လေ့လာခံစား တရုတ်ယဉ်ကျေးမှုများ၊ ကြိုဆိုနွှဲပျော် ဆောင်းဦးလယ်လမုန့်ပွဲတော် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”အား ကျောင်းများ၌ ဆက်လက်ကျင်းပခြင်း
တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော် ရောက်ရှိတော့မည့် အချိန်အခါသမယ၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်ကို စာသင်ကျောင်းတွင် ထပ်မံကျင်းပခဲ့ပါသည်။ စက်တင်ဘာလ (၄)ရက်နေ့တွင် BoWen School ၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်မှတ်တမ်းရုပ်ရှင် (၃)ကားကို ပြသခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ BoWen School မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့် (唐家慧校长) ၊ ဒု-ကျောင်းအုပ်ကြီး Yan Lili (闫莉莉副校长)နှင့် ကျောင်းသူကျောင်းသား စုစုပေါင်း အဦး (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
တရုတ်ရုပ်ရှင်များကို ရှုစားရင်း တရုတ်ယဉ်ကျေးမှုကို လေ့လာခံစားကြမည်။ ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ပြန်လည်ဆုံစည်းခြင်း၊ သင့်မြတ်မှုရှိခြင်းနှင့် သာယာကောင်းမွန်သောဘဝကို လိုလားတောင့်တသည့် စိတ်ခံစားချက်များကို ဖော်ဆောင်နေပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် BoWen School ၌ တရုတ်မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့် တရုတ်ယဉ်ကျေးမှုများကို ကိုယ်တိုင်ပါဝင်လေ့လာစေခြင်း အစရှိသည့် ပုံစံများဖြင့် မြန်မာပြည်သူများနှင့်အတူ တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုကျင်းပခဲ့ပြီး မြန်မာကျောင်းသားများ၏ ကျောင်းတွင်းယဉ်ကျေးမှုသင်ယူလေ့လာမှုကို ကြွယ်ဝစုံလင်စေကာ တရုတ်ရိုးရာယဉ်ကျေးမှုကို တိုးတက်ပြန့်ပွားစေ၍ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြားရှိ “ပေါက်ဖော်”ချစ်ကြည်ရေးကို တိုးမြှင့်စေခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က “ဆောင်းဦးလယ်လမုန့်ပွဲတော် ရောက်ရှိတော့မယ့် အချိန်အခါသမယ၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက BoWen School မှာ အားလုံးနဲ့အတူ ဒီပွဲတော်ကို ပျော်ရွှင်စွာ ကြိုဆိုကျင်းပခြင်းဖြစ်ပါတယ်။ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’မှာ ပြသမယ့် မှတ်တမ်းရုပ်ရှင်တွေက ဖြစ်ရပ်မှန်အကြောင်းအရာတွေကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေအနေတွေကို ပကတိပုံစံအတိုင်း ပုံဖော်တင်ဆက်ထားပါတယ်။ ရှေးခေတ်နဲ့ မျက်မှောက်ခေတ်တို့ရဲ့ အပြန်အလှန်သက်ရောက်မှုတွေအပြင် တစ်စတစ်စဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ ပုံရိပ်တွေကို ထင်ဟပ်ပြသနေပြီး စစ်မှန်တဲ့ တရုတ်နိုင်ငံအကြောင်းကို ဖော်ပြတင်ဆက်ထားပါတယ်။ ဒီကနေ့ရဲ့အစီအစဉ်ကနေ ကျောင်းသူကျောင်းသားတွေအတွက် တရုတ်ယဉ်ကျေးမှုကို လေ့လာခံစား သိရှိနားလည်စေနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်စေပြီး တရုတ်နိုင်ငံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်းတွေကို ပိုမိုသိရှိလေ့လာနိုင်ဖို့ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။
ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် ကျောင်းခန်းမဆောင်၌ ဆောင်းဦးလယ်လမုန့်ပွဲတော် အကြောင်းအရာများကို အဓိကထားရှိသည့် “ဆောင်းဦးကောက်နှံ”၊ “တမ်းတတယ်ဆို တမ်းတလိုက်ပါ” နှင့် “လဗိမာန်နန်း” အစရှိသော ဗီဒီယိုများကို ထုတ်လွှင့်ပြသထားပြီး တရုတ်ပြည်သူများ ဆောင်းဦးလယ်လမုန့်ပွဲတော်ကို ကျင်းပပြုလုပ်ကြသည့် မြင်ကွင်းများအား ပြသ၍ ဆောင်းဦးလယ်လမုန့်ပွဲတော်၏ ရိုးရာဓလေ့ထုံးတမ်းနှင့် ဒဏ္ဍာရီပုံပြင်များကို တင်ဆက်ကာ ပွဲတော်အငွေ့အသက်များ ပြည့်စုံထုံမွမ်းနေစေပါသည်။
