောင်မှုအရှိဆုံး ဖြစ်သည်။ ရှေးခေတ်အခါက လစန္ဒာ ပြည့်ဝန်းထိန်သာခြင်းသည် မိသားစု စုံစုံညီညီဖြစ်ခြင်း သဘောဆောင်သည်ဟု မှတ်ယူကာ လကို ပူဇော်ကန်တော့ကြသည်။



ဆောင်းဦးလယ်လမုန့်ပွဲတော်သည် ကောက်ရိတ်သိမ်းသည့် ပွဲတော်အချိန် ဖြစ်သည်။ ထိုပွဲတော်ကာလသည် တရုတ်နိုင်ငံတစ်ဝန်းတွင် သီးနှံဖြစ်ထွန်းအောင်မြင်ချိန်ဖြစ်၍ သီးနှံရိတ်သိမ်းမှုအပျော်များ နေရာတိုင်းတွင် ပြည့်နှက်နေပေသည်။ ရိတ်သိမ်းရရှိလာသော သီးနှံများဖြင့် လမုန့်ပြုလုပ်ကြရင်းမှ လမုန့်သည် ဆောင်းဦးလယ်လမုန့်ပွဲတော်၏ အရေးအပါဆုံးသော စားဖွယ်ရာ ဖြစ်လာခဲ့လေသည်။


ဆောင်းဦးလယ်လမုန့်ပွဲတော်သည် ဆွေမျိုးသားချင်းမိသားစုဝင်များ ပြန်လည်ဆုံစည်းကြသည့် ပွဲတော်ဖြစ်သည်။ ဆောင်းဦးလယ်လမုန့်ပွဲတော် ညအချိန်တွင် အိမ်တိုင်းအိမ်တိုင်း မိသားစု စုံညီစွာဖြင့် လမင်းကြီးကို ငေးမောရှုစားရင်း မိသားစုစုံညီခြင်း ကြည်နူးမှုအပျော်ကို အတူတကွ မျှဝေခံစားကြလေသည်။ မိသားစုနှင့် မဆုံစည်းနိုင်သူများကတော့ လမင်းကြီးဆီ ငေးမျှော်ကြည့်၍ အဝေးမှ ဆုတောင်းစကားဆိုရင်း အဝေးရောက်နေသူ မိသားစုဝင်တစ်ဦး၏ ဇာတိမြေလွမ်းဆွတ်မှုများကို ဖြည်းဖြည်းချင်း ဖြေလျှော့ကြလေသည်။



“လမင်းထိန်သာ ပင်လယ်ထက်မှာ၊ ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား”။  ဆောင်းဦးလယ်လမုန့်ပွဲတော် ရက်မြတ်အခါသမယတွင် ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ၊ မိသားစု စုံစုံညီညီနှင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။