မှတ်တမ်းရုပ်ရှင်ဖြင့် ယဉ်ကျေးမှုဖြန့်ဝေ၊ ယဉ်ကျေးမှုဖြင့် ခံစားချက်မျှဝေ - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ် ဒုတိယပွဲစဉ်
ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ ဒုတိယမြောက်ပွဲစဉ်ကို ဩဂုတ်လ (၁၄)ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။ ယခုတစ်ကြိမ်ပွဲသည် ခရီးသွားခြင်းကို အဓိက အကြောင်းအရာအဖြစ် ထားရှိပြီး “ရုပ်ရှင်ကြည့်ခြင်း + အပြန်အလှန်လှုပ်ရှားမှု” ပုံစံဖြင့် တရုတ်နိုင်ငံမြို့များ၏ စွဲမက်ဖွယ်ထူးခြားချက်များကို ဖော်ပြတင်ဆက်ထားပါသည်။ ဤပွဲစဉ်တွင် မှတ်တမ်းရုပ်ရှင်ကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍ ဟူ၍ နှစ်ပိုင်းခွဲထားပြီး တရုတ်မှတ်တမ်းရုပ်ရှင်ရှုစားခြင်းနှင့် ယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာ ဗဟုသုတ အမေးအဖြေကဏ္ဍများမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုခရီးသွားလာရေးကို အဓိက အခြေခံ၍ ဖော်ပြထားပါသည်။ ရွှင်မြူးပျော်ရွှင်မှုများအကြား မှတ်တမ်းရုပ်ရှင်ရှုစားခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းတို့မှတစ်ဆင့် ခင်မင်ရင်းနှီးမှုဆက်ဆံရေးကို တည်ဆောက်ရယူပြီး မြန်မာပရိသတ်များအား တရုတ်ယဉ်ကျေးမှုကို ပိုမိုလေ့လာသိရှိစေခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ ရွှင်သာ ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဌေး၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း အဦး(၃၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
စင်တာဘက်စုံသုံးခန်းမ (Multi-functional Hall)၌ “Beautiful Myanmar” ၊ “Beautiful China” ၊ “တို့ခေါ်လိုက်ပေါက်ဖော်” စသည့် ဗီဒီယိုများကို ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် တင်ဆက်ထားပြီး စင်တာပြပွဲခန်းမ၌ “Colorful Yunnan of China, Tourism Paradise of the World” ၊ “A Land of Poetry and Dream” ၊ “One Day in Yunnan” စသည့် ခရီးသွားမိတ်ဆက်ဗီဒီယိုများကို ပြသထားပါသည်။ ဤသို့ဖြင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ သဘာဝရှုမျှော်ခင်းများ၊ လူမှုဘဝများနှင့် ရိုးရာမပျက် ချစ်ကြည်ရင်းနှီးမှုများကို တင်ဆက်ဖော်ပြရင်း မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အလှတရားများနှင့် ဆွေမျိုးပေါက်ဖော်သံယောဇဉ်များကို အတူတကွ ဝေမျှခံစားစေခဲ့ပါသည်။
ယဉ်ကျေးမှုသည် ခရီးသွားလာရေး၏ စိတ်ဝိညာဉ်ဖြစ်ပြီး ခရီးသွားလာရေးသည် ယဉ်ကျေးမှု၏ ကြားခံဖြစ်သည်။ ယခုတစ်ခေါက်ပွဲစဉ်တွင် “Beautiful China” ဗီဒီယို၏ လှပသော ပုံရိပ်များနှင့်အတူ အခမ်းအနားအစီအစဉ်ကို စတင်ခဲ့ပါသည်။ ဧည့်ပရိသတ်များသည် “China Untapped:Changsha” နှင့် “Foodwise:Quanzhou” စသည့် ခရီးသွားလာရေးဆိုင်ရာ ပြောင်မြောက်လှသည့် မှတ်တမ်းရုပ်ရှင် (၂)ကားကို ရှုစားခဲ့ကြပါသည်။ ယင်းမှတ်တမ်းရုပ်ရှင်များသည် ချန်ဆားမြို့(Changsha) နှင့် ချွမ်ကျိုးမြို့(Quanzhou)၏ သမိုင်းဝင်အမွေအနှစ်များ၊ မြို့ပြရှုခင်းများနှင့် စားကောင်းသောက်ဖွယ်အစုံအလင်ကို တင်ဆက်ထားပြီး မြို့နှစ်မြို့၏ ယဉ်ကျေးမှုအနှစ်သာရများနှင့် စွဲမက်ဖွယ်များ၊ ဂန္ထဝင်မြောက်မှုနှင့် မျက်မှောက်ခေတ် အလှရသများ ပိုင်ဆိုင်ထားရှိသည့် မြို့ပြအသွင်အပြင်များကို ထင်ရှားပေါ်လွင်စေ၍ ကြည့်ရှုသူပရိသတ်များအား စွဲလန်းတပ်မက်မိစေပါသည်။
