ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်အား ပထမဆုံးအကြိမ် ကျောင်း၌ကျင်းပခြင်း
ဩဂုတ်လ (၂၈)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား Myanmar International Education Center (MIEC) ၌ ကျင်းပခဲ့ရာ ၎င်းပွဲစဉ်သည် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်ကို ကျောင်းတွင် သွားရောက်ကျင်းပသည့် ပထမဆုံးပွဲစဉ် ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ MIEC မှ အထွေထွေမန်နေဂျာ ဒေါ်ထက်ထက်အောင် (房今今总经理)၊ MIEC မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦး (胡彬彬校长)၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း အဦး (၈၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က “ယခုအစီအစဉ်ဟာ မှတ်တမ်းရုပ်ရှင်ရှုစားခြင်းမှတစ်ဆင့် မိတ်ဆွေဖွဲ့ရန်၊ အပြန်အလှန်ဆက်ဆံခြင်းမှတစ်ဆင့် နားလည်မှု မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန်နဲ့ ယဉ်ကျေးမှုဖြင့် သံယောဇဉ် နက်ရှိုင်းစေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ‘နိုင်ငံတွေအကြားက ဆက်ဆံရေးဟာ ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးမှုပေါ်မှာ မူတည်ပြီး ပြည်သူများ အချင်းချင်း ခင်မင်ရင်းနှီးမှုဟာ နှလုံးသားချင်း နီးစပ်မှုရှိခြင်းအပေါ်မှာ မူတည်နေတယ်။’ ဆိုသလိုပဲ နောင်များမှာလည်း MIEC နဲ့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးကို မတူညီတဲ့ အမျိုးမျိုးသော ပုံစံတွေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပြီး အပြန်အလှန် နှီးနှောဖလှယ်ဆက်ဆံဖို့ ပေါင်းကူးတံတား တည်ဆောက်ဖန်တီးရင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍရပ်တွေမှာ ပါဝင်စွမ်းဆောင်သွားပါမယ်။ တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူ မျှဝေဖလှယ်နိုင်ရန်နဲ့ နှစ်နိုင်ငံပြည်သူများ အချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။” ဟု ပြောကြားခဲ့ပါသည်။
MIEC မှ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် “No Child Left Behind” နှင့် “A Shot at a Better Future” စသည့် ပညာရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင် (၂)ကားကို စာသင်ခန်း (၃)ခန်းတွင် တစ်ပြိုင်တည်း ရှုစားခဲ့ကြပါသည်။ မှတ်တမ်းရုပ်ရှင်များသည် ဖြစ်ရပ်မှန်အဖြစ်အပျက်များကို မှတ်တမ်းတင်ရိုက်ကူးရင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသရှိ ဆရာ၊ ဆရာမများ၏ တာဝန်သိတတ်ကျေပွန်မှုနှင့် ဘဝနေထိုင်မှုကို ချစ်ခင်မြတ်နိုးသော ဖြစ်ရပ်မှန်ပုံရိပ်များကို တင်ဆက်ဖော်ပြထားပြီး “လူငယ်ဘဝဟူသည် ကြိုးစားလေ့ကျင့်ရင်းမှ ထင်ပေါ်ကျော်စောလာသည်။ လူ့ဘဝဟူသည် ရုန်းကန်လှုပ်ရှားရင်းမှ တိုးတက်ထွန်းပြောင်လာသည်။” ဟူသော အတွေးအခေါ် အယူအဆကို ဖော်ပြထားပါသည်။
ပွဲသို့ တက်ရောက်လာကြသော မြန်မာကျောင်းသားများအား တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိစေရန်အတွက် မှတ်တမ်းရုပ်ရှင် တစ်ကားနှင့် တစ်ကားအကြားတွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဦးသူဖြေစနစ် ဗဟုသုတအမေးအဖြေကဏ္ဍကို စီစဉ်ကျင်းပခဲ့ပါသည်။ ဤသို့ဖြင့် ကျောင်းသားကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များအကြားတွင် တရုတ်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကို လေ့လာသိရှိစေပြီး တရုတ်ရိုးရာပွဲတော်၊ ရာသီချိန်များ၏ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုအနှစ်သာရများကို သဘောပေါက်နားလည်စေခဲ့ပါသည်။
MIEC မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦး (胡彬彬校长) က အမှာစကားတွင် ယခုတစ်ခေါက် ပွဲအစီအစဉ်နှင့် ကျောင်းသားများအတွက် မြင့်သထက်မြင့်၍ ကောင်းသထက်ကောင်းသော အောင်မြင်မှုရလဒ်များ ဆွတ်ခူးရရှိနိုင်စေကြောင်းကို တရုတ်ကဗျာစာသားဖြင့် ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။ ကျောင်းအုပ်ဆရာမကြီးက ယနေ့အစီအစဉ်သည် စုံလင်များပြား၍ ပျော်ရွှင်ဖွယ်ကောင်းပြီး နှစ်ဦးနှစ်ဖက် ရင်းနှီးမှုကို ပိုမိုတိုးပွားစေကြောင်း၊ MIEC ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ ရင်ထဲတွင် လှပသော အမှတ်တရများ ကျန်ရစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ လှုပ်ရှားမှုများကို ကျောင်းများတွင် မကြာခဏ လာရောက်ကျင်းပခြင်းဖြင့် မြန်မာဆရာများနှင့် ကျောင်းသားများအား “တရုတ်ယဉ်ကျေးမှု” လေ့လာခြင်းမှ အတွေ့အကြုံကောင်းများကို ခံစားရရှိနိုင်စေရန်နှင့် မြန်မာကျောင်းသားများ ယနေ့အခွင့်အရေးကို အမှီပြု၍ ဝေးသထက်ဝေး၊ မြင့်သထက်မြင့်ရာသို့ ပျံသန်းရောက်ရှိနိုင်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
MIEC ကျောင်း၏ အထွေထွေမန်နေဂျာ ဒေါ်ထက်ထက်အောင် (房今今总经理)က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူဆောင်လာသော မှတ်တမ်းရုပ်ရှင်များသည် လက်တွေ့ကျပြီး သရုပ်မှန်ကို ရိုက်ကူးထားသည့်အတွက် ရင်ထဲထိမိခံစားမိစေကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အထွေထွေမန်နေဂျာ ဒေါ်ထက်ထက်အောင်က “ ‘No Child Left Behind’ မှတ်တမ်းရုပ်ရှင်ကနေ ကျွန်မသိရှိလိုက်ရတာက ဆရာများက ကျောင်းသားတွေကို ချစ်ခင်ကြင်နာပေးပြီး လေးစားမှသာ၊ ကျောင်းသားတွေကို မေတ္တာရိပ်အောက်မှာ ရှင်သန်ကြီးပြင်းစေမှသာ ကျောင်းသားတွေရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာမျိုးစေ့ကို ပျိုးထောင်နိုင်မှာဖြစ်တယ်ဆိုတာကိုပါပဲ။ အခုလိုမျိုး အစီအစဉ်ကောင်းတွေကို ယူဆောင်လာပေးတဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှု အစီအစဉ်ကို ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်၍ စောင့်မျှော်ကြည့်ရှုရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။