ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” - သာမန်ဖြစ်ရပ်မှသည် အောင်မြင်မှုပန်းတိုင်ဆီ၊ သူရဲကောင်းဟူသည်ကား သာမန်ပြည်သူအရပ်သား
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို အခြေခံထားသည့် ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား ဩဂုတ်လ (၄)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ စတင်ကျင်းပခဲ့ရာ ပွဲစဉ် (၃)ခု အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး ပါဝင်တက်ရောက်သူတို့၏ နှစ်သက်အားပေးမှုများကို ရရှိခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပသည့် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်သည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Media Group (CMG) တို့ အတူတကွ ပူးပေါင်းကျင်းပသည့် ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” တင်ဆက်ပြသမှုအစီအစဉ်၏ အစိတ်အပိုင်းကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ယင်းအစီအစဉ်သည် ရုပ်ရှင်ကြည့်ရှုခြင်းမှတစ်ဆင့် မိတ်ဆွေဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဖလှယ်ဆက်ဆံမှုတိုးမြှင့်ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ထားပြီး ရုပ်ရှင်ပြသခြင်းနှင့် ယဉ်ကျေးမှုအပြန်အလှန်လှုပ်ရှားမှု ကဏ္ဍ(၂)ခုမှတစ်ဆင့် ဒေသခံပြည်သူများအား တရုတ်ယဉ်ကျေးမှုကို ပိုမိုနားလည်သိရှိ၍ လေ့လာခံစားနိုင်ကာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန် ဖလှယ်ဆက်ဆံရေးနှင့် လေ့လာသင်ယူမှုများ တိုးပွားစေရန် ဖြစ်ပါသည်။ ယခုလက်ရှိတွင် မှတ်တမ်းရုပ်ရှင်အချို့ကို ဤတင်ဆက်ပြသမှုအစီအစဉ်တွင် ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါသည်။
“သာမန်မှသည် အောင်မြင်မှုတစ်ခု ထုဆစ်ဖြစ်တည်လာသကဲ့သို့ သူရဲကောင်းသည်လည်း သာမန်ပြည်သူထဲမှ ထွက်ပေါ်စမြဲပင်။” အန္တရာယ်ကပ်ဆိုးများ ကြုံကြိုက်ရသောအခါ မေတ္တာတရားသည်လည်း ပေါ်လွင်လာမြဲပင်ဖြစ်သည်။ နယ်ပယ်ကဏ္ဍအသီးသီးမှ မိမိတို့၏ လုပ်ငန်းခွင်တာဝန်ကို ကိုယ်စီထမ်းဆောင်နေကြသူများပင်ဖြစ်စေ၊ ရေဘေးဒုက္ခကို ရှေ့တန်းက ဖြေရှင်းရင်ဆိုင်နေရသော သူရဲကောင်းများပင်ဖြစ်စေ အားလုံးတို့သည် ယင်းစိန်ခေါ်မှုကြီးကို ကိုယ်တတ်စွမ်းသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။
ယခုတစ်ပတ်တွင် တရုတ်ပြည်သူများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင်များကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ယင်းတို့သည် အန္တရာယ်ကပ်ဘေး ရင်ဆိုင်တွေ့ကြုံချိန်တွင် ခက်ခဲကြမ်းတမ်းမှုများကို အန်တုကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်တတ်ကြသည်။ ၎င်းမှတ်တမ်းရုပ်ရုပ်များမှ တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှု၊ ချစ်ခြင်းမေတ္တာတရား၊ အကောင်းမြင်ဝါဒရှိမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများကို ထင်ဟပ်ပြသနေပါသည်။
The Travelling Cinema
“လေဟာပြင်ရုပ်ရှင်ဆိုတာ အချိုပွဲတစ်ခုလိုပါပဲ။ ဒါဟာ ခံစားမှုရသကောင်းတစ်မျိုးပဲလေ။ မဖြစ်မနေလိုအပ်တာမျိုး ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ ပွဲလာကြည့်ကြသူရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့လေ။ သူတို့အားလုံး ပျော်ရွှင်ကျေနပ်စွာနဲ့ အိမ်ပြန်သွားကြတယ်။”