ယင်းပွဲအစီအစဉ်တွင် “Fujian Puppetry” ၊ “Sanxingdui: Rediscovering a Lost Civilization” နှင့် “The Travelling Cinema” တရုတ်မှတ်တမ်းရုပ်ရှင် (၃)ကားကို ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားပေါင်း (၄၀၀) ကျော်တို့က စာသင်ခန်း (၁၆) ခန်း၌ အသီးသီး ရှုစားခဲ့ကြပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝဘေးအန္တရာယ် တိုက်ဖျက်ရေးနှင့် ကယ်ဆယ်မှု အကြောင်းအရာများ ပါဝင်ပြီး ၎င်းရုပ်ရှင်များမှ တရုတ်နိုင်ငံ၏ အခြေအနေများကို သိရှိနားလည်စေပြီး တရုတ်နိုင်ငံ၏အင်အားကို ပြသထားကာ တရုတ်နိုင်ငံ၏ စိတ်ဓာတ်ခံယူချက်တို့ကို ထင်ဟပ်ဖော်ပြနေပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဤပွဲအစီအစဉ်တွင် ပါဝင်ကြသော မြန်မာကျောင်းသားများ တရုတ်ယဉ်ကျေးမှုအကြောင်းကို ပျော်ရွှင်စွာ သင်ယူလေ့လာနိုင်ရန်အတွက် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဦးသူဖြေစနစ် ဗဟုသုတအမေးအဖြေကဏ္ဍနှင့် စိတ်ဝင်စားဖွယ် “ခန့်မှန်းကာ အဖြေရှာ” အစီအစဉ်များကိုလည်း စီစဉ်ကျင်းပခဲ့ပါသည်။ ယင်းကဏ္ဍနှစ်ခုလုံးတွင် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ဆောင်းဦးလယ်လမုန့်ပွဲတော် အကြောင်းအရာများ ပါဝင်ကာ ပွဲအစီအစဉ်အတွင်း ကျောင်းသားများကလည်း တက်တက်ကြွကြွ ပါဝင်ဖြေဆိုခဲ့ကြပြီး “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”ကို အတူတကွ ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
BoWen School မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က “ဒီကနေ့ပွဲမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစီအစဉ်တွေနဲ့ ကလေးတွေအတွက် ‘တရုတ်ရိုးရာပွဲတော်ကို ကျင်းပပြီး တရုတ်ယဉ်ကျေးမှုကို လေ့လာစေကာ တရုတ်နိုင်ငံရဲ့ အခြေအနေအကြောင်းအရာတွေကို သိရှိနားလည်စေခဲ့ပါတယ်’။ “Fujian Puppetry”ကို ရှုစားပြီးနောက် ကျောင်းသားတွေကလည်း မြန်မာနဲ့ တရုတ်နှစ်နိုင်ငံတို့ရဲ့ ရိုးရာယဉ်ကျေးမှုအနုပညာအကြားက တူညီမှုနဲ့ ကွဲပြားမှုတွေကို လေ့လာသိရှိနိုင်ပြီး နှစ်ဦးနှစ်ဖက်ရဲ့ ယဉ်ကျေးမှုတွေကို အပြန်အလှန် ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေကာ မြန်မာနဲ့တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုအပေါ် နားလည်လက်ခံမှုကို တိုးမြှင့်စေပါတယ်”ဟု ပြောကြားခဲ့ပါသည်။
BoWen School မှ ဒု-ကျောင်းအုပ်ကြီး Yan Lili က “ကျွန်မတို့ကျောင်းက တရုတ်ဘာသာစကားနဲ့ တရုတ်ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေးကို အထူးအလေးထားတယ်။ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ကို အခုလိုကျောင်းမှာ လာရောက်ကျင်းပပြီး ကလေးတွေနဲ့အတူ ဆောင်းဦးလယ်လမုန့်ပွဲတော်ကို ကြိုဆိုကျင်းပတဲ့အစီအစဉ်ဟာ ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ်မှာမပါဝင်တဲ့ ပညာဗဟုသုတတွေကို ထိတွေ့စေပြီး တရုတ်ရိုးရာပွဲတော်ရဲ့ ယဉ်ကျေးမှုအနှစ်သာရတွေကို နားလည်ခံစားစေလို့ ဒါဟာ သူတို့အတွက် တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိပြီး နှစ်သက်စေပါလိမ့်မယ်”ဟု ပြောကြားခဲ့ပါသည်။
ပွဲအပြီးတွင် ကျောင်းသားများကလည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ကျင်းပသောပွဲသည် အလွန်ဆွဲဆောင်မှုရှိကြောင်း၊ မှတ်တမ်းရုပ်ရှင်ကောင်းများ ရှုစားခြင်းအပြင် အပြန်အလှန်လှုပ်ရှားမှု အစီအစဉ်များမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုအပေါ် ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာပြီး ဆောင်းဦးလယ်လမုန့်ပွဲတော်၏ ယဉ်ကျေးမှုအနှစ်သာရအပေါ် နားလည်မှုကို ပိုမိုတိုးမြှင့်လာစေကာ တရုတ်ယဉ်ကျေးမှုကို ပိုမိုစိတ်ဝင်စားလာစေသည်ဟု ပြောကြားခဲ့ပါသည်။