မှတ်တမ်းရုပ်ရှင်နှစ်ကားအကြားနှင့် ဒုတိယတစ်ကားပြသမှုအပြီးတွင် စင်တာမှ တရုတ်ခရီးသွားယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများနှင့် တရုတ်စာလုံးဗဟုသုတများကို ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍအသွင်ဖြင့် စီစဉ်ကျင်းပပြီး ဧည့်ပရိသတ်များအား တရုတ်ခရီးသွားလာရေး၏ ယဉ်ကျေးမှုအနှစ်သာရများ၊ တရုတ်ယဉ်ကျေးမှုအသွင်အပြင်နှင့် တရုတ်စာလုံးများ၏ အလှရသများကို လေ့လာသိရှိစေခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူအချင်းချင်း ခင်မင်ရင်းနှီး၍ စာပေယဉ်ကျေးမှုများ အပြန်အလှန် ဆက်စပ်နေပါသည်။ သို့ဖြစ်၍ ရိုးရာမပျက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကာလကြာလေလေ ခိုင်မြဲလေလေ ဖြစ်သည်။ ဗဟုသုတ အမေးအဖြေကဏ္ဍအပြီးတွင် ဧည့်ပရိသတ်များက “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း” အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုခဲ့ကြပြီး စင်တာဝန်ထမ်းတစ်ဦးမှ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသမိုင်းကြောင်းများကို မိတ်ဆက်ပေးခဲ့ပါသည်။ ၎င်းဓာတ်ပုံပြပွဲ ရှင်းပြမိတ်ဆက်ပေးမှုမှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများ၏ ခင်မင်ရင်းနှီး၍ လေးနက်သည့် သံယောဇဉ်နှင့် ရိုးရာမပျက် ချစ်ကြည်ရေးကို ဖော်ထုတ်ပြသခဲ့ပြီး ဧည့်ပရိသတ်များအား မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးသမိုင်းကြောင်းများကို ပိုမိုနားလည်သိရှိစေခဲ့ပါသည်။
ယင်းနောက်တွင် ဧည့်ပရိသတ်များသည် စင်တာစာကြည့်တိုက်သို့ ဝင်ရောက်လေ့လာ၍ အသင်းဝင်ရန် ဖောင်ဖြည့်စာရင်းပေးသွင်းခဲ့ကြပါသည်။ စိတ်ဝင်စားမှုအားကောင်းပြီး စူးစမ်းလေ့လာလိုစိတ် ပြင်းပြကြသော ကျောင်းသူကျောင်းသားများသည် စင်တာဝန်ထမ်း၏ ရှင်းလင်းမိတ်ဆက်မှုများကို နားထောင်အပြီး၌ ယဉ်ကျေးမှုအငွေ့အသက်များ ထုံမွမ်းနေသော စာပေဗဟုသုတပင်လယ်ထဲတွင် စာအုပ်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြပါသည်။
ကျောင်းသား မောင်ဝင်းနိုင်က စာကြည့်တိုက်ကို လေ့လာပြီးနောက်တွင် “ကျွန်တော် အရမ်းစိတ်ဝင်စားနေခဲ့တဲ့ “Compendium of Materia Medica” ကို ခုနလေးက ဖတ်လိုက်ရတယ်။ အံ့မခန်းပါပဲ။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာ အခုလို စာအုပ်ကောင်းတွေ အများကြီးတွေ့တော့ အရမ်းပျော်တယ်။ ” ဟု ပြောကြားခဲ့သည်။
ရွှင်သာ ဘာသာစကားသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးမောင်မောင်ဌေးက “ဒီရုပ်ရှင်ပွဲတော်အစီအစဉ်က ကျောင်းသားတွေကို တရုတ်ယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာ ထူးခြားချက်တွေ၊ စွဲမက်ဖွယ် တရုတ်ရိုးရာယဉ်ကျေးမှုတွေနဲ့ အနီးကပ် တွေ့မြင်ခံစားခွင့်ရစေလို့ အားလုံးက အရမ်းစိတ်ဝင်စားကြတယ်။ ပွဲအစီအစဉ်တွေလည်း အရမ်းကို စုံလင်ပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကနေပြီး ဒီလိုမျိုး အစီအစဉ်တွေကို များများကျင်းပပေးနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က “ပေါင်းသင်းဆက်ဆံရေးဟာ ခင်မင်မှုကို တိုးပွားစေပြီး ယဉ်ကျေးမှုက ရင်းနှီးမှုကို နက်ရှိုင်းစေပါတယ်။ လှုပ်ရှားမှုပွဲ အစီအစဉ်များကျင်းပခြင်းကနေတစ်ဆင့် မြန်မာပရိသတ်များ တရုတ်နိုင်ငံအကြောင်း သိရှိနားလည်စေရန်၊ ကပ်ရောဂါဖြစ်ပွားမှုကြားမှ မြန်မာကျောင်းသားများရဲ့ ပညာလေ့လာမှုကို ပိုမိုပြည့်စုံစေရန်၊ မြန်မာလူငယ်များအား မှတ်တမ်းရုပ်ရှင်နဲ့ တွဲဖက်အစီအစဉ်ကဏ္ဍများကနေတစ်ဆင့် တရုတ်နိုင်ငံရဲ့ သဘာဝရှုခင်း၊ လူမှုဘဝနဲ့ ခေတ်ကာလအသွင်အပြင်တို့ကို လေ့လာသိရှိစေရန်၊ တရုတ်ရိုးရာယဉ်ကျေးမှု အနှစ်သာရများကို ခံစားသိရှိစေရန်၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနဲ့ ရိုးရာမပျက် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာနက်ရှိုင်းစေရန် လုပ်ဆောင်သွားမည်။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ဆက်လက်ကျင်းပပြီး မြန်မာပရိသတ်များအတွက် မှတ်တမ်းရုပ်ရှင် လက်ရာကောင်းများစွာကိုလည်း တင်ဆက်ပြသသွားမည်ဖြစ်သည်။