၂၀၀၈ ခုနှစ် ဝမ်ချွမ်းငလျင် (Wenchuan) တွင် လူအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူအချို့အား ၎င်းတို့၏ဘဝလမ်းသစ်ကိုလည်း ပြောင်းလဲစေခဲ့သည်။ လော်ချုံး (Luo Cong) သည် ထိုနှစ်ငလျင်ဘေးမှ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးဖြစ်ပြီး ယခင်က ကာတွန်းဆရာနှင့် အိမ်ထောင်ပရိဘောဂဒီဇိုင်းပညာရှင်တစ်ဦးဖြစ်ကာ ဘဝအခြေအနေ အတော်လေးပင် အဆင်ပြေကောင်းမွန်သည်။ ငလျင်ဖြစ်ပွားပြီးနောက်တွင်မူ ဖခင်ဖြစ်သူ၏ သက်ရောက်မှုကြောင့် ရုပ်ရှင်ထုတ်လွှင့်ပြသသူ ပရဟိတသမားတစ်ဦး ဖြစ်လာခဲ့ပြီး နေ့စဉ် နောက်တွဲယာဉ်မောင်းနှင်ရင်း ဝေးလံခေါင်သီသောဒေသများသို့ သွားရောက်ကာ စိုက်ပျိုးမွေးမြူရေးသမားများအား လေဟာပြင်ရုပ်ရှင်ပြသသည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။
ဤအလုပ်၏ဝင်ငွေမှာ အလွန်နည်းပါးသော်လည်း Luo Cong သည် ရုပ်ရှင်ပြသမှုလုပ်ငန်းစဉ်တွင် ပျော်ရွှင်မှု၏အဓိပ္ပာယ်ကို တွေ့ရှိခဲ့သည်။ ကပ်ဘေးဒုက္ခများက သူ့အား မပျော့ညံ့စေခဲ့ပါ။ လူတစ်ဦးနှင့်တစ်ဦးအကြားရှိ မေတ္တာတရားများက သူ့ကို ပို၍ပင်ကြံ့ကြံ့ခိုင် နွေးထွေးစေသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များက အချိန်ကြာမြင့်သည့်တိုင် ပြေပျောက်ရန်မလွယ်ကူကြောင်း ဤဇာတ်လမ်းအကြောင်းအရာမှလည်း တွေ့မြင်စေပါသည်။ ထိုဒဏ်ရာဒဏ်ချက်နှင့် ရှင်သန်နေရသူများကလည်း မိမိနှင့်ပတ်ဝန်းကျင်ရှိသူများအား ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များကို ပေးစွမ်းနိုင်ရန်အတွက် ကိုယ်တတ်စွမ်းသလောက် အားထုတ်စွမ်းဆောင်နေကြသည်။
Facing the Flood
“အခက်အခဲဖြစ်နေတဲ့သူတွေကို အန္တရာယ်ကင်းကင်း ဘေးရှင်းရှင်းနဲ့ အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ကိုပဲ စဉ်းစားနေတာ။ အဲ့ဒါက ကျွန်တော်တို့တွေးနေတဲ့ တစ်ခုတည်းသော ကိစ္စပဲ။”
၂၀၂၀ ခုနှစ်၏ နွေရာသီအချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်း၌ ရေဘေးအန္တရာယ် ကျရောက်ခဲ့ပြီး လူ့အသက်ပေါင်းတစ်ရာကျော်ကို နုတ်ယူခဲ့သော ဤရေဘေးဒုက္ခကို ရှောင်ရှားနိုင်ရန် မိမိတို့၏အိုးအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည့် ဒေသခံပြည်သူ လူပေါင်းသန်းချီရှိသည်။ အန်းဟွေးပြည်နယ် (Anhui) သည် ရေဘေးဒဏ်ခံခဲ့ရသည့် အဆိုးရွားဆုံးသော ဒေသများထဲမှ တစ်ခုဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှု ရပ်တန့်သွားသော်လည်း ယင်းရေကြီးမှုကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် မငြိမ်မသက်မှုများကို ပြန်လည်ကုစားရန် အချိန်အတော်လေးပင် လိုအပ်ပါသည်။
ယင်းမှတ်တမ်းရုပ်ရှင်သည် စေတနာ့ဝန်ထမ်းနှစ်ဦးက ရေကြီးရေလျှံမှုများ အပြင်းထန်ဆုံးအချိန်အတွင်း လှေစီးပြီး ရေဘေးဒုက္ခကြုံတွေ့နေသူများအား မည်ကဲ့သို့ကယ်ဆယ်ခဲ့ပုံများနှင့် အခြားဒေသများသို့ ရေကြီးရေလျှံမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန်အတွက် ၎င်းတို့၏ လယ်ယာမြေများကို အနစ်နာခံစွန့်လွှတ်ပေးခဲ့ကြသော ရွာသားများ၏ အကြောင်းအရာများကို တင်ဆက်ထားပါသည်။ ဤမှတ်တမ်းရုပ်ရှင်တွင် ရေဘေးဒဏ်ကို ရင်ဆိုင်ဖြေရှင်းခဲ့ကြသောစိတ်ဓာတ်နှင့် ၂၀၂၀ ခုနှစ် ရေဘေးဒုက္ခကျရောက်မှုကြောင့် ဖြစ်ပေါ်လာရသော သက်ရောက်မှုများကို တစ်ဦးချင်းစီ၏ အတွေ့အကြုံများမှတစ်ဆင့် ထင်ဟပ်ပေါ်လွင်စွာ တင်ဆက်ပြသထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ထပ်မံကျင်းပသွားမည်ဖြစ်ရာ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook စာမျက်နှာ “Chinese Culture Center Yangon” ၊ WeChat Official Account “cccyangon (仰光中国文化中心)” နှင့် တရုတ်-မြန်မာ နှစ်ဘာသာ ပါဝင်သော စင်တာ၏ Official Website (https://www.yangonchinaculture.org.mm/)သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။