၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြို့ပြတည်ဆောက်မှု - “ဟယ်နန်ပြည်နယ် လော့ရန်မြို့”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟယ်နန်ပြည်နယ်(Henan)ရှိ လော့ရန်မြို့(Luoyang)သည် တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ကြီး (၄)မြို့အနက်မှ တစ်ခုဖြစ်ပြီး သမိုင်းကြောင်း ရှည်ကြာကာ စားကောင်းသောက်ဖွယ်နှင့် ရှုခင်းအလှများ ကြည့်မကုန် ရှုမဆုံးနိုင်လောက်အောင်ပင် များပြားစုံလင်လှပါသည်။ တရုတ်နိုင်ငံ၏ အကောင်းဆုံး ဗုဒ္ဓဘာသာ ကျောက်ပန်းပုအနုပညာလက်ရာဖြစ်သော လုံမိန်(Longmen)ကျောက်လိုဏ်ဂူကို လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်ခန့်က စတင်တည်ဆောက်ခဲ့ကာ သမိုင်းတစ်လျှောက် အခက်အခဲများစွာ ဖြတ်သန်းလာခဲ့သည့်တိုင်အောင် တရုတ်နိုင်ငံယဉ်ကျေးမှု၏ အဖိုးတန်ရတနာအဖြစ် ဆက်လက်ဖြစ်တည်နေဆဲဖြစ်သည်။
လော့ရန်မြို့ကို “အရှေ့တိုင်း၏ ပြတိုက်မြို့တော်” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြပြီး ပြတိုက်ပေါင်း (၁၀၀)ကျော် ဖွင့်လှစ်ပြသထားပါသည်။ လော့ရန်မြို့သည် တရုတ်နိုင်ငံအလယ်ပိုင်းဒေသရှိ အရေးပါသော စက်မှုမြို့တော်တစ်ခုလည်းဖြစ်ပြီး ပထမဦးဆုံးထွန်စက် စတင်ထုတ်လုပ်နိုင်ခဲ့မှုမှ အစပြု၍ ယနေ့ခေတ် 5G ကွန်ရက်နှင့် မောင်းသူမဲ့ထွန်စက်များအထိ တီထွင်ဖန်တီးနိုင်ခဲ့ခြင်းတို့သည် လုံ့လဝီရိယရှိသော လော့ရန်မြို့သူမြို့သားတို့၏ အမြဲမပြတ် ကြိုးစားအားထုတ်မှုနှင့် ဆန်းသစ်တီထွင်လိုမှုစိတ်ဓာတ်တို့ကို သက်သေပြနေပါသည်။