၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လည်ပတ်သွားလာ ဟယ်နန်တစ်ခွင်မှာ၊ လေ့လာမှတ်သား တရုတ်နိုင်ငံအကြောင်းများ” မဟာတူးမြောင်းကြီးတစ်လျှောက်ရှိမြို့များ ဗီဒီယိုတင်ဆက်မှု - မဟာတူးမြောင်းကြီး
စွေထန်မင်းဆက်ခေတ်ရှိ မဟာတူးမြောင်း (Sui-Tang Grand Canal) သည် စားနပ်ရိက္ခာများ ဘေးကင်းစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတော်မှ ဖောက်လုပ်ပြီး စီမံခန့်ခွဲသည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အကြီးစား ရေအသုံးချမှုလုပ်ငန်းစနစ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စွေထန်မဟာတူးမြောင်းသည် တရုတ်နိုင်ငံမဟာတူးမြောင်းကြီး၏ အရေးပါလှသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အလျောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်းခံခဲ့ရကာ တရုတ်နိုင်ငံ၏ (၄၆)ခုမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့သည်။
စွေထန်မဟာတူးမြောင်း၏ ဖောက်လုပ်သုံးစွဲမှုကြောင့်ပင် တရုတ်ယဉ်ကျေးမှုသည် ပြင်ပကမ္ဘာနှင့် အလွှာပေါင်းစုံရှိ ကျယ်ပြန့်စွာ ဖလှယ်ဆက်ဆံရေးများကို လုပ်ဆောင်နိုင်ခဲ့သည်။ စွေထန်မဟာတူးမြောင်း၏ အချက်အချာမြို့ဖြစ်သော လော့ရန်မြို့ (Luoyang) သည် အာရှအလယ်ပိုင်းနှင့် ဥရောပတိုက်တို့ကို ချိတ်ဆက်ဆက်သွယ်ပေးထားသည့် ပေါင်းကူးတံတားနှင့် ဗဟိုဆုံချက်နေရာတစ်ခု ဖြစ်လာခဲ့ပြီး အရှေ့တိုင်းပိုးလမ်းမကြီး၏ အစပြုရာနေရာ ဖြစ်လာသည်။
လော့ရန်မြို့သည် မဟာတူးမြောင်းကြီးလမ်းကြောင်းတစ်လျှောက်ရှိ အချက်အချာမြို့ ဖြစ်သည့်အလျောက် ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးရှိစွာအသုံးချရေးတို့ကို ပိုမိုအလေးထားဆောင်ရွက်၍ “မဟာတူးမြောင်းကြီး ထိန်းသိမ်းစီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံချက်” စသည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသတ်မှတ်ခဲ့ပြီး စွေထန်မဟာတူးမြောင်း ယဉ်ကျေးမှုပြတိုက်၊ ရိက္ခာသိုလှောင်ခန်းပြတိုက်နှင့် မဟာတူးမြောင်းကြီး အမျိုးသားယဉ်ကျေးမှုဥယျာဉ်တို့ကို တည်ဆောက်ဖွင့်လှစ်ခဲ့ကာ နှစ်ထောင်ချီကြာ သမိုင်းသက်တမ်းရှိ ရှေးဟောင်းမြို့တော်၏ ခမ်းနားထည်ဝါမှုများကို ကမ္ဘာကြီးအား လှစ်ဟပြသပေးသွားမည်ဖြစ်သည